Tuesday, May 29, 2007

WorldWarmWater.MOGOK

ကမ္ဘာကြီး ပူနွေးလာမှု၊ လူဦးရေထူထပ်မှုနှင့် ရေအရင်းအမြစ် ပြဿနာ
ကမ္ဘာကြီးသည် လူသားများမပါပဲ ဆက်လက်တည်တံ့နိုင်သည်။ သို့ရာတွင် လူသားများမှာကား ကမ္ဘာကြီးကို မှီခိုအားထားမှု မပါပဲ အသက်ရှင်ရပ်တည်နိုင်သည် မဟုတ်ပေ ဟူ၍ ပညာရှင်တစ်ဦးက ဆိုဖူးသည်။ ဤအဆိုသည် လူသားများအနေဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် မှီတည်နေပုံကို ဖော်ပြနေသည်။ ထို့ပြင် အစဉ်အမြဲ တိုးတက်များပြားလာနေသည့် လူဦးရေက ကမ္ဘာပေါ်တွင် အကန့်အသတ်ဖြင့်သာ ရှိနေသည့် ရေ၊ မြေ၊ သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် ၀န်ပိစေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးရေးသို့ ဦးတည်လျှက် ရှိပါသည်။
ကမ္ဘာပေါ်တွင် နေထိုင်ကြသည့် လူများအနက် လူပေါင်း သန်း(၁၀၀၀)ကျော်သည် သန့်ရှင်းသော ရေကို မရရှိနိုင်ကြပဲ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်အရေအတွက်ဖြစ်သော လူပေါင်း သန်း(၃၀၀၀)သည် မသန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်လျှက်ရှိကြကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ထုတ်ပြန်သော စာရင်းများအရ သိရပါသည်။ အာရှတိုက်မှ ပြည်သူ သန်း(၈၃၀)သည်လည်း အန္တရာယ်ကင်းရှင်းသည့် သောက်သုံးရေ မရရှိရုံမျှ မကပဲ လူသန်းပေါင်း (၂၀၀၀)ကျော်သည် သန့်ရှင်းသောဝန်းကျင် မရှိသည်ကို တွေ့ရပြီး၊ ၄င်းအခြေအနေသည် ဆက်လက် ဆိုးရွားနေဦးမည်ဖြစ်ကြောင်း သိရပါသည်။
မိုးကုတ်မြို့သည် မြစ်များ၊ ချောင်းများနှင့် ဝေးကွာပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၃၈၀၀)ထက်တွင် တည်ရှိသော တောင်ပေါ်မြို့ ဖြစ်ပါသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ဆောင်းရာသီကာလတွင် အိမ်ခေါင်မိုးများပေါ်၌ နှင်းခဲများ အချပ်လိုက် ဖြစ်နေတတ်ပြီး အိမ်ပြင်ရှိ ရေပုံး၊ ရေစည်ပိုင်းများထဲမှ ရေများမှာ အနည်းငယ် ခဲနေတတ်ခဲ့ပါသည်။ ယခုအခါတွင် စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တောများ ပြုန်းတီးလာခြင်း၊ လူနေထူထပ်လာမှုကြောင့် သဘာဝအရင်းအမြစ်များ ပျက်စီးလာခြင်း စသည်တို့ကြောင့် မိုးရာသီကာလတွင် ရေကြီးခြင်း၊ ဆောင်းရာသီကာလများတွင် ယခင်ကလောက် မအေးတော့ခြင်း၊ နွေရာသီတွင် ပူပြင်းလာပြီး ရေရှားပါးလာသဖြင့် အချို့ရပ်ကွက်များတွင် မီးသတ်ကားများဖြင့် ရေဖြန့်ဝေပေးနေရသည်အထိ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာကြရပါသည်။
မိုးကုတ်မြို့ ဒေသခံများ အဓိကအားကိုးနေရသော ရေထွက်စိမ့်စမ်းများ၏ ရေထွက်ရှိမှုပမာဏမှာလည်း တစ်နှစ်ထက်တစ်နှစ် လျှော့ကျလာလျှက် ရှိပါသည်။ လက်ရှိ မိုးကုတ်မြို့၏ ရေဖြန့်ဝေရေးစနစ်မှာ မြို့၏ မြေမျက်နှာသွင်ပြင် အနေအထားအရ မြေပြန့်နည်းပါးပြီး တောင်ပေါ်တွင် တည်ရှိနေသောကြောင့် ရေကို မြင့်မားသော တောင်ကြောများမှတစ်ဆင့် ပိုက်လုံးများဖြင့် သွယ်တန်းပြီး အသုံးချကြရပါသည်။ အ၀ီစိတွင်းများ တူးဖော်ရာတွင်လည်း တောင်ပေါ်ဒေသဖြစ်နေ၍ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သည်ကို တွေ့ရပါသည်။
၁၉၀၅-ခုနှစ် မတိုင်မှီကာလအထိ မိုးကုတ်မြို့တွင် နေထိုင်ကြသော မြို့သူမြို့သားများသည် ရေတွင်းရေကန်နှင့် စိမ့်စမ်းရေတို့မှသာ ရေသွယ်ယူ သုံးစွဲခဲ့ကြသည်။ ထိုစဉ်က Burma Ruby Mines ကျောက်တွင်းကုမ္ပဏီ၏ မိုးကုတ်မြို့လယ် (ယခုလက်ရှိ မြို့လယ်အင်းနေရာ)တွင် ကျောက်မျက်တူးဖော်မှုကြောင့် ရေတွင်းရေကန်တို့ ရေခမ်းခြောက်လာကြသည်။ ထို့ကြောင့် ကုမ္ပဏီမှ အကုန်အကျခံ၍ မြို့၏ အနောက်မြောက်အရပ်ရှိ သဘာဝ ရေဦးရေထွက်ကြီး မှ ရေများကို ပိုက်လိုင်းစနစ်ဖြင့် သွယ်ယူ၍ ရေလှောင်ကန် တည်ဆောက်ကာ မြို့တွင်းသို့ ရေပေးဝေခဲ့ပါသည်။ ထိုစဉ်က မြို့သူမြို့သားတို့အနေဖြင့် အခွန်အခ မပေးရချေ။ ကုမ္ပဏီဖျက်သိမ်းပြီး ၁၉၃၅-ခုနှစ်ကျမှသာ ရေပင်တစ်ပင် (၁၅)ကျပ်၊ အပိုတစ်ပင် ထပ်ယူလျှင် (၁)ကျပ် အခွန်ကောက်ခဲ့ကြောင်းကို မြို့ရေပေးဝေရေးနှင့် ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရှိရပါသည်။
လွတ်လပ်ရေးမရမှီ အင်္ဂလိပ်ခေတ်ကတည်းကပင် မြို့လူထု သောက်သုံးရေဖူလုံစေရန်အတွက် ပရဟိတစိတ်ဓာတ် ထက်သန်ကြသော မြို့မိမြို့ဖများနှင့် ဒေသခံ ငွေကြေးတတ်နိုင်သူများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ ကိုယ်ထူကိုယ်ထ ရေပေးဝေရေးစနစ်ကို ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံပြီး တိုးချဲ့လုပ်ကိုင်ခဲ့ရာ ယနေ့အချိန်ထိ ဖြစ်သည်။ အနာဂတ်ကာလတွင် တိုးတက်လာသော လူဦးရေနှင့်အညီ သောက်သုံးရေ တိုးတက်ရရှိလာစေရန် နည်းလမ်းများ ရှာဖွေခြင်း၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ ရေကြည်ချောင်းများကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းတို့ကို ခေတ်မှီကိရိယာများ အကူအညီဖြင့် ဆောင်ရွက်လျှက် ရှိပါသည်။
၁၉၈၈-ခုနှစ်နောက်ပိုင်း ကျောက်မျက်ဖက်စပ်လုပ်ကွက်များ ပေါ်ပေါက်လာပြီး ကျောက်လုပ်ငန်း လာရောက်လုပ်ကိုင်သူ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ အခြေချနေထိုင်လာကြသူများ တိုးပွားလာသောကြောင့် ယခုအခါ မိုးကုတ်မြို့၏ လူဦးရေမှာ အမြဲတမ်းနေထိုင်သူ နှစ်သိန်းခန့်ထိ တိုးတက်များပြားလာခဲ့ပါသည်။ လုပ်ငန်းများ စည်ပင်ချိန်ကာလ၌ အမြဲတမ်းနေထိုင်သူများအပြင် ခေတ္တလာရောက် လုပ်ငန်းလုပ်ကိုင်သူ (Floating Population) များကိုပါ ထည့်တွက်ပါက လူဦးရေ သုံးသိန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။ မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ လူနေအိမ်ယာများ တိုးပွားလာခြင်းတို့ကြောင့် ရေအသုံးချမှုနှင့် ရေအရင်းအမြစ်ရရှိမှုအချိုးကွာဟချက်မှာ တဖြည်းဖြည်း ကြီးထွားလာခဲ့ရပါသည်။
တစ်ဖက်တွင်လည်း ဒေသခံများအနေဖြင့် သစ်တောပြုန်းတီးနေသော်လည်း သစ်ပင်စိုက်ပျိုးသည့် အလေ့အထမရှိခြင်း၊ တောင်ကမ်းပါးယံများ ဖြိုချနေမှုကြောင့် ရေထိမ်းသိမ်းဧရိယာ နည်းပါး၍ စိမ့်စမ်းရေများ ခမ်းခြောက်လာရခြင်း၊ ကျောက်မျက်လုပ်ကွက်များမှလည်း သဘာဝရေထွက်များကို ခွဲဝေသုံးစွဲနေခြင်းနှင့် လုပ်ကွက်များမှ စွန့်ပစ်လာသော ရေများကြောင့် ရေအရည်အသွေးကို ထိခိုက်လာခြင်းတို့ကိုလည်း တွေ့မြင်လာကြရပါသည်။ ကျောက်မျက်ဖက်စပ် လုပ်ငန်းရှင်များနှင့် ဒေသခံရွာ၏ ရေသုံးစွဲသူများအကြား ရေပြဿနာများလည်း မကြာခဏ ပေါ်ပေါက်လျှက်ရှိသည်။
အထက်ပါအချက်များကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနများကလည်း နှစ်စဉ် ရေနီမြောင်း(ကျောက်မျက်လုပ်ကွက်များမှ သုံးစွဲပြီးထွက်လာသောရေမြောင်း) များကို ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ သစ်တောများကို မပျက်စီးအောင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ လုပ်ကွက်များမှ ထွက်ရှိလာသော ရေများကို တိုက်ရိုက်မစွန့်ပစ်စေပဲ ရေစစ်ကန်များ ထားရှိကာ စွန့်ပစ်စေခြင်း တို့ကို ကြပ်မတ်ဆောင်ရွက်လျှက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မျက်ဖက်စပ် လုပ်ငန်းရှင်များဘက်ကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဖြေရှင်းမှသာလျှင် ရေသယံဇာတ အရင်းအမြစ် ပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်းတို့ကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
မြို့ရေပေးဝေရေးနှင့်ထိန်းသိမ်းကြီးကြပ်မှုကော်မတီ၏ ရေအရင်းအမြစ်ဆိုင်ရာ ကွင်းဆင်း သုတေသနပြု တွေ့ရှိချက်များအရ မိုးကုတ်မြို့နေ ပြည်သူလူထုသည် သဘာဝမိခင်၏ အလွန်အဖိုးထိုက်တန်သော လက်ဆောင်မွန်ဖြစ်သည့် ရေဦးရေထွက်များကို လက်ခံရရှိထားပြီး ၄င်းရေထွက်များသည် အလွန်ကံကောင်းစွာဖြင့် မြို့နေရပ်ကွက်များထက် မြင့်မားသော နေရာများတွင် တည်ရှိနေကြောင်း၊ ရေထွက်များမှ ရေများသည် သဘာဝကျောက်ကြိုကျောက်ကြားမှ သန့်ရှင်းကြည်လင်သည့်ရေ (Safe & Clean Natural Mountain Spring Water) ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဘေးကင်းသန့်ရှင်းသော သောက်ရေကြည်သန့် ဖြစ်နိုင်ပါလျှက် သဘာဝကြောင့်လည်းကောင်း၊ လူတို့၏ ပယောဂကြောင့်လည်းကောင်း၊ အချို့နေရာများတွင် နောက်ကျိညစ်ပတ်နေရသည်ကို တွေ့ရှိရကြောင်း၊ သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း ပြုလုပ်နိုင်ပါက လက်ရှိဖြန့်ဖြူးနေသော ရေပမာဏထက် သုံးဆခန့် တိုးတက်ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်းကို ရေကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာစောနောင်ဦးမှ မိုးကုတ်မီဒီယာသို့ ပြောကြားသည်။
ရေအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်မှာ လူသားတိုင်းတွင် တာဝန်ရှိပါသည်။ လူ့ပယောဂကြောင့် ပျက်စီးပျောက်ကွယ်ခဲ့ပါက ဒေါ်လာ သန်းထောင်ပေါင်းများစွာဖြင့် ပြန်လည်ဝယ်ယူ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လက်ရှိအခြေအနေတွင် ရေအရင်းအမြစ်များကို မထိန်းသိမ်းနိုင်ခဲ့လျှင် နောင်မျိုးဆက်အတွက် ရေအခက်အခဲ ဖြစ်ပေါ်လာနိုင်ပြီး မိုးကုတ်ရတနာမြေကဲ့သို့ တောင်ပေါ်ဒေသတွင် ပတ္တမြားကိုမလို၊ ရေကိုသာလိုသည် ဟူ၍ ကြွေးကြော်နေရပေလိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
S.T.A


4 comments:

ကလိုစေးထူး said...

မိုးကုတ်မီဒီယာဆိုတော့ တယောက်တည်းက ရေးတာ မဟုတ်လောက်ဘူးလို့ ခန့်မှန်းမိပါတယ်။ မိုးကုတ်နဲ့ ပတ်သက်တဲ့ ရတနာတွေ အကြောင်း၊ ရတနာမြေက လူတွေရဲ့ နေထိုင်ရုန်းကန်ရမှု ပုံရိပ်တွေအကြောင်း ဖတ်ချင်ပါတယ်လို့ တောင်းဆိုပါတယ်။ :)

:) said...

၁။ အရေးအသားတွေ ကောင်းတယ်။

၂။ သဘာဝပတ်ဝန်းကျင်အကြောင်း ရွေးချယ်တာလည်း သဘောကျတယ်။

၃။ ဓာတ်ပုံ၊ သရုပ်ဖော်ပုံမပါတဲ့ ဘလော့ဂ်၊ အင်တာနက်ဝက်ဆိုက်ဆိုရင် မျက်စိပသာဒသိပ်မဖြစ်။

၎။ ပုံမပါတဲ့ဆောင်းပါးဆိုလည်း ဆွဲဆောင်နိုင်အား နည်း။

၅။ ပုံတွေထည့်လာလို့  သဘောကျသဗျာ။ ပုံစာတွေထည့်ထားပေမယ့်ဖတ်မရ။ လေးထောင့်တွေပဲ တွေ့နေရ။


ထာပွဲလို့  ပြောကြတဲ့ ကျောက်မျက်ဈေးကို ငှက်တစ်ကောင်ရဲ့  အနေအထားကနေ ရိုက်ထားတာ အဲဒီမြင်ကွင်းက ကြည့်လို့  ကောင်းသဗျာ။

၆။ ကျနော်လည်း မိုးကုတ်သားတစ်ယောက် ဆိုပါစို။့ ကျနော့မိဘများက လူ့ဘောင်သစ်ပါတီရုံးဖွင့်ခဲ့ဖူးတဲ့အိမ်မှာ အိမ်ငှားဘ၀နဲ့ နေကြတုန်း ကျနော့ကို မွေးသတဲ့။ ၁၉၇၀ ၀န်းကျင်ကာလ။ လူ့ဘောင်သစ်ပါတီဆိုတာ အဲဒီတုန်းက ဘယ်ရှိပါ့မလဲ။ အဲဒီပါတီက ၁၉၈၈ဖွား။ ရပ်ကွက်နာမည်မမှတ်မိလို့  အဲဒီပါတီရုံးဖွင့်ခဲ့ဖူးတဲ့အိမ် လို့  ဆိုရတာပါ။

၇။ အရွယ်ရောက်လာချိန် မိုးကုတ်ကို ယာယီသွားနေတယ်။ ကျောက်တူးသမား ဖြစ်ခဲ့တယ်။ ပင့်ကူတောင်၊ ကျောက်ပြသာဒ် ခိုးတွင်းတွေ ရောက်ဖူး လုပ်ဖူးပ။ ဘာမှမရသလောက်ပဲ။ ကျပ်သုံးရာကျော်လောက်ပဲရတာ။ ရယ်စရာ။
အချိန်က ၁၉၉၀ ၀န်းကျင်ဗျာ။ ဆက်ဒမ်ဟူစိန်က ကူဝိတ်ကို ၀င်သိမ်းတဲ့အချိန်။ ဗီဒီယိုရုံတွေမှာ ဇာတ်လမ်းပြီးရင်လည်း မြန်မာ့ရုပ်သံကလာတဲ့ ပင်လယ်ကွေ့  စစ်ပွဲသတင်းတိုတွေကို ကြည့်ပြီးမှ ထပြန်ကြ။
လက်ဘက်ရည်ဆိုင်တွေရောက်ရင် ထူးအိမ်သင်ရဲ့  ရာဇ၀င်ထဲကသတို့သမီး သီချင်းသံ ကြားရတဲ့အချိန်။

၈။ဗဟိုရုပ်ရှင်ရုံနား အိမ်ဝင်းတစ်ခုထဲ လေးပင်တွင်းတစ်ခု လုပ်ဖူး။ ရောင်းစားလို့  ရတဲ့ကျောက် မရခဲ့။း(

၉။ မိုးကုတ်မီဒီယာ ဘလော့ဂ်ကိုဖတ်ပြီး သတိရတာလေးတွေ ရေးလိုက်ခြင်းပါ။

၁၀။ ငယ်စဉ်က အကြောင်း ရေးဖို့  စဉ်းစားနေတာ ကြာလှပေါ့။ ခုတော့ နည်းနည်းတို့လိုက်ပါပြီ။

ဇာနည်ဝင်း
ဇွန် ၁၆၊ ၂၀၀၇

မိုးကုတ်မီဒီယာ said...

ကိုကလိုစေးထူး..
ကျနော်တို့ မီဒီယာအဖွဲ့စာရင်းကို ရှေ့မှာ တင်ထားပါတယ်။
ကိုကလိုစေးထူး သိချင်တဲ့ အကြောင်းအရာတွေ နောက်တော့ ကျနော်တို့ တင်ပြပါ့မယ်။ အစ်ကို့ရဲ့ ဘလော့ဂ်ကိုလဲ
ကျနော်တို့ လာလည်နေကျပါ..။ ကျနော်တို့ သဘောကျပါတယ်..။

မိုးကုတ်မီဒီယာ said...

ကိုဇာနည်ဝင်း..
အခုလို ကျနော်တို့ရဲ့ မိုးကုတ်မီဒီယာအပေါ် စိတ်ဝင်တစား ရေးလာတဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။
ကျနော်တို့ရဲ့ မီဒီယာကို ဒီထက် အများကြီး စုံလင်အောင် ကြိုးစားနေပါတယ်။
မိုးကုတ်ကို နောက်တစ်ခေါက် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။