Saturday, June 19, 2010

VOA ပါ ဦးခင်မောင်ဆွေပြောကြားချက် မြို့လူထု ဘ၀င်မကျ

၁၆.၆.၁၀ နေ့ VOA မှာ NDF ဦးခင်မောင်ဆွေ ရဲ့ ပြောကြားချက်တွေအပေါ် မိုးကုတ်မြို့က NLD အပါအ၀င် နိုင်ငံရေးစိတ်ဝင်စားသူ လူထုအများစု ဘ၀င်မကျကြကြောင်း သိရပါတယ်။

ဦးခင်မောင်ဆွေမှ "နယ်တွေမှာ တချို့ကလည်း လာပြိုင်မယ့် ပါတီတွေကို ကြောက်နေရတာ ရှိသလို NLD အဟောင်းတွေက လိုက်ပြီးတော့ ကျနော်တို့ကို ဖျက်နေတဲ့ဟာတွေလည်း ရှိတယ်။ မိုးကုတ်ဆို အင်မတန် အားကောင်းတဲ့နေရာပေါ့။ NDF ကို အပြည့်အ၀ ထောက်ခံတဲ့ NLD အဟောင်းတွေကို NLD အဖွဲ့ချုပ် ခေါင်းဆောင်အချို့က လိုက်ပြီးတော့ တားဆီးနေတယ်လို့ သတင်းတွေ ၀င်လာပါတယ်။" လို့ ပြောကြားထားချက်အပေါ် ဖြစ်သည်။

ထိုပြောကြားချက်အပေါ် မိုးကုတ် NLD လူငယ်တစ်ဦးက "အထောက်အထား မခိုင်လုံပဲ အခြေအမြစ်မရှိသော ပြောဆိုချက်ဖြစ်ပါတယ်။ NDF ကို အပြည့်အ၀ ထောက်ခံနေတဲ့ NLD တွေဆိုတာ မိုးကုတ်မှာ မရှိပါဘူး။ NDF နဲ့ ဆက်သွယ်ပြီး လုပ်ကိုင်မယ်ဆိုတဲ့သူ နှစ်ယောက်သုံးယောက်လောက်တော့ မိုးကုတ်မှာ ရှိပါတယ်။ NLD ပါတီဝင် အဟောင်း တစ်ယောက်ပဲ အဲဒီထဲမှာ ပါတယ်။ (မိုးကုတ်မှာ NLDနဲ့ ပြည်သူတွေ အရေးတကြီး လှုပ်ရှားခဲ့တဲ့ ဖြစ်စဉ်တွေ၊ မှတ်တိုင်တွေ အများကြီး ရှိခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ အားမနာပဲ ပြောရမယ်ဆိုရင်တော့ အဲဒီလှုပ်ရှားမှုတွေမှာ အဲဒီတစ်ယောက်အနေနဲ့ မပါဝင်ခဲ့ပဲ ရှောင်ပြေးနေခဲ့တာတွေသာ များပါတယ်။)

ပြီးတော့ NLD ခေါင်းဆောင်တစ်ချို့က လိုက်ပြီးတော့ တားဆီးနေတယ်ဆိုတာကလည်း လုံးဝ မဟုတ်ပါဘူး။ ဦးခင်မောင်ဆွေအနေနဲ့ NLD ခေါင်းဆောင်တွေကို သက်သက် တိုက်ခိုက်တဲ့ ပြောကြားချက်သာ ဖြစ်ပါတယ်။ အထောက်အထား မခိုင်လုံပဲ အဲဒီလိုမျိုး မပြောသင့်ပါဘူး။ သူတို့ကို ထောက်ခံသလား မထောက်ခံဘူးလားဆိုတာကို သိချင်ရင် မိုးကုတ်ကိုသာ လာခဲ့ပါ။ ရှင်းရှင်းလင်းလင်း သိရမှာပါ" လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

NLD အမျိုးသမီးတစ်ဦးကလည်း "ကျမတို့ မိုးကုတ်က အန်တီစုနဲ့NLD ကို ဘယ်လိုယုံကြည်တယ်၊ ထောက်ခံတယ် ဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်။ သူတို့ NDF ရဲ့ ခံယူချက်၊ ယုံကြည်ချက်ကို လေးစားသမှုအနေနဲ့ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ ယုံကြည်ချက်တွေနဲ့ လုပ်ကြတာပဲလေ။ ဒါပေမယ့် အရေးကြီးဆုံးနဲ့ အဖိုးတန်ဆုံးက ရိုးသားဖြောင့်မတ်မှုပါပဲ။ အန်တီစုကို ရာနှုန်းပြည့် ယုံကြည်ရတာကလည်း သူမရဲ့ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ကျိုးမဖက်မှု၊ ပြည်သူတွေအပေါ် မလိမ်ညာမှုတွေ ကြောင့်ပဲလေ။ နိုင်ငံရေးကို မရိုးမဖြောင့်နဲ့ ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ်လို့ကတော့ အောင်မြင်မှာ၊ လူထုထောက်ခံမှာ မဟုတ်ပါဘူး။ အဲဒါကို သတိထားမိစေချင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

အနောက်ပိုင်း ကျပ်ပြင်နေ နိုင်ငံရေးစိတ်ဝင်စားသူ တစ်ဦးကလည်း "VOA မှာ ကြားလိုက်တယ်။ ကြားကြားချင်းကို သိလိုက်ပါတယ်။ လေးလေးတို့ မိုးကုတ်က သူပြောသလို မဟုတ်မှန်း။ သူ့အနေနဲ့ မိုးကုတ်ကို ရောက်တာလဲမဟုတ်ပဲနဲ့ မမှန်တဲ့ သတင်းနဲ့ လျှောက်သုံးသပ်နေတာ။ ဒီမှာတော့ NDF ကို အပြည့်အ၀ထောက်ခံတာမပြောနဲ့ စိတ်ဝင်စားမှုတောင်မှ မရှိကြပါဘူး။" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

မြို့ခံ ကုန်သည်တစ်ဦးကလည်း "အဲဒီလို ပြောဆို သုံးသပ်တာဟာ မြို့လူထုရဲ့ နိုင်ငံရေးအသိအမြင်ကို နိမ့်ချလွန်းရာ ကျပါတယ်။ လူထုက ဒီဘက်ကပြောတော့ ဒီဘက်ရောက်၊ ဟိုဘက်က ပြောတော့ ဟိုဘက်ရောက်သွားတဲ့ သဘော ဖြစ်နေပါတယ်။ ကျနော်တို့မိုးကုတ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ကျောက်မျက်လုပ်ငန်းပါ။ ခု အမေရိကန်နဲ့ အီးယူတို့ စီးပွားရေးပိတ်ဆို့တဲ့ ဥပဒေတွေကြောင့် အရောင်းအ၀ယ်လုပ်ငန်း ရပ်တန့်သွားသလောက် ထိခိုက်ကြပါတယ်။ ဒါပေမယ့် အဲဒီ အမေရိကန်တို့ အီးယူတို့ကို လူတွေက စိတ်မဆိုးကြပါဘူး။ အကြောင်းအကျိုး သဘောတရားကို အားလုံးလိုလို သဘောပေါက် နားလည်ကြလို့ပါ။ အဲဒါကို ဦးခင်မောင်ဆွေအနေနဲ့ သိထားစေချင်ပါတယ်" လို့ ပြောကြားခဲ့ကြပါတယ်။

မိုးကုတ်လူထုရဲ့ ပြောကြားချက်တွေမှ အချို့ကိုသာ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ (နည်းနည်း ပြင်းထန်တဲ့ အချက်တွေ၊ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နိုင်တဲ့ ပြောကြားချက်တွေကိုတော့ ကိုယ့်ဟာကိုယ် ဆင်ဆာဖြတ်လိုက်ပါတယ်)

Read More...