Monday, February 16, 2009

မိုးကုတ်သဟာယစာပေဆု ရန်ကုန်မြို့တွင် ချီးမြှင့်

မိုးကုတ် သဟာယစာကြည့်တိုက်တတိယအကြိမ်မြောက် သဟာယစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက် သောကြာနေ့တွင် ဆုချီးမြှင့်ရေးကော်မတီက မိုးကုတ်မြို့မှနေ၍ ရန်ကုန်မြို့သို့ သွားရောက်ပြီး ကျင်းပနိုင်ခဲ့ပါသည်။

အခမ်းအနားကို မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံ ထောင့်ရှိ City Star Hotal ၌ နေ့လည် ၁း၀၀ မှ ၃း၀၀ အထိ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော မဂ္ဂဇင်း ဂျာနယ်များမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် သတင်းထောက်များ၊ စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်ကို သဟာယစာပေ ဆုချီးမြှင့်ရေးကော်မတီ၏ အကျိုးတော်ဆောင် ဦးဇော်မင်းကျော် (စာရေးဆရာ ပြည်သွေးနိုင်၊ ချယ်ရီမဂ္ဂဇင်းနှင့် ရနံ့သစ်မဂ္ဂဇင်း စီစဉ်သူ) က ဖတ်ကြားပြီးနောက် ဆုချီးမြှင့်ရေးကော်မတီ၏ ကိုယ်စား စာရေးဆရာ ထက်နိုင်(တလုပ်မြို့) က အဖွင့်အမှာစကား ပြောကြားပြီး သဟာယစာပေဆု၏ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် သဟာယစာကြည့်တိုက် ဥက္ကဌ ဦးမြင့်ဆွေက သဟာယစာကြည့်တိုက်၏ သမိုင်းကြောင်းကို ဖတ်ကြားပါသည်။ ဆက်လက်ပြီး တတိယအကြိမ်မြောက် သဟာယစာပေဆု ရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်ကို ဖတ်ကြားရာတွင် စာရေးဆရာ မောင်လွင်မွန်(ကသာ) (ပန်းအလင်္ကာမဂ္ဂဇင်း အယ်ဒီတာရီနေနိုငအမည်ဖြင့် စာပေဝေဖန်ရေးဆောင်းပါးများလည်း ရေးသားလျှက်ရှိ) က အတွေးအမြင်စာစောင်၏ သမိုင်းကြောင်းနှင့် ဆုရွေးချယ်ရေးအဖွဲ့၏သုံးသပ်ချက် ကိုလည်းကောင်း၊ ဦးထွန်းဝင်းငြိမ်း (Beauty မဂ္ဂဇင်းအယ်ဒီတာ) က စာရေးဆရာမ ဂျူး သူ.. မင်းကိုဘယ်တော့မှ လုံးချင်းဝတ္ထုအပေါ် ဆုရွေးချယ်ရေးအဖွဲ့၏သုံးသပ်ချက် ကိုလည်းကောင်း ဖတ်ကြားပါသည်။ ဆက်လက်၍ တတိယအကြိမ်မြောက် သဟာယစာပေဆုကို ချီးမြှင့်ရာ မဟေသီမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးဝင်းသူရက အတွေးအမြင်စာစောင် အယ်ဒီတာအဖွဲ့ကိုယ်စား ဆရာမ သီရိဝံသ ကိုလည်းကောင်း၊ ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက စာရေးဆရာမ ဂျူး အားလည်းကောင်း အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်

ထို့နောက် ဆုရရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သဟာယစာကြည့်တိုက် ဥက္ကဌ ဦးမြင့်ဆွေမှ ဆုချီးမြင့်ရေးကော်မတီ၏ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ထို့ပြင် အလင်းတန်းဂျာနယ်ကလည်း သဟာယစာကြည့်တိုက် ရံပုံငွေအဖြစ် ကျပ် တစ်သိန်းတိတိကို လှူဒါန်းခဲ့ကြောင်း သိရပါသည်။ သဟာယစာပေဆုချီးမြှင့်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် စာရေးဆရာကြီး လူထုစိန်ဝင်း ၏ နေအိမ်သို့လည်းကောင်း၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် သံလျင်တွင် ရောက်ရှိနေသော စာရေးဆရာကြီး ဒဂုန်တာရာ အားလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကာတွန်းဆရာကြီး ဦးဖေသိန်း၏ နေအိမ်သို့လည်းကောင်း သွားရောက်ကာ ဂါရ၀ပြု ကန်တော့ခဲ့ကြပြီး ငွေကြေးထောက်ပံ့ကူညီခဲ့ကြပါသည်။ စာရေးဆရာနှင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း၊ ကာတွန်းဆရာကြီး ဦးဖေသိန်း တို့ကလည်း စာကြည့်တိုက်အတွက် စာအုပ်များ ပြန်လည် ပေးအပ်လှူဒါန်းခဲ့ကြပါသည်။


S.T.A

Read More...