Showing posts with label Literature. Show all posts
Showing posts with label Literature. Show all posts

Saturday, December 13, 2008

တတိယအကြိမ် သဟာယစာပေဆုအား တိုးချဲ့ချီးမြှင့်ခြင်း

သဟာယစာပေဆုကို ယခင်နှစ်များက တစ်နှစ်လျှင် ဆုတစ်ဆုစီသာ ချီးမြှင့်ခဲ့သော်လည်း ယခု တတိယအကြိမ်မြောက် သဟာယစာပေဆုတွင် ဆုနှစ်ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ တတိယအကြိမ် သဟာယစာပေဆုကို အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အား ပေးအပ်ချီးမြှင့်မည်ဖြစ်သည့်အကြောင်း ဆုရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုထပ်မံ၍ တိုးချဲ့ချီးမြှင့်မည့် သဟာယစာပေဆုကိုမူ စာရေးဆရာမ ဂျူး သူ မင်းကို ဘယ်တော့မှ… ဆိုသည့် စာအုပ်အား ရွေးချယ်လိုက်သည့်အကြောင်း ဆုရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါသည်။ ဆုရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်တွင် ၄င်းစာအုပ်နှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ… စာရေးဆရာ၏ ရှုထောင့်မှနေ၍ လက်ရှိကြုံတွေ့နေရသည့် မျက်မှောက်လူမှုဘ၀ အကျပ်အတည်း အနေအထားကို ၄င်း၏ ကလောင်စွမ်းဖြင့် ခြယ်မှုန်းပြသနိုင်သည်ဟု ယူဆသည့်အတွက် ရွေးချယ်ရခြင်းဖြစ်သည် ဟု ပါရှိသည်။




ဂျူး Profile
အမည်ရင်း တင်တင်ဝင်း၊ ၁၉၅၈ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် မကွေးတိုင်း ရေနံချောင်းမြို့၌ ဖွားမြင်ခဲ့။ မွေးချင်း (၅)ယောက်တွင် အလတ်ဖြစ်၊ မန္တလေး ဆေးတက္ကသိုလ်မှ ၁၉၈၃-ခုနှစ်တွင် ဆရာဝန်ဘွဲ့ (M.B.B.S) ရရှိခဲ့။ ပထမဆုံးဝတ္ထုမှာ သက်ငင်ချစ် (၁၉၈၁-ခု ဇွန်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် ဖော်ပြခံရ)၊ ပထမဆုံးလုံးချင်းဝတ္ထု စာအုပ်မှာ အမှတ်တရ (၁၉၈၇) ဖြစ်သည်။

ဂျူးသည် ကျောင်းနေစဉ်ကာလကပင် မိခင်၏စေ့ဆော်မှုဖြင့် စာရေးဆရာ ဓူဝံမာလာဝတ္ထုရှည် ကိုစတင်ဖတ်ရင်း စာရေးဆရာဖြစ်ချင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အခါတွင်လည်း မိခင်၏တိုက်တွန်းချက်ကြောင့်ပင် ဆေးတက္ကသိုလ်သို. တက်ရောက်သင်ကြားခဲ့သည်။ ရေနံချောင်းဒေသကောလိပ် နှစ်လည်မဂ္ဂဇင်းတွင် ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့ ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားဖော်ပြခံရသည်။ မန္တလေးဆေးတက္ကသိုလ် မဂ္ဂဇင်းတွင်လည်း ၀တ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရှုမ၀ရုပ်စုံမဂ္ဂဇင်း၊ ချစ်ကိုယ်တွေ.ကဏ္ဍတွင် သက်ငင်ချစ် ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားပြီး မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ခြေချလာသည်။ ရှုမ၀ရုပ်စုံမဂ္ဂဇင်း၌ ကဗျာ၊ ၀တ္ထုတိုများရေးသားဖွဲ.ဆိုလာရင်း မျိုးဆက်သစ် အမျိုးသမီးစာရေးဆရာအဖြစ် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူဘ၀မှာပင် ထင်ရှားလာသည်။ နောက် ပေဖူးလွှာမဂ္ဂဇင်းတွင်လည်း ၀တ္ထုတိုများနှင့် မဂ္ဂဇင်းဝတ္ထုရှည်(အမှတ်တရ) စာပေလက်ရာများဖြင့် ကျော်ကြားလာခဲ့သည်။ ဒဂုန်၊ စံပယ်ဖြူ၊ ချယ်ရီ၊ မဟေသီ၊ ကလျာ၊ ဟန်သစ် မဂ္ဂဇင်းများတွင် ၀တ္ထုတိုလက်ရာများအပြင် စာပေဆောင်းပါးများ၊ ရုပ်ရှင်ခံစားမှုဆောင်းပါးများ ရေးသားတင်ပြခဲ့သည်။

ပထမဆုံးလုံးချင်းဝတ္ထု စာအုပ်ထွက်ပြီးနောက်ပိုင်း ဆက်လက်ရေးသားထုတ်ဝေလာသော လုံးချင်းဝတ္ထုများမှာလည်း ထင်ရှားအောင်မြင်ခဲ့သည်။ ကြာတော့သည်လည်းမောင့်စကား (၁၉၈၆)၊ ကြေမွသွားသောတိမ်တိုက်များအကြောင်း (၁၉၉၁)၊ မရှိမဖြစ်မိုး (၁၉၉၂)၊ မြစ်တို့၏မာယာ ၊ နံရံ၏အခြားတစ်ဖက်မှာ (၁၉၉၃)၊ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက် (၁၉၉၄)၊ ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉၉၅)၊ ပင်လယ်နှင့်တူသော မိန်းမများ (၁၉၉၆)၊ မြစ်တို့၏မာယာ (၁၉၉၉)၊ ကျွန်မ၏သစ်ပင် (၁၉၉၇)၊ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ (၁၉၈၀)၊ ချစ်သူလေလား... စကားတစ်ပွင့် ပွင့်ခဲ့တယ် (၂၀၀၃)၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ လရောင်အောက်ဖက် မိုင်အဝေးမှာ ၊ တိမ်နှင့်ချည်တဲ့ကြိုး ၊ စောင့်နေမယ်လို့ မပြောလိုက်ဖူး၊ ကြယ်ကြွေတို့ရဲ့ အတောင်ပံ စသဖြင့်… ။

ဝတ္ထုတို လုံးချင်းစာအုပ် ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉၈၈)၊ ကောင်းကင်မပါသောညနှင့် အခြားဝတ္ထုတိုများ (၁၉၉၁) စသဖြင့်… ။


ဂျူး၏ အမှတ်တရ လုံးချင်းဝတ္ထုသည် မြန်မာစာပေလောကအတွင်း အဝေဖန်ခံရဆုံးသော စာပေလက်ရာဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ပြောစမှတ်ပြုခံရသော ၀တ္ထုရှည်လက်ရာများဖြင့် သုံးသပ်ဖော်ကြူးခံရသည်။ ဥပမာ- မလိခ၏ မြန်မာဝတ္ထုအညွှန်းတွင် ပင်လယ်နှင့်တူသောမိန်းမ အား အကောင်းဆုံးလက်ရာ (Masterpiece) အဖြစ် ညွှန်းဆိုဖော်ပြထားသည်။ လုံးချင်းဝတ္ထုရှည်များသည်လည်း ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်းခံရသည်။

ဂျူးသည် ၀တ္ထုရေးဆရာမ (Novelist) စစ်စစ် ဖြစ်ပါသည်။ ၀တ္ထုတို၊ ၀တ္ထုလတ် (Novelette)၊ မဂ္ဂဇင်း ၀တ္ထုရှည်များနှင့် လုံးချင်းဝတ္ထုရှည်များ တခုတ်တရ ရေးသားတင်ဆက်နေသူပင်။ ထို့ပြင် ကလျာမဂ္ဂဇင်းတွင် ကျွန်မဖတ်ခဲ့သောစာအုပ်များ (လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်) ဆောင်းပါးများနှင့် ဟန်သစ်မဂ္ဂဇင်းမှ ဗွီဒီယိုရုပ်ရှင်ခံစားမှု ( မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်း အမည်ဖြင့် လုံးချင်းစာအုပ် ထုတ်ဝေခဲ့သည်)၊ ဂျူး၏ ဆောင်းပါးများသည် စာဖတ်ပရိသတ် မပြတ် ဖတ်ခဲ့ရသော ဆောင်းပါးလက်ရာ များဖြစ်ခဲ့သည်။ ယခု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးလက်ရာများ ရေးသားလျှက် ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးဆိုင်ရာပြဿနာ၊ နိုင်ငံတကာရေးရာ၊ မြို့ပြရေးရာဆိုင်ရာ ဆောင်းပါးများ ရေးသားနေရာ စာဖတ်ပရိသတ်များ အဆက်မပြတ် ဖတ်နေရဆဲဖြစ်သည်။ ဥပမာ- အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ၊ ကျွန်မချစ်သောမြို့ စသဖြင့် လုံးချင်းစာအုပ်များအဖြစ် ထုတ်ဝေလျှက်ရှိသည်။

ထင်ရှားသောဆောင်းပါးလက်ရာ စာအုပ်များအနက် မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်းမှ အော်လန်ဒို ရုပ်ရှင်ခံစားမှု ဆောင်းပါးတွင် (အော်လန်ဒိုကို ကြည့်ပြီးသည့်အခါ ကဗျာတစ်ပုဒ်၏ လှပမှုကို ရလိုက်သည်။ စိတ်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ရလိုက်သည်။ မိန်းမ-ယောက်ျားဟူသော သတ်မှတ်ချက်ထက် လူသားဟူသော ပေါင်းစည်းမှုကို တွေ့ရသည်) ဟု ရုပ်ရှင်ကားအပေါ် ခံစားတင်ပြခဲ့ပါသည်။

အခြား စာရေးဆရာ ဆရာမများနှင့် တွဲဖက်၍ ၀တ္ထုစာစဉ်များတွင်လည်း ပါဝင်ရေးသားခဲ့သည်။ ဥတ္တရလမင်း ခံစားသူအကြိုက် ၀တ္ထုတိုများ၊ မြန်မာဝတ္ထုတိုအဖွင့်၊ ရာစုသစ်သို့ ပျံသန်းခြင်း၊ နားကြပ်ကိုကိုင် ကလောင်ကို ကိုင်ဆွဲ၊ ပန်းတို့ရဲ့ရနဲ့၊ မြန်မာဝတ္တုတို (၂၀၀၁-၂၀၀၅)၊ အခြားစာစဉ်များတွင်လည်း ပါဝင်ရေးသားသည်။

ထို့ပြင် ဂျူး၏ ရေမျောသီး ၀တ္ထုတိုကို အဆိုတော် ဟေမာနေ၀င်း ကလည်းကောင်း၊ မြရဲ့လ ၀တ္ထုတိုကို အဆိုတော် ထူးအိမ်သင် ကလည်းကောင်း ဖတ်ကြားအသံသွင်းကာ တိတ်ခွေအဖြစ် (၁၉၉၇)တွင် ဖြန့်ချီခဲ့ပါသည်။

ဝတ္ထုရေးဆရာမ (Novelist) အဖြစ် မြန်မာစာပေလောကတွင် ထင်ရှားအောင်မြင်နေသော ဂျူး၏ စာရေးဆရာမ ဘ၀အတွေ့အကြုံများမှာ စိတ်ဝင်စားစရာပင်။

ကျွန်မ ကြည်အေးရဲ့ ၀တ္ထု ကဗျာ တော်တော်များများကို သဘောကျတယ်။ တစ်ခါတလေမှာ (Style) ချင်း သွားတူတာကို ကျွန်မကိုယ်တိုင်လည်း သတိထားမိလိုက်တယ်။ အခုနောက်ပိုင်း ကျွန်မရဲ့ ၀တ္ထုတွေမှာ ကြည်အေးရဲ့ (Style) နဲ့ လုံးဝကင်းရှင်းပြီး သီးသန့်ဖြစ်အောင် ကြိုးစားနေပါတယ်
ကျွန်မဟာ စာမရေးဘဲ မနေနိုင်လို့ ရေးတာပါ။ ကျွန်မရဲ့ဦးနှောက်ကို အလိုလိုက်တဲ့ လက်ရဲ့ ဖန်တီးမှုသက်သက်သာ ဖြစ်ပါတယ်လို့ ကျွန်မရေးခဲ့ပါတယ်။ ဒါ ကျွန်မရဲ့ ရိုးသားပွင့်လင်းစွာ ၀န်ခံမှုပါ။

ဂျုး သည် နိုင်ဝင်းဆွေ နွေတစ်ည လုံးချင်းဝတ္ထုကို နှစ်ခြိုက်သလို ဖြစ်တည်မှုပဓာနစာရေးဆရာ ဖရန့်ကာဖကာ (Frank Kafka) ၀တ္ထုတိုများကိုလည်း နှစ်ခြိုက်သူဖြစ်သည်။

ဂျူးနှင့်ပတ်သက်၍ စာဖတ်ပရိသတ်တစ်ဦးဖြစ်သော အင်န်ဂျီအို အဖွဲ့တစ်ဖွဲ့မှ သားသည်မိခင်တစ်ဦးက ဤသို့ သုံးသပ်ခဲ့ကြောင်း စောကျော်မြတ်ငြိမ်း ၏ မြန်မာလူမှုရှုခင်း (ဂျူးကို သူ၏ ပရိသတ်တွေ ဘယ်လိုသဘောထားကြသလဲ ဆောင်းပါး၊ သင့်ဘ၀မဂ္ဂဇင်း၊ ၁၉၉၉-ခုနှစ် အမှတ်(၁၁)တွင်) ကျွန်မကတော့ ဂျူးရဲ့စာတွေကို ဖတ်သင့်တယ် ထင်လို့ ဖတ်နေတယ်။ သူ့ရဲ့ဝတ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးအားလုံးကို ဖတ်တယ်။ ကျွန်မနဲ့ သဘောထားချင်း မတိုက်ဆိုင်တာ တစ်ခုနှစ်ခုလောက်ကလွဲရင် အများစုကိုတော့ သဘောကျတယ်။ ကျွန်မသဘောမကျတာက သူ့ဝတ္ထုတွေထဲမှာ အတ္တချင်းပြိုင်ကြတာ၊ အဲဒါမျိုးတွေ အများကြီး တွေ့ရတယ်။ ဒီသေးသေးမွှားမွှားအားနည်းချက်ကလွဲရင် ဂျူးဟာ သိပ်ကို ထက်မြက်ပါတယ်။ အနုပညာအား သိပ်ကောင်းတယ်။ သူကောင်းတာတွေက အများကြီးပဲ။ ဥပမာ… ပညာတန်ဖိုးထားတာ… နောက်ပြီး အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားမာန်၊ အတွေးအခေါ်လွတ်လပ်မှု အဲဒါတွေ တင်ပြထားတယ် ဟု ဖတ်ရှုရသည်။

ယခုအခါ ဂျူးသည် စာပေအနုပညာများ ရေးသားဖန်တီးရင်း ဂျူး စာအုပ်တိုက် ကိုထူထောင်ကာ စာအုပ်များ ထုတ်ဝေဖြန့်ချီရင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းတွင် မိသားစု၊ ညီအကိုမောင်နှမများနှင့်အတူ နေထိုင်ကာ စာပေလက်ရာများကို ရေးသားဖန်တီးလျှက် ရှိပါသည်။
STA

ဂျူး Profile မှ အချက်အလက်များကို စံပယ်ဖြူမဂ္ဂဇင်း (အမှတ်၆ ၊ ၂၀၀၈ နိုဝင်ဘာ) တွင်ပါရှိသော လေးကိုတင်၏ ဧရာဝတီရုပ်ပုံလွှာမှ ကူးယူဖော်ပြထားကြောင်း ၀န်ခံပါသည်။

Read More...

Saturday, November 8, 2008

တတိယအကြိမ်မြောက် သဟာယ စာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် သဟာယစာပေဆု ကို ၂၀၀၇-ခုနှစ်တွင် စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၀၉-ခုနှစ်တွင် တတိယအကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ၂၀၀၇-ခု ပထမအကြိမ် သဟာယစာပေဆုကို စာရေးဆရာ ညီပုလေး၏ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်အားလည်းကောင်း၊ ၂၀၀၈-ခု ဒုတိယအကြိမ် သဟာယစာပေဆုကို The Waves မဂ္ဂဇင်းအား လည်းကောင်း ဆုရွေးချယ်ရေးကော်မတီအဖွဲ့က ရွေးချယ်ပြီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ လာမည့် ၂၀၀၉-ခုနှစ် တတိယအကြိမ်မြောက် သဟာယစာပေဆု ကိုတော့ အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ သဟာယစာပေဆုကို နှစ်စဉ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်န၀ါရီလ (၄)ရက်နေ့တွင် အစဉ်အလာအတိုင်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။


အတွေးအမြင်စာစောင်၏ သမိုင်းကြောင်း
အတွေးအမြင် စာစဉ်များသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လစဉ်ထုတ် အတွေးအခေါ်စာစောင် ဖြစ်သည်။ အတွေးအမြင်စာစောင် အမှတ်(၁)ကို ၁၉၈၄-ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့ပါသည်။ အတွေးအမြင်ကို စတင် မွေးဖွားသန့်စင်ခဲ့ကြသူများမှာ မောင်ဝံသ နှင့် မောင်ကောင်းမြင့် တို့ ဖြစ်ကြသည်။ ထို့နောက် အယ်ဒီတာအဖွဲ့တွင် ကြည်သာဦး (မောင်မြင့်ဦး-ညောင်လေးပင်) ပါဝင်လာကာ အတွေးအမြင်ကို ဆက်လက်ထိန်းကျောင်းခဲ့ကြသည်။ နောက်ပိုင်းတွင် သီရိဝံသ၊ ကျော်ကြီး၊ ရဲမြင့်၊ ဇော်ဝင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် ပဲ့ကိုင်လာခဲ့ကြရာ ယခုလက်ရှိ အတွေးအမြင် အုပ်နှစ်ရာမြောက်တွင် အယ်ဒီတာအဖွဲ့ဝင်များမှာ ဦးသိန်းဝင်း၊ သီရိဝံသ၊ လွတ်လပ်စိုး၊ ဦးရဲမြင့်၊ နောင်နောင်စိုး ဟူ၍ စည်စည်ကားကား ပါရှိသည်။
အတွေးအမြင်စာအုပ် စတင် ထုတ်ဝေစဉ်ကတည်းက စီစဉ်သူများ၏ ဦးတည်ချက်တွင် မိမိဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက် ဟူ၍ ပါရှိခဲ့ပါသည်။ အတွေးအမြင်စာစောင်သည် ကနဦးကတည်းကပင် အရုပ်မပါ၊ ပန်းချီ ဓာတ်ပုံတွေမပါ၊ ၀တ္ထုမပါ၊ ကဗျာမပါပဲ အခြားသော ရုပ်စုံမဂ္ဂဇင်းများ စာစောင်များကြားဝယ် နှစ်ကာလရှည်ကြာစွာ ရပ်တည်နေနိုင်ခဲ့ပြီး သီးသန့်စာဖတ်ပရိသတ်များအတွက် သီးသန့်စာစောင်အဖြစ် ရှင်သန်ခဲ့ပါသည်။

အတွေးအမြင်သည် တာထွက်ကောင်းခဲ့ပါသည်။ သီးသန့်စာဖတ်ပရိသတ်ကြီး၏ တစိုက်မတ်မတ် အားပေးမှုကြောင့် အရှိန်ကောင်းလာခဲ့သည်။ အတွေးအမြင် အမှတ်(၂)ကို ပုံနှိပ်နေချိန်တွင် အမှတ်(၁)မှာ လက်ကျန်မရှိအောင် ကုန်သွားခဲ့ရသည်။ နယ်များမှ အမှာစာများ ထပ်မံရောက်ရှိလာ၍ အမှတ်(၁၃) ပုံနှိပ်ပြီးသည့်နောက် အမှတ်(၁)နှင့်(၂)ကို ဒုတိယအကြိမ် ထပ်မံ၍ပုံနှိပ်ခဲ့ရပါသည်။ လုံးချင်းစာအုပ်မဟုတ်သော စာစောင်တစ်ခုကို ဒုတိယအကြိမ်ပုံနှိပ်ရခြင်းမှာ ထိုခေတ် စာနယ်ဇင်းလောက၀ယ် မရှိသလောက်ရှားသည့် ထူးခြားသော ဖြစ်ရပ်တစ်ခုပင်။ အတွေးအမြင်စာစောင် အမှတ်(၁) ထွက်ရှိပြီးနောက် တုံ့ပြန်ရိုက်ခတ်လာသော ဂယက်များကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။

ထိပ်တန်းစာရေးဆရာကြီးများနှင့် ပညာရှင်ကြီးများ၏ ဆောင်းပါးများချည်းသာ သီးသီးသန့်သန့် ဖော်ပြထားခြင်း၊ ဆောင်းပါးများမှာလည်း ပညာတတ်အ၀န်းအ၀ိုင်းကသာ စိတ်ဝင်စားမည့် လေးလေးပင်ပင် အရေးအသားများက အများစုဖြစ်နေခြင်း၊ အရောင်အသွေး အဆင်တန်ဆာ လုံးဝမပါပဲ ဆောင်းပါးခေါင်းစီးများကိုပင် ခဲစာလုံးပွိုင့်များ ကစား၍ ဖော်ပြထားခြင်း၊ စာအုပ်အရွယ်မှာ ပုံမှန်မဂ္ဂဇင်းအရွယ်မဟုတ်ပဲ ၁၀ချိုးဆိုဒ်ဖြစ်ပြီး Reader's Digest ပုံစံအတိုင်း မျက်နှာဖုံးတွင် မာတိကာတင်ထားခြင်း၊ ပန်းချီဆရာကြီး ဦးဘရင်ကလေး ၏ နွဲ့ပျောင်းသော အတွေးအမြင် စာလုံးဒီဇိုင်းကအစ ဆန်းသစ်နေခြင်း စသည့် ထူးခြားချက်များကြောင့် အတွေးအမြင်ဟူသော စာစောင်သစ်ကလေးကို ဆရာမောင်စွမ်းရည် စသည့် စာပေဝေဖန်ရေးဆရာများကပင် ချီးကျူးကြိုဆိုကာ ရေးသားကြလေသည်။

ဆရာကြီးတက်တိုး ကလည်း ယခုလို အတွေးအမြင်စာစောင်မျိုး စောင်ရေ ငါးထောင်ကျော် ထုတ်ဝေဖြန့်ချီနိုင်ပြီဆိုလျှင် မြန်မာနိုင်ငံတွင် ခေတ်ကြီး ပြောင်းလဲတော့မည်ဟု ပြောဝံ့သည် ဟူ၍ စာအုပ်ထွက်ရှိပြီး ငါးအုပ်မြောက်အချိန်က မှတ်ချက်ပြုခဲ့သည်။
အတွေးအမြင်တွင် ဆောင်းပါးချည်းသက်သက်သာ ဖော်ပြခဲ့ရာ စာဖတ်ပရိသတ်အတွက် တခုပ်တရ သိမ်းဆည်းထားရမည့် အဖိုးတန်ဆောင်းပါးများ မြောက်မြားစွာ ပါရှိခဲ့သည်။ အတွေးအမြင်၏ ရှေ့ပိုင်း စာစောင်များတွင် တစ်လလျှင် ဆောင်းပါးပုဒ်ရေ (၃၀)ခန့် ပါရှိသည်။ နောက်ပိုင်းတွင် လစဉ်ဆောင်းပါးပုဒ်ရေ (၄၀)ခန့် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ယခုအုပ်ရေ (၂၀၀)မြောက်ပြည့်သည်အထိ ၂၄-နှစ်တာကာလအတောအတွင်း အတွေးအမြင်ဆောင်းပါးပေါင်း ၆၀၀၀မှ ၈၀၀၀ကြား ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အတွေးအမြင်စာစောင်သည် မူလက ခဲစာလုံး မှုံတိမှုံဝါး၊ စာရွက်စာသား ခပ်ညံ့ညံ့သာ ရှိခဲ့ရာမှ ၁၉၉၃-ခုနှစ် မေလထုတ် (စာစဉ်-၉၀)မှ စတင်၍ ကွန်ပျူတာစာလုံး၊ အော့ဖ်ဆက်ဖြင့် ပြောင်းလဲပုံနှိပ်ခဲ့ပါသည်။ စာရွက်စာသားမှာလည်း ယခင်ကထက် တိုးတက်ကောင်းမွန်လာခဲ့ပြီး အနည်းငယ် ဖြူဖွေးလာခဲ့သည်။

အတွေးအမြင်၏ မူဝါဒ
ရှုထောင့်အသီးသီးမှ အတွေးအမြင်အသီးသီးကို ဖော်ထုတ်ရန်

အတွေးအမြင်၏ ရည်ရွယ်ချက်
တွေးခေါ်မျှော်မြင်ခြင်းကို အလုပ်တစ်ခုဟု ထင်မြင်၍ စဉ်းစားဥာဏ် ရင့်သန်လိုသူများအတွက်
မိမိ၏ဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက်
အလုပ်သုံးပါးအနက် မနောကံအလုပ်ဟု ဆိုအပ်သော စိတ်ကူးခြင်း၊ ဆင်ခြင်စဉ်းစားခြင်းကို အာရုံဝင်စားသူများအတွက်

အတွေးအမြင်၏ အမှတ်တံဆိပ်
အတွေးအမြင်စာစောင်၏ အမှတ်တံဆိပ်လိုဂိုအဖြစ် ကမ္ဘာကျော် ပန်းပုဆရာကြီး Rodin ၏ အတွေးရှင် The Thinker ပန်းပုရုပ်ပုံကို ရွေးချယ်ခဲ့သည်။


အတွေးအမြင်၏ စာလုံးဒီဇိုင်း
အတွေးအမြင်စာစောင်၏ မျက်နှာဖုံးခေါင်းစီး စာလုံးဒီဇိုင်းကို ပန်းချီဆရာကြီး ဦးဘရင်ကလေးက ရေးဆွဲခဲ့သည်။

အတွေးအမြင်နှင့် မှတ်တိုင်များ
အတွေးအမြင် အမှတ်(၁) စာစောင်ကို ၁၉၈၄-ခု အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၅) ငွေရတုစာစောင်ကို ၁၉၈၇-ခု ဇွန်လတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၅၀) ရွှေရတုစာစောင်ကို ၁၉၈၉-ခု ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၇၅) စိန်ရတုစာစောင်ကို ၁၉၉၂-ခု ဇန်န၀ါရီလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၁၀၀) ရာပြည့်စာစောင်ကို ၁၉၉၄-ခု မေလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၀၀)ကို ၂၀၀၈-ခု နိုဝင်ဘာလတွင် ထုတ်ဝေခဲ့

အတွေးအမြင် ရာပြည့်စကား
အတွေးချင်း အမြင်ချင်း တူတာတွေ ရှိကြမည်။ မတူတာတွေ ရှိကြမည်။ ကိုယ့်အတွေး ကိုယ့်အမြင်ကို ဖြောင့်မှန်စွာ တင်ပြခွင့် ရှိရပေမည်။ မတူတာတွေကို ညှိနှိုင်းပြီး အဖြေရှာဖို့ ကြိုးစားကြရပေမည်။ ကမ္ဘာကြီးသည် ဗဟုဝါဒခေတ်သို့ ရောက်နေပေပြီ။ အတွေးအမြင်အသီးသီးကို အပြန်အလှန် လေးစားသမှုဖြင့် ညှိနှိုင်းအဖြေထုတ်သော တိုင်းနိုင်ငံများသည် ငြိမ်းချမ်းသာယာ တိုးတက် စည်ပင်နေကြပေပြီ…. ဟူ၍လည်း အတွေးအမြင်စာစောင်၏ မာလိန်မှူးကြီး ဆရာမောင်ဝံသက အတွေးအမြင်အုပ်တစ်ရာမြောက် စာစောင်တွင် အမှတ်တရ ရေးသားခဲ့သည်။

အတွေးအမြင် အုပ်နှစ်ရာမြောက် ဥဒါန်း
စဉ်းစားဆင်ခြင်ခြင်းသည် လူ၏တန်ဘိုးတစ်ခု ဖြစ်သည်။ လူ၏အရည်အသွေးလည်း ဖြစ်သည်။ လူနှင့်တိရစ္ဆာန်အကြား အဓိက ကွာခြားချက်မှာ လူက စဉ်းစားဆင်ခြင်တတ်ခြင်းဖြစ်သည်။ သို့စဉ်လျှက် စဉ်းစားခြင်းကို အလေ့အကျင့်မလုပ်သော လူမည်ကာမတ္တများစွာ ရှိနေသေးရာ ထိုသူများအား အတွေးအမြင် အပါအ၀င် စာအုပ်စာပေများက စဉ်းစားကြပါ၊ တွေးခေါ်ကြပါ၊ ဆင်ခြင်ကြပါ ဟု အခါမလပ် နှိုးဆော်နေရပေသည်။
လူသည် မစဉ်းစားပဲနေသည့်အကျင့် ကြာမြင့်လာသောအခါ မစဉ်းစားတတ်တော့ချေ။ စဉ်းစားခြင်းသည် မိမိတို့အလုပ်မဟုတ် ဟူ၍ပင် ထင်မြင်လာတတ်ကြသည်။ အချို့ကမူ စဉ်းစားလျှင် ဦးနှောက်ခြောက်လာသည်ဟု ဆိုသည်အထိ လူ၏ အရည်အသွေးများ ပျောက်ပျက်ကုန်တော့သည်။ အတွေးအမြင်စာစောင်သည် အမှတ်(၂၀၀) ပြည့်မြောက်ခဲ့လေပြီ။ အတွေးအမြင်အနေဖြင့် ပိတ်ထားသော အသိဥာဏ်တံခါးများကို အကြိမ်(၂၀၀) ဖွင့်ခဲ့လေပြီ။

အတွေးအမြင်နှင့် ပရိသတ်
တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် ခံယူနှလုံးသွင်းလျှက် စာဖတ်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း အားဖြင့် စဉ်းစားဥာဏ် ရင့်သန်လိုသူများ၏ အစဉ်တစိုက် အားပေးချီးမြှောက်မှုကြောင့် အတွေးအမြင်သည်ကား အရှိန်အဟုန်မပျက် ခရီးဆက်လျှက် ရှိနေပေပြီ။
အတွေးအမြင် စတင်ထုတ်ဝေခဲ့ချိန်မှစ၍ စီစဉ်သူများ၏ ရည်ရွယ်ချက်မှာ တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် လုပ်သည့်အကျင့်ကို အားပေးရန်ဖြစ်သည်။ အတွေးအမြင်သည် အပျင်းပြေ၊ အပျော်ဖတ်စာပေများနှင့် အရောင်အသွေး၊ အမွမ်းအမံ၊ အခြယ်အသများကို နေရာမပေးပဲ စာကောင်းပေမွန်သန့်သန့်ချည်း ဖော်ပြသော စာစောင်အဖြစ် ရပ်တည်နိုင်သည်မှာ အတွေးအမြင်စာစောင်၏ ဦးတည်ချက်ဖြစ်သော စာကို အလေးအနက် ဖတ်၍ အတွေးနက်နက် ဖြန့်ကြက်လိုသူများအတွက် ဆိုသည့် ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်ခြင်းပင် ဖြစ်သည်ဟု မိုးကုတ်မီဒီယာကလည်း ယုံကြည်သည်။
သို့သော်ငြားလည်း အတွေးအမြင်ကို လေးလေးစားစား တန်ဘိုးထားပြီး ဖတ်ရှုအားပေးသူများ ရှိသလို မြန်မာနိုင်ငံတွင် အတွေးအမြင်ဟူသော စာစောင် ထုတ်ဝေခဲ့သည်မှာ သက်တမ်းအားဖြင့် (၂၅)နှစ် တိုင်တော့မည် ဆိုသည့်တိုင် လုံးဝမသိ၊ ကြားတောင် မကြားဖူးဘူး ဆိုသူတွေများကလည်း ဒုနှင့်ဒေးပင်။
အတွေးအမြင်ဟူသော လှေကြီးသည်ကား အတွေးအခေါ်အယူအဆများစွာကို တင်ဆောင်လျှက် လှိုင်းလုံးကြီးများကြားဝယ် မလွန့်မလူး၊ မနစ်မမြုပ် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရွက်လွှင့်နေဆဲ…

အတွေးအမြင်အတွက် မုဒိတာစကား
အတွေးအမြင်သည်ကား အုပ်(၂၀၀)မြောက်ခဲ့လေပြီ။ အတွေးအမြင်၏ တံခါးမှူးကြီးများက အသိဥာဏ်တံခါး အကြိမ်(၂၀၀) ဖွင့်နိုင်ခဲ့ပြီ။ သက်တမ်းအားဖြင့်ဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်နီးပါး တိုင်ခဲ့ပေပြီ။ အတွေးအမြင်၏ ဖွားဖက်တော် ကလေးငယ်တစ်ယောက်သည်ပင်လျှင် ယခုအချိန်တွင် သမ္မတ လုပ်နိုင်လောက်သည့် အရွယ်ပင် ရောက်နေရော့ပြီ။ ယခုလို ထူးခြားသော အခါသမယ၀ယ် အတွေးအမြင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ခဲ့ကြသည့် ဥယျာဉ်မှူးကြီးများ၊ အတွေးအမြင်ကို လှိုင်းထန်လေဒဏ် အကြား မလွန့်မလူး မနစ်မမြှုပ်ရလေအောင် ပဲ့ကိုင်မောင်းနှင်ခဲ့ကြသော မာလိန်မှူးကြီးများ၊ အတွေးအမြင်၏ မူဝါဒများ၊ ရည်ရွယ်ချက်များကို မတိမ်းမစောင်း မယိမ်းမယိုင်ရလေအောင် တည်ဆောက်ခဲ့ကြသော ဗိသုကာကြီးများအား မိုးကုတ်မြို့မှနေ၍ သဟာယစာပေဆုကို ဂုဏ်ယူအပ်နှင်း ချီးမြှင့်ခြင်းခံရသည် ဖြစ်သည့်အတွက် မိုးကုတ်မီဒီယာကလည်း ဤနေရာမှနေ၍ မုဒိတာစကားကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မြွက်ကြား ဖော်ပြအပ်လေသတည်း။




S.T.A

Read More...

Friday, February 22, 2008

ရင်ခုန်သံအတုအယောင် (သို့) အခိုးခံရတဲ့ ပို့စ်ကလေး

ကိုယ့်ရဲ့ ရင်ထဲမှာ မွန်းကျပ်နေတာတွေ၊ အစိုင်အခဲ ဖြစ်နေတာတွေကို ရင်ထဲမှာ မဆန့်တော့လို့ ကိုယ့်နှလုံးသားထဲက ပွင့်အံပြီး ထွက်လာခဲ့ရတဲ့ ခံစားချက်တွေကို ဆောင်းဦးသက်သေ၊ အလွမ်းနေကြာရိုင်း၊ ပတ္တမြားတိုင်းပြည် လို့ ခေါင်းစဉ်တပ်ပြီး အက်ဆေးလေးတစ်ပုဒ် ရေးခဲ့မိပါတယ်။

အဲဒီ အက်ဆေးလေးကိုပဲ ဂျာနယ်တစ်စောင်မှာ တိတ်တခိုးလေး ကူးယူဖော်ပြထားတာကို ဖတ်လိုက်ရတယ် ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က ကျနော့်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော် အရမ်းကို ပျော်သွားမိပါတယ်။ အခုလို အသိအမှတ် ပြုခံရတဲ့အတွက် စိတ်ထဲမှာ အရမ်းကို အားတက်သွားမိတာပေါ့။ ပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ ဘယ်ဂျာနယ်များ ဖြစ်လိမ့်မလဲ ဆိုတာကိုပါ သိချင်စိတ်စောနေမိတယ်လေ…။

အခုခေတ် လူတွေ အများဆုံး ဖတ်နေကြတဲ့ ဆေးရောင်စိုစို၊ ဒီဇိုင်းလှလှ၊ စာရွက်ချောချော၊ အရွယ်ခန့်ခန့် Weekly Eleven တို့လို့ The Myanmar Times တို့လို ဂျာနယ်တွေထဲဖြစ်ရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲ မဆီမဆိုင် ဆုတောင်းနေမိသေးတယ်။ ဒါပေမယ့် ကျနော်ထင်သလို မဖြစ်ခဲ့ပါဘူး။ ကျနော့်အက်ဆေးလေးကို မန္တလေးအခြေစိုက် ထုတ်ဝေနေတဲ့ နန်းမြင့် ဆိုတဲ့ ဂျာနယ်ထဲမှာ နန်းဆန်ဆန်၊ မန်းဆန်ဆန် အိနြေ္ဒကြီးတစ်ခွဲသားနဲ့ တွေ့လိုက်ရတယ်လေ။

ဒီ စပါယ်ရှယ်နန်းမြင့် ဆိုတဲ့ ဂျာနယ်ကြီးကို လိုက်ရှာဝယ်ရတာကလည်း အမောသား…။ ပထမဆုံးဝင်ပြီး မေးမိတဲ့ဆိုင်က နန်းမြင့်ဂျာနယ် မတင်ဘူး လို့ မဆိုင်းမတွ ဖြေပါတယ်။ စိတ်ထဲမှာ ဒီ နန်းမြင့်ဂျာနယ်ကြီးကို ဆိုင်တိုင်း မတင်ရကောင်းလား ဆိုပြီးတော့တောင် ဒေါသထွက်နေမိလိုက်သေးတယ်။ နောက်တစ်ဆိုင် မေးပြန်တဲ့အခါမှာလည်း ဆိုင်ရှင်က ကျနော့်ကို အသက်မပြည့်သေးပဲနဲ့ ညစ်ညမ်းစာပေတွေဖတ်တဲ့ ကောင်ကလေးများလား ဆိုပြီး စူးစမ်းတဲ့အကြည့်နဲ့ မျက်မှောင်ကုပ်ကာ ကြည့်ရင်း ကုန်ပြီ လို့ ၀တ်ကျေတန်းကျေ ပြောပါတယ်။ ပထမဆိုင်ထက်စာရင်တော့ ဒီဆိုင်ကလူ ဖြေတာကို ပိုကျေနပ်မိပါတယ်။ တစ်ဆက်တည်း အရင်ဆိုင်ထက်စာရင် ဒီဆိုင်တော့ ပိုပြီး အဆင့်ရှိလိမ့်မယ် လို့လည်း ခံစားလိုက်ရတယ်။
နောက်ထပ်တစ်ဆိုင် ရောက်တော့မှပဲ နန်းမြင့်ဆိုတဲ့ ဂျာနယ်ကြီးကို ပက်ပင်း သွားတွေ့ပါတော့တယ်။ တစ်ဆိုင်တည်းသော ဆိုင်မှာ တစ်စောင်တည်းသာ တင်ထားတဲ့ ဂျာနယ်တော်ကြီးပါတကား…။ ကျနော်လည်း ဘာမှ တွေဝေမနေတော့ပဲ တခြားသူတွေ ၀ယ်သွားမှာကို စိုးရိမ်တဲ့ စိတ်ကြောင့်ရော၊ နောက်ထပ် နန်းမြင့်ဂျာနယ် တင်တဲ့ ဆိုင်ကို ထပ်ရှာဖို့ ခြေကုန်လက်ပမ်း ကျနေပြီ ဖြစ်တဲ့အတွက်ကြောင့်ရော ကမန်းကတမ်း ၀ယ်ချပစ်လိုက်ပါတော့တယ်။ တန်ဖိုးက လေးရာကျပ် ပါ…။

နောက်တော့ ဒီ စပါယ်ရှယ် နန်းမြင့်ဂျာနယ်ကြီးကို ကြံ့ဖွံ့အသင်းကြီးက ဦးစီးထုတ်ဝေတာလို့ သိရပါတယ်။ ကြံ့ဖွံ့ရဲ့ မွန်မြတ်လှတဲ့ စေတနာတွေကို အများပြည်သူတွေ သိရှိနိုင်ဖို့ ရည်ရွယ်ထုတ်ဝေတာ ဖြစ်မယ်။ ဂျာနယ်အရောင်က မွဲခြောက်ခြောက်ကြီးပေမယ့် အတွင်းက စာလုံးပေါင်းတွေက တော်တော်များများ မှန်တာ တွေ့ရတယ်။ ဂျာနယ်မျက်နှာဖုံးမှာတော့ အင်ဂျင်အဟောင်းတွေကို ရေဆေးသန့်စင်ပြီး တပ်ဆင်ထားတဲ့ ပေပါပြားဘော်ဒီနဲ့ စက်မှုဇုံထုတ် ဂျစ်ကားတစ်စင်းကိုပဲ တွေ့ရတယ်။ မင်းသမီးပုံ လှလှလေးများ ပါလေမလားလို့ ရှာကြည့်တော့လည်း မတွေ့မိပြန်ဘူး။ မိန်းမကို စိတ်နာနေကြတဲ့ သူတွေများ စုပြီး စီစဉ်နေကြသလား ဆိုတာ စိတ်ထဲ သံသယ၀င်မိသေးတယ်။ ပြီးတော့ တောင်ရေး မြောက်ရေး ရေးထားတာဆိုတော့ အပတ်စဉ် ပုံမှန်လေးထွက်ဖို့ အပန်းကြီးလှမယ့်ပုံ မပေါ်ဘူး။

ကျနော်တို့ပို့စ်ကို ကော်ပီလုပ်ပြီး ဖော်ပြထားတဲ့ ကလောင်ရှင်နာမည်က သာကီနွယ် တဲ့။ လူကြီးလူကောင်း ဖြစ်ပုံရပါတယ်။ သာကီနွယ် ဆိုတာ မြင့်မြတ်တဲ့ အမျိုးအနွယ် လို့ အဓိပ္ပါယ်ရတယ် မဟုတ်လား။ သူ ဒီလို ကော်ပီ လုပ်ထားတာကိုလည်း လိပ်ပြာသန့်ပုံ ရပါတယ်။ ဘယ်ကနေ ဘယ်လိုယူပြီး ဘယ်သို့ ကိုးကားတယ်ဆိုတာလေးတောင် ထည့်မထားပုံထောက်ရင် ကျနော်တို့တွေ စေတနာ ရက်ရက်ရောရော ရှိလိမ့်မယ်ဆိုတာကို ကြိုသိပုံရပါတယ်။ ဒါကြောင့် ဒီ ပို့စ်ကလေးကို ကလောင်နာမည် ပြောင်းလိုက်တာကလွှဲပြီး ဘာမှ ပြုပြင်မနေတော့ပဲ ၏၊ သည် ... မရွေး ဖော်ပြထားတာပေါ့။ ဒီအတွက် ကျနော်တို့က စိတ်မဆိုးတဲ့အပြင် ၀မ်းတောင် သာသေးတယ်။
ဟုတ်တယ်လေ…။ တကယ်ဆိုရင် ကော်ပီလုပ်တယ်ဆိုတာ မူရင်းအဓိပ္ပါယ်နဲ့ မူရင်းအရသာ မပျက်စေဖို့ အဓိက အကျဆုံးပဲ မဟုတ်လား။ မူရင်း အင်္ဂလိပ်သီချင်းမှာ နားထောင်တဲ့သူကို လွမ်းဆွေးနေစေပြီး၊ ဗမာလို ပြန်ဆိုတဲ့ အခါကျတော့ နားထောင်ရတာ ပျော်စရာ ကောင်းနေတယ်ဆိုရင် သိပ်မနိပ်ပေဘူးပေါ့။ ဒီနေရာမှာတော့ သာကီနွယ် ကိုချီးကျူးရမှာပါ။ မူရင်း အရသာမပျက်စေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ခက်တာက မူရင်း ဗမာလိုရေးထားတာကို ဗမာလို ပြန်ဖော်ပြထားတာလေး တစ်ခုပဲ ပြောစရာ ရှိတာပါ။

ဘာပဲဖြစ်ဖြစ်လေ…။ ကျနော်တို့ကတော့ နန်းမြင့် ဂျာနယ်ကိုရော၊ သာကီနွယ် ကိုပါ ကျေးဇူးတင်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ရဲ့ ပေါ်လစီကိုက ကျနော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျတွေကို လူတွေသိလေ ပိုကောင်းလေ လို့ ကျနော်တို့က ခံယူထားတဲ့ အတွက်ကြောင့်ပါပဲ။ ဒီအတွက် ကျနော်တို့ရဲ့ ဘလော့မှာ အမှတ်တရအဖြစ် မှတ်တမ်းတင် ဖော်ပြလိုက်ရတာဖြစ်ပါတယ်…။

S.T.A

Read More...

Tuesday, January 15, 2008

Literary Award

ဒုတိယအကြိမ်မြောက် သဟာယစာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မ ရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် ဒုတိယအကြိမ်မြောက် သဟာယစာပေဆု ကို THE WAVES မဂ္ဂဇင်းအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယခင်က… စာပေဆုများ ပေးအပ်ချီးမြှင့်ကြရာတွင် စာရေးဆရာ လူပုဂ္ဂိုလ် ကိုသော်လည်းကောင်း၊ ၄င်း၏ လက်ရာမြောက် စာအုပ်ကိုသော်လည်းကောင်း ရွေးချယ်ချီးမြှင့်ခဲ့ကြသည့် အစဉ်အလာ ရှိခဲ့သော်ငြားလည်း ယခုလို မဂ္ဂဇင်းတစ်ခုအား ရွေးချယ်ပေးအပ် ချီးမြှင့်ခြင်းမှာ မြန်မာစာပေလောကသမိုင်းတွင် ထူးခြားသော မှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။

ယနေ့အချိန်တွင် မဂ္ဂဇင်းများ ဂျာနယ်များ အုံနှင့်ကျင်းနှင့်၊ ထုနှင့်ထည်နှင့် ဗွက်ပေါက်မတတ်၊ ပလူပျံအောင် ထွက်ရှိနေသော်လည်း ယနေ့ခေတ်လူငယ်များအား နောက်ကျကျန်ရစ်မနေရလေအောင်၊ အတွေးသစ်၊ အမြင်သစ်များနှင့် ပြောင်းလဲနေသော ကမ္ဘာ့ရေစီးကြောင်းကို မိတ်ဆက်ပေးနေသည့် စာစောင်များမှာ အနည်းငယ်သာ ရှိပါသည်။ ထိုအထဲတွင် THE WAVES မဂ္ဂဇင်းမှာ အထင်ကရ ပါဝင်လျှက်ရှိသည်။

THE WAVES မဂ္ဂဇင်း အမှတ်(၁)ကို ၂၀၀၆-ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေခဲ့ပါသည်။ ဆရာကျော်ဝင်းသည် THE WAVES မဂ္ဂဇင်း မတိုင်မှီ မိုးဂျာနယ် ကိုလည်း ထုတ်ဝေခဲ့ရာ မိုးဂျာနယ် အမှတ်(၁၀)အား အောက်တိုဘာ ၂၀၀၅တွင် နောက်ဆုံးထုတ်အနေဖြင့် ထုတ်ဝေခဲ့ပြီး နှုတ်ဆက်ရပ်နားခဲ့ရပါသည်။ ယခု ဆုချီးမြှင့်ခံရသော လှိုင်းများ ဟု အဓိပ္ပါယ်ရသည့် THE WAVES မဂ္ဂဇင်းမှာ မိုးဂျာနယ်၏ အဆက်ပင် ဖြစ်ပါသည်။

THE WAVES မဂ္ဂဇင်းသည် ယနေ့ လူငယ်ထုများကြားတွင် သီးသန့်ပရိသတ် အခိုင်အမာရရှိထားသော မဂ္ဂဇင်း ဖြစ်ပါသည်။ THE WAVES မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင်များမှာ ကျော်ဝင်း၊ ရွှေကျော် နှင့် နေမျိုးသူရ တို့ဖြစ်ကြပြီး မဂ္ဂဇင်းတိုက်ကို အမှတ်(၂၁၇) ပထမထပ် (၀ဲ)၊ ဆိပ်ကမ်းသာလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။

စင်စစ် ကျနော်တို့တတွေမှာ လှိုင်းများကို ဖြတ်သန်းနေကြရသူများ ဖြစ်မည်ထင်ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ကျနော်တို့တတွေမှာ လှိုင်းများကို ဖြတ်သန်းနေကြရသည် ဖြစ်ရာ၊ လှိုင်းတွေနှင့် ရှောင်လွှဲ မရတော့ပါ။ လှိုင်းထန်လေထန်ခရီးတွင် နစ်မသွားစေပဲ ကျကျနန လှိုင်းစီးနိုင်ဖို့ဆိုလျှင် လှိုင်းတို့၏ သဘာဝကို သိထားဖို့ လိုမည် ထင်ပါသည်။

THE WAVES ၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးချီ လှိုင်းလုံးကြီးများ၏ ခြေရာကို မြန်မာစာပေ စာမျက်နှာများထက်သို့ တတ်စွမ်းသမျှ တင်ပြပေးဖို့ ဖြစ်ပါကြောင်း...၊ မဂ္ဂဇင်းအဖွင့်တွင် ဖော်ပြပါရှိပါသည်။

S.T.A

Read More...

Monday, November 26, 2007

Literary Award

ဒုတိယအကြိမ် သဟာယစာပေဆုကို ဘယ်သူများ ရမှာပါလဲ


မိုးကုတ်မြို့က သဟာယစာကြည့်တိုက်ရဲ့ သဟာယစာပေဆု ကို ပြီးခဲ့တဲ့နှစ်က ပထမအကြိမ် အဖြစ် ဆုရွေးချယ် ပေးအပ်နိုင်ခဲ့ပါတယ်။ ဒီဆုကို ပထမဦးဆုံး ဈေးဦးပေါက်သွားသူကတော့ မန္တလေးမြို့က စာရေးဆရာ ညီပုလေး ပဲဖြစ်ပါတယ်။ သဟာယစာကြည့်တိုက်ဟာ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မ ရပ်ကွက်မှာ တည်ရှိပါတယ်။ သဟာယစာကြည့်တိုက်ကို ၁၉၃၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ စာကြည့်တိုက်ပေါင်း (၁၀)ခုကျော်အနက် သက်တမ်းအရှည်ကြာဆုံး၊ စာအုပ် အစုံလင်ဆုံးနဲ့ လူသိအများဆုံး စာကြည့်တိုက် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် မပျက်မစီးအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး မျိုးဆက်အသီးသီးတို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ရာမှာ ယခု လူငယ်မျိုးဆက်သစ်များက ဆက်လက်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်လျှက် ရှိတာကိုလည်း အားရဖွယ်ရာ တွေ့မြင်ရပါတယ်။ ဒီလို လူငယ်တွေရဲ့ ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်မှုတွေကြောင့် နံရံကပ်စာစောင်ပြပွဲများတင် သာမကပဲ စာပေဟောပြောပွဲများ၊ စာပေဆုများ ချီးမြှင့်ပေးအပ်လာနိုင်သည်အထိ တိုးတက်အောင်မြင်လာခဲ့ပါတယ်။ နှစ်စဉ် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ (၄)ရက်နေ့ ရောက်လေတိုင်း သဟာယစာပေဆုကို ချီးမြှင့်နိုင်ဖို့ ဆုချီးမြှင့်ရေးကော်မတီက ရက်သတ်မှတ်ခဲ့ကြပါတယ်။ လာမယ့် ဒုတိယအကြိမ် သဟာယစာပေဆုကိုကော ဘယ်သူဘယ်ဝါကို ချီးမြှင့်ပေးအပ်မယ်ဆိုတာ ဆုရွေးချယ်ရေး ကော်မတီဝင်တွေ အနေနဲ့ ယခုအချိန်မှာ ငြင်းခုန်သတ်ပုတ် ရွေးချယ်အလုပ်ရှုပ်နေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဆရာ ညီပုလေးရဲ့ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်မှာတော့ ဆရာညီပုလေးရဲ့ ၀တ္ထုတိုများဟာ လူသားဆန်ပြီး မျက်မှောက်လူမှုပတ်ဝန်းကျင်ကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဖော်ပြပါရှိပါတယ်။ မိုးကုတ်မြို့ရဲ့ တစ်ခုတည်းသော စာပေဆုဖြစ်တဲ့ သဟာယစာပေဆုကို ဒီနှစ်မှာ ဘယ်သူရမယ်ဆိုတာ အားလုံးက စိတ်ဝင်တစားနဲ့ မျှော်လင့်နေပါကြောင်း…။



စာရေးဆရာညီပုလေး (Profile)
၁၉၅၂-ခုနှစ်တွင် မန္တလေးမြို့၌ အဖ လူထုဦးလှ ၊ အမိ လူထုဒေါ်အမာ တို့မှ မွေးဖွားခဲ့။ အမည်ရင်း ငြိမ်းချမ်း (ခေါ်) ဘိုညို။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့။ မန္တလေး ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒဘာသာရပ်ဖြင့် ရရှိခဲ့သည်။
၁၉၈၅-ခုနှစ်တွင် စပယ်ဖြူမဂ္ဂဇင်း၌ လျှက်ဆားတစ်တို့ ၀တ္ထုတိုဖြင့် စတင် ဖော်ပြခြင်းခံရပြီး မဂ္ဂဇင်းများတွင် ၀တ္ထုတိုများ ဆက်လက်ရေးသားခဲ့။ ပထမဆုံး လုံးချင်းဝတ္ထုတိုစာအုပ် သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ကို ရေးသားထုတ်ဝေခဲ့ပြီးနောက် ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ၀တ္ထုတိုများ၊ လမင်းရဲ့ ချိုသာသော လက်ခုပ်သံ၊ တစ်ကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ လူအအိပ်မက် ၀တ္ထုတိုများ အပြင် ခရီးသွားဆောင်းပါးအဖြစ် လီဒို-ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။
ထို့ပြင် မြေးသူကြီး ၀တ္ထုနှင့် ၂၀၀၆-ခုနှစ်အတွက် ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါသည်။
S.T.A

Read More...