Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Saturday, December 29, 2007

Gems from Mogok

Name of Gems Obtained at Mogok Stone Tract

STA

Read More...

Wednesday, July 25, 2007

Gems Painting

ကျောက်ပန်းချီဆိုတာ ဘယ်လိုမျိုးလဲ


မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အနုပညာအဖြစ် တီထွင်ဖန်တီးပြနိုင်ခြင်းကို ပန်းချီလောကမှာတော့ ဖန်တီးမှုပန်းချီ (Creative Art) လို့ ဆိုကြပါတယ်။ ကျောက်စီပန်းချီ (Gem Painting) ဆိုတာလည်း ရတနာတန်းမ၀င်တဲ့ အရောင်စုံ ကျောက်ဖြုံးလေးတွေကို အရောင်အဖြစ် အသုံးပြုကာ ဒီဇိုင်းဖော်ပြီး အနုပညာနဲ့ ပေါင်းစပ်ဖန်တီးယူရတဲ့ တီထွင်မှုပန်းချီတစ်မျိုးပဲ ဖြစ်ပါတယ်။
ကျောက်တွေနဲ့ စီခြယ်တဲ့ အနုပညာဟာ ဘီစီ-၄၀၀၀လောက် ကတည်းက ဂရိနိုင်ငံမှ စတင်ခဲ့ပါတယ်။ ရွှံ့ပေါ်မှာ အရောင်ရှိတဲ့ ကျောက်ကလေးတွေကို သုံးပြီး ဒီဇိုင်းဖော်ရာက စခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဥရောပနဲ့ ဂျပန်လို နိုင်ငံမျိုးတွေမှာတော့ ကျောက်ပန်းချီလုပ်ငန်းကို ခေတ်မှီနည်းပညာ စက်ကိရိယာတွေကို အသုံးပြုပြီး တွင်ကျယ်စွာ ပြုလုပ်ရောင်းချနေကြပါပြီ။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယမှာတော့ ကျောက်ပန်းချီရဲ့ တွင်ကျယ်မှုဟာ အားနည်းနေပါသေးတယ်။ သို့ပေမယ့်လည်း ဒီ အိမ်နီးချင်း နိုင်ငံတွေဟာ ကျောက်ပန်းချီလုပ်ငန်းကို မြန်မာနိုင်ငံထက်စောပြီး လုပ်ကိုင်ခဲ့ကြပါတယ်။
ကျောက်ပန်းချီမှာ အမှုန့်ပန်းချီနဲ့ အခဲပန်းချီ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမှုန့်ပန်းချီဆိုတာက သဘာဝအတိုင်းရှိနေတဲ့ ကျောက်အတုံးအခဲ (Crystal) လေးတွေထောင်းပြီး မိမိလိုချင်တဲ့ အနု၊ အကြမ်း၊ အရင့် ရရှိလာအောင် ဇကာပြန်ချကာ ကပ်ရတာဖြစ်ပါတယ်။ အခဲပန်းချီကတော့ သဘာဝအတိုင်းရှိနေတဲ့ ကျောက်တုံးအခဲလေးတွေထဲကမှ အရွယ်ညီတာတွေကို ရွေးယူပြီး အနု အရင့် Tone ခွဲကာ စီရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှေ့စီနဲ့ နောက်စီဆိုတဲ့ ဖန်တီးပုံနှစ်မျိုးလည်း ရှိပါသေးတယ်။ ဖိုင်ဘာပြား၊ သုံးထပ်သားပြားပေါ်မှာ မိမိလိုချင်တဲ့ ဒီဇိုင်းတွေဆွဲကာ သင့်လျော်တဲ့ ကျောက်အရောင်စုံသုံးပြီး စီခြယ်ရတာကို ရှေ့စီလို့ ခေါ်ပါတယ်။ နောက်စီဆိုတာက မှန်ချပ်ရဲ့ နောက်ကျောဘက်မှာ အောက်လိုင်းအရင် လျာထားပြီးတော့ ကျောက်ရောင်စုံလေးတွေကပ်ပြီး စီခြယ်ကာ ပန်းချီရုပ်ပုံဖော်တာ ဖြစ်ပါတယ်။
ယခုအသုံးပြုနေကြတဲ့ သုံးထပ်သားပေါ်မှာ ပိတ်စကပ်ပြီး စီတဲ့နည်းဟာ ထိုင်းနည်းပညာဖြစ်ပြီး ဖိုင်ဘာပြားပေါ်စီတဲ့နည်းဟာ စင်္ကာပူနည်းပညာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းမှာတော့ ကျောက်ပန်းချီကို အများအားဖြင့် (Crystal) လိုက်ပဲ စီကြပါတယ်။
ကျောက်ပန်းချီလုပ်ငန်းဟာ ဒီဇိုင်းဆွဲတာအစ၊ ကျောက်အရွယ်အစား အရည်အသွေး ရွေးချယ်ရတာအလယ်၊ ကျောက်စီရတာအဆုံး အားလုံးကို လက်ဖြင့်သာ ပြုလုပ်ရတဲ့ လက်မှုပညာရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျောက်ပန်းချီလုပ်ငန်းကို အများအပြား လုပ်ကိုင်ကြတာက မိုးကုတ်မြို့ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလည်းပဲ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါတယ်။ ကုန်ကြမ်းအနေနဲ့တော့ မိုးကုတ်ဒေသတစ်ဝိုက်က ထွက်ရှိတဲ့ ကျောက်မျက်များကိုသာ အများဆုံး အသုံးပြုကြတာကို တွေ့ရပါတယ်။
အဓိက အသုံးပြုနေကြတဲ့ ထင်ရှားတဲ့ ကျောက်မျက်အရောင်တွေကတော့ အနီရောင် ပန်းရောင်အတွက် ပတ္တမြား(Ruby)၊ အပြာရောင်အတွက် နီလာ(Sapphire)၊ ဒုတ္ထာ (Lapis-Lazuli)၊ အဖြူရောင်အတွက် ငုကျောက်(Calcite)၊ မျော(MoonStone)၊ အစိမ်းရောင်အတွက် ပြောင်ခေါင်းစိမ်း(Peridot)၊ ထပ်ခွာစိမ်း (Fibrolite)၊ အနက်ရောင်အတွက် မှတ်မီး(Schorl)၊ အ၀ါရောင်အတွက် ဂေါ်မိတ်(Zircon)၊ ထပ်တရာ(Topaz)၊ စလင်းဝါ(Citrine)၊ ခရမ်းရောင်အတွက် ခရမ်းစွဲ(Amethyst) စသည်တို့ ဖြစ်ကြပါတယ်။
အခြားအသုံးပြုကြတဲ့ ကျောက်တွေကတော့ ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်း(Jadite, Maw sit sit) ၊ ကရင်ပြည်နယ်ကထွက်တဲ့ သံတောင်ခရမ်းစွဲ၊ ရှမ်းပြည်နယ် မိုင်းရှူး၊ ကချင်ပြည်နယ် နမ့်ယား ဒေသတွေက ထွက်ရှိတဲ့ ကျောက်တွေအပြင် သန္တာ၊ ပုလဲ၊ အင်ကြင်းကျောက်တွေပါမကျန် အသုံးပြုကြပါတယ်။
ကျောက်ပန်းချီကို တွင်းထွက်ရောင်စုံကျောက်တွေနဲ့ စီခြယ်ရတာမို့ အနုပညာတန်ဖိုးအပြင် ကျောက်မျက်ရတနာတန်ဖိုးပါ ပေါင်းပြီး သတ်မှတ်ကြပါတယ်။ ကျောက်ပန်းချီကားရဲ့ တန်ဖိုးတွေဟာ အရွယ်အစားနဲ့ ဖန်တီးမှုလက်ရာအပေါ် မူတည်ပြီး ဈေးကွဲပြားကြပါတယ်။
တချို့က သဘာဝကျောက်မျက်ရတနာရဲ့ အရောင်နဲ့ အားမရလို့ ဆေးခြယ်ကြတာလည်း ရှိပါတယ်။ ကျောက်မှုန့်တွေကို အရောင်ခြယ်ဆေးဆိုးတာဟာ ကျောက်ပန်းချီရဲ့ လေးနက်မှုနဲ့ တန်ဖိုးကို ကျဆင်းစေတဲ့အတွက် သဘာဝအရောင်ကိုသာ မရရအောင် ဖန်တီးယူရပါတယ်။ ယခုအခါ ကျောက်ပန်းချီတွေကို ရုံးခန်း၊ ဧည့်ခန်းတွေမှာ တန်ဖိုးထား အလှဆင်လာကြသလို နိုင်ငံခြားသားတွေကို မြန်မာပြည်ရဲ့ ထူးခြားလေးနက်မှုကို ဖြစ်စေတဲ့ အမှတ်တရပစ္စည်းအဖြစ် ဂုဏ်ယူကာ လက်ဆောင်ပေးလာကြတာကို တွေ့ရပြီ ဖြစ်ပါတယ်။

Ref: ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း - ဇန်န၀ါရီလ၊ ၁၉၉၈။
ဓန စီးပွားရေးမဂ္ဂဇင်း - ဇူလိုင်လ၊ ၁၉၉၉။


S.T.A

Read More...

Saturday, July 21, 2007

Painite

ပိန်းနိုက်ကျောက် က ဘာလို့ ရှားတာလဲ


ကမ္ဘာပေါ်တွင် အရှားပါးဆုံး ကျောက်မျက်အမျိုးအစားထဲတွင် ပိန်းနိုက်ကျောက် (Painite) သည် တစ်ခုအပါအ၀င်ဖြစ်သည်။ ပိန်းနိုက်ကျောက်သည် မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာများထဲတွင် နာမည်သာရှိပြီး တွေ့ရှိဖို့ရန် အလွန်ခက်ခဲသော ရှားပါးကျောက်တစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ယနေ့ထိ ပိန်းနိုက်ကျောက်အမျိုးအစားကို မြန်မာနိုင်ငံ မိုးကုတ်မြို့တွင်သာ တွေ့ရှိရ၍ ၁၉၇၉-ခုနှစ် မတိုင်မှီအချိန်ထိ သုံးပွင့်သာ ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိ ကမ္ဘာ့မှတ်တမ်းများအရ ၂၀၀၅-ခုနှစ်တွင် (၂၅)ပွင့်သာ မှတ်တမ်းပြုစုနိုင်သေးသည်။

ပိန်းနိုက်ကျောက်အမျိုးအစားကို ပထမဆုံး စတင်တွေ့ရှိ မှတ်တမ်းတင်ခဲ့သူမှာ အင်္ဂလန်နိုင်ငံသား Mr-Arthur Charles Davy Pain ဆိုသူဖြစ်ပြီး ၁၉၅၀-ပြည့်နှစ် ၀န်းကျင်က မိုးကုတ်ဒေသ အုန်းကိုင်းရွာ၌ စတင်တွေ့ရှိခဲ့သည်။ ၄င်း၏အမည်ကို ကိုယ်စားပြု၍ Painite ဟု ၁၉၅၇-ခုနှစ်တွင် သတ်မှတ်ခြင်းခံရသည်။
မစ္စတာပိန်းသည် အင်္ဂလိပ်လူမျိုးဖြစ်ပြီး တစ်ချိန်က မိုးကုတ်မြို့တွင် ကျောက်ကုန်သည်အဖြစ်သာမက ဓာတ်သတ္တုနှင့် ကျောက်မျက်ပညာရှင်အဖြစ် နာမည်ကြီးခဲ့သူဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ အချိန်မှစ၍ ၁၉၆၃-ခုနှစ်အထိ မိုးကုတ်မြို့တွင် နေထိုင်သွားခဲ့သည်။ မစ္စတာပိန်းသည် ၁၉၇၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကွယ်လွန်ခဲ့ပါသည်။
ပိန်းနိုက်ကျောက်ကို မိုးကုတ်ဒေသတွင် အုန်းကိုင်းရွာနှင့် ကျောက်ပြဿာဒ်ရွာဝန်းကျင်ရှိ ၀က်လူး၊ သူရိန်တောင် တို့တွင် တွေ့ရှိရပါသည်။ ယနေ့အချိန်တွင် ပိန်းနိုက်ကျောက်ကို မိုးကုတ်ဒေသ၌ အများအပြား ရှာဖွေတူးဖော်နိုင်ပြီဟု ဒေသခံ ကျောက်မျက်ရတနာကုန်သည်များက ယူဆကြသော်လည်း တိကျခိုင်မာသော အထောက်အထားများ မတင်ပြနိုင်သေးပေ။ ထို့ပြင်အရွယ်အစားကောင်းမွန်ပြီး အရည်အသွေးလှပသော ပိန်းနိုက်ကျောက်များကို မတွေ့ရှိရသေးပေ။
ပိန်းနိုက်ကျောက်သည် အနီရင့်ရောင်နှင့် နီညိုရောင်ရှိပြီး မာဆင့်မှာ (၇.၅)ရှိကာ သိပ်သည်းဆမှာ (၄.၀၁)၊ အလင်းယိုင်ညွှန်းကိန်းမှာ ၁.၇၉ - ၁.၈၂ ဖြစ်ပါသည်။
S.T.A

Read More...

Tuesday, July 17, 2007

Birth Stones


T.P

Read More...

Saturday, June 23, 2007

Star Ruby & Sapphire


ဂေါ်ကြိုး
မိုးကုတ်တွင်းထွက် အမာကျောက်မျက်များဖြစ်ကြသည့် ပတ္တမြားနှင့် နီလာတို့တွင် ဂေါ် (Silk) ဟုခေါ်သော အောင်းဝင်များ ပါတတ်ကြလေ့ရှိသည်။ ဤကျောက်များအား လုံးချောပုံစံဖြင့် သွေးယူလျှင် ပါရှိသည့် ဂေါ်များ အလင်းပြန်ပါက ကြိုး(၃)ချောင်း တစ်ခုကိုတစ်ခုဖြတ်ကာ ကြယ်ပုံစံဖြင့် ကြိုး(၆)ကြိုး ဖြာဆင်းနေသော ပုံများကို ရရှိပါသည်။ ၄င်းကျောက်များကို ဂေါ်ကြိုးကျောက်ဟု ခေါ်ကြသည်။ ဂေါ်ကြိုးကျောက်အကြောင်း ပြောပါက အမေရိကန်လူမျိုး အဲလ်ဘတ်ရမ်းဆေး(Albert Ramsay) အကြောင်းကို ချန်လှပ်ထားခဲ့၍ မရပေ။ ဂေါ်ကြိုးအစ ရမ်းဆေးက ဟု ဆိုရိုးပင် ရှေးက ရှိခဲ့သည်။
ပထမ ကမ္ဘာစစ်ကြီးပြီးစအချိန် ၁၉၂၃-ခုနှစ်လောက်က အမေရိကန်လူမျိုး အဲလ်ဘတ်ရမ်းဆေး ဆိုသူသည် မိုးကုတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။ ထိုသူသည် ကျောက်ကုန်သည်ဟု ဆိုသော်လည်း ကျောက်သွေးပညာလည်း တတ်ကျွမ်း၏။ ထိုခေတ်က မိုးကုတ်ကျောက်မျက်ဈေးကွက်တွင် ဂေါ်ပါသော ကျောက်များအား တန်ဖိုးမထားတတ်ကြ၊ ဈေးကောင်းမရတတ်ကြပေ။ မစ္စတာရမ်းဆေးသည် ထိုကျောက်များကို ဒေသခံများထံမှ ၀ယ်ယူကာ ကြိုးပေါ်လာအောင် စမ်းသွေးကြည့်သည်။ ကျောက်များသည် ကြိုးပါသော်လည်း ထိုကြိုးအား ပုံစံကျနအောင် ပုံဖမ်းသွေးရသည်မှာ ပညာသားပါလှ၏။ ထိုသို့ စမ်းသွေးရင်းဖြင့် မစ္စတာရမ်းဆေးသည် ဂေါ်ကြိုးဖမ်းသွေးနည်း ကျွမ်းကျင်သွားပါသည်။ သွေးပြီးသည့် ထိုကျောက်မျက်များကို အမေရိကန်ဈေးကွက်သို့ စမ်းသပ်တင်ပို့ရောင်းချကြည့်ရာ ဈေးကွက်တွင် တဖြည်းဖြည်း လူကြိုက်များလာခဲ့သည်။ ဤသို့ဖြင့် မစ္စတာရမ်းဆေးသည် ဒေသခံများထံမှ ထိုကျောက်များအား ဈေးပေါပေါဖြင့် ၀ယ်ယူသွေးပြီးလျှင် အမေရိကန်ဈေးကွက်သို့ ဈေးကြီးကြီးဖြင့် တင်ပို့ရောင်းချရာ အချိန်တိုအတွင်း ကြီးပွားချမ်းသာသွားခဲ့ပါသည်။ ထိုခေတ်က ဒေသခံတို့က ရမ်းဆေးအား ဂေါ်ကြိုးဗိုလ်ဟု ခေါ်ခဲ့ကြသည်။ ယခုခေတ်တွင်လည်း ဂေါ်ကြိုးဖမ်း ကျွမ်းကျင်သော ကျောက်သွေးဆရာများအား ဂေါ်ကြိုးဗိုလ် ဟု ခေါ်ဝေါ် ကြလေ့ရှိသည်။
ပတ္တမြားတွင် ဂေါ်ကြိုးပါပါက အနီဂေါ်ကြိုး (StarRuby)၊ နီလာတွင် ဂေါ်ကြိုးပါပါက နီလာဂေါ်ကြိုး (StarSapphire) ဟုခေါ်ကြသည်။ ဂေါ်ကြိုးပုံစံကျလျှင် ကျသလောက် ကျောက်မျက်ဈေးကွက်တွင် အကွက်ဖော်သွေးထားသော တာပလာများနည်းတူ ဈေးကောင်းရလျှက် ရှိပါသည်။
T.P

Read More...

Monday, May 28, 2007

Why...?



ကျောက်က အပြာရောင်ရှိပြီး ဘာလို့ နီလာလို့ ခေါ်တာလဲ


သွေးကဲ့သို့ ချင်းချင်းနီသော ပတ္တမြားနှင့် တောက်ပသော အပြာရောင်ရှိသော နီလာတို့မှာ တစ်မျိုးနှင့်တစ်မျိုး မတူပဲ ခြားနားသည်ဟု ထင်ရသော်လည်း စင်စစ် ၄င်းကျောက်နှစ်မျိုးမှာ Corundum ကျောက်အမျိုးအစား တစ်ခုတည်းပင်ဖြစ်သည်။ ထိုပတ္တမြားနှင့် နီလာနှစ်မျိုးစလုံးတွင် ပါရှိသော အခြေခံဓာတ်ဖွဲ့စည်းမှု၊ ပုံဆောင်ခဲစနစ်၊ ရုပ်ဂုဏ်သတ္တိတို့မှာ လည်း အတူတူပင်ဖြစ်ကြပြီး ခြားနားချက်မှာ အရောင်သာလျှင် ဖြစ်သည်။
ရှေးအခါက မိုးကုတ်ဒေသရှိ ကျောက်တူးသမားတို့သည် ကျောက်တွင်း တူးကြရာတွင် အပြာရောင်ရှိသော ကျောက်များကို တွေ့ရှိကြသည်။ ထိုအခါ ၄င်းတို့သည် အပြာရောင်ကျောက်ကို တွေ့လျှင် အပြာရောင်ကျောက်အစား အဖိုးတန် ပတ္တမြား၊ အနီရောင်ကျောက် ဖြစ်လာပါစေတော့။ နီပါစေတော့။ နီလာပါစေတော့ ဟု ဆုတောင်းပြောဆိုကြရာမှ အပြာရောင်ရှိသော ကျောက်ကို နီလာဟု ခေါ်တွင်ကြလေသည်။ နီလာခေါ် Supphire ကျောက်သည် မာခြင်းအဆင့် (၉)ရှိပြီး ကတ္တီပါပြာအရည်ကို အကောင်းဆုံး အရည်အသွေးအဖြစ် သတ်မှတ်ကြသည်။ ယခု ကျောက်မျက်ဈေးကွက်တွင် အပြာရောင်နီလာ သာမက ပန်းရောင်၊ လိမ်မော်ရောင် နီလာများလည်း ဈေးကောင်းနေပါသည်။
နီလာကို စက်တင်ဘာလ မွေးဖွားသူများအတွက်နှင့် ကြာသပတေးသားသမီးများအတွက် အဆောင်ကျောက်အဖြစ် ၀တ်ဆင်ကြသည်။ နီလာကို န၀ရတ်ကိုးပါးလက်စွပ် ပြုလုပ်ကြရာတွင်လည်း ထည့်သွင်း အသုံးပြုကြသည်။ ထို့ပြင် နီလာသည် စိတ်ကို တည်ငြိမ်စေသည် ဟုလည်းကောင်း၊ မေတ္တာပွားစေသည် ဟုလည်းကောင်း ယုံကြည်ကြလေသည်။
မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင်ရှိသော အလေးချိန် (၆၃၀၀၀)ကာရက်ရှိ နီလာဂေါ်ကြိုးတုံးကြီးသည် ၁၉၆၇-ခုနှစ်တွင် မိုးကုတ်ရတနာမြေမှ တူးဖော်ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးသော နီလာဖြစ်လေသည်။

ပြောင်ခေါင်းစိမ်းကျောက်လို့ ဘာလို့ခေါ်တာလဲ



ပြောင်ခေါင်းစိမ်းကျောက်သည် အ၀ါရောင် အနည်းငယ်သန်းနေသော အစိမ်းရောင်ရှိသည့် ကျောက်အမျိုးအစားဖြစ်သည်။ ကျောက်မျက်ဝေါဟာရအားဖြင့် Peridot ဟုခေါ်ပြီး မာခြင်းအဆင့် (၆.၅) ရှိပါသည်။ ပြောင်ခေါင်းစိမ်းသည် ဓါတုဗေဒဖွဲ့စည်းပုံအရ သံနှင့် မဂ္ဂနီဆီယမ်စီလီကိတ်ဖြစ်ပြီး Olivine အုပ်စုဝင်ဖြစ်သည်။ သံနှင့် မဂ္ဂနီဆီယမ် အချိုးအစားကိုလိုက်ပြီး မျိုးကွဲနှစ်ခု ဖြစ်ပေါ်လာပြန်သည်။ မဂ္ဂနီဆီယမ်များသော အော်လဗင်းကို Fosterlite ဟုခေါ်ပြီး သံအမျိုးအစားများသော အော်လဗင်းကို Fayalite ဟုခေါ်ပါသည်။ ထိုမျိုးကွဲနှစ်ခုကြားရှိ သံနှင့် မဂ္ဂနီဆီယမ်စီလီကိတ်သည်သာ ပြောင်ခေါင်းစိမ်း (Peridot) ဖြစ်သည်။

မိုးကုတ်ဒေသတစ်ဝိုက်တွင် အမြင့်ဆုံးတောင်ဖြစ်သော တောင်မင်းတောင်၏ နောက်ကျောဘက် တွင်တည်ရှိသည့် ပြောင်ခေါင်းရွာတွင် စတင်ထွက်ရှိသောကြောင့် ပြောင်ခေါင်းစိမ်းကျောက်ဟု အမည်တွင်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြောင်ခေါင်းစိမ်းကျောက်ကို မိုးကုတ်ရတနာမြေတွင်သာ အများဆုံး တွေ့ရပြီး မိုးကုတ်ဒေသတွင် ပြောင်ခေါင်းရွာ တ၀ိုက်၌သာ အများဆုံး တူးဖော်ရရှိသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ စမစ်ဆိုနီယမ်ပြတိုက်ရှိ အလေးချိန် (၂၈၇)ကရက်ရှိသော ပြောင်ခေါင်းစိမ်းကြီး၊ ကနေဒါနိုင်ငံ အွန်တေးရီးယိုးမြို့ Royal Ontario Museumရှိ အလေးချိန် (၁၀၈၊ ၈၇.၁၊ ၈၃.၃) ကရက် အသီးသီးရှိသော ပြောင်ခေါင်းစိမ်းသုံးပွင့်၊ ကနေဒါနိုင်ငံ အယ်လ်ဘာတာ Devonian Group ပြတိုက်ရှိ အလေးချိန် (၈၂.၄ နှင့် ၂၄.၇) ကရက်ရှိ ပြောင်ခေါင်းစိမ်းနှစ်ပွင့်၊ လန်ဒန်ဘူမိဗေဒပြတိုက်မှ (၃၁၆) ကရက် အရွယ်ရှိ ပြောင်ခေါင်းစိမ်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင် ပြသထားသော သွေးပြီးအလေးချိန် (၃၂၉)ကရက်ရှိ ကမ္ဘာ့အကြီးဆုံးပြောင်ခေါင်းစိမ်းတို့သည် မိုးကုတ်ပြောင်ခေါင်းဒေသမှ ထွက်ရှိသော ပြောင်ခေါင်းစိမ်းများဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် ပြောင်ခေါင်းဒေသမှကျောက်တို့၏ အရည်အသွေးကို ယှဉ်ပြိုင်နိုင်သောကျောက်များ ထွက်ရှိရာ အခြားဒေသများစွာရှိသည်။ သို့ရာတွင် အရွယ်အစားကြီးမားမှုတွင်ကား ပြောင်ခေါင်းဒေသကို မယှဉ်နိုင်ပေ။ ပြောင်ခေါင်းရွာသည် အရောင်အဆင်း ကျောက်မျက်တန်းဝင်ပြီး အရွယ်အစားကြီးမားသော ပြောင်ခေါင်းစိမ်းကျောက်များ ထွက်ရှိရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဒေသဖြစ်သည်။ ကရက်ချိန် ရာဂဏန်းထိကြီးမားသော ပြောင်ခေါင်းစိမ်းကျောက်များ ထွက်ရှိရာ အဓိကဒေသတစ်ခုလည်းဖြစ်သည်။ ပြောင်ခေါင်းရွာသည် မိုးကုတ်မြို့နှင့် (၁၀)မိုင်ခန့်ကွာဝေး၍ ပေပေါင်း (၅၆၀၀)အမြင့်တွင် တည်ရှိသော ရွာကလေးဖြစ်ပြီး လီဆူလူမျိုးများ အများဆုံး နေထိုင်ကြသည်။

သက္ကရာဇ် ၁၈၈၆-ခုနှစ်၊ မတ်လတွင် မိုးကုတ်မြို့နယ်ရှိ ယခု ပြောင်ခေါင်းအရပ်တွင် မေဂျာ ဆာချားဘားနဒ် (Sir Charles Bernad) ၏ စစ်တပ်စခန်း ရောက်ရှိပြီး တပ်မချကာ မိုးကုတ်ဘက်သို့ စစ်ကြောင်းဖြန့်ခဲ့လေသည်။ ပြောင်ခေါင်းဒေသသည် ရာသီဥတုအေးမြပြီး သာယာလှပသောကြောင့် ကလောနှင့် မေမြို့ကဲ့သို့ တောင်ပေါ်စခန်းမြို့အဖြစ် တည်ဆောက်ရန် အင်္ဂလိပ်တို့ စိတ်ကူးခဲ့သော်လည်း ယခုအခါတွင် ရွာအဆင့်သာ တည်ရှိခဲ့ပါသည်။ သို့သော် ဤပြောင်ခေါင်းရွာရှိ တောင်ပေါ်သူတောင်ပေါ်သားများ ရောင်းဝယ်ဖောက်ကားရာ ဈေးအား ဘားနဒ်ဈေးအဖြစ် ယနေ့ချိန်တိုင် ခေါ်ဝေါ်လျှက်ရှိကြသည်။
ပြောင်ခေါင်းစိမ်းကျောက်ကို သြဂုတ်လဖွားများအတွက် အဆောင်ကျောက်အဖြစ်လည်း အသုံးပြု ကြသည်။ ပြောင်ခေါင်းစိမ်းကျောက်သည် န၀ရတ်ကိုးပါးတွင် ပါဝင်သောကျောက် မဟုတ်ခဲ့ပေ။ မြန်မာ့နန်းစဉ် တော်ဝင်ရတနာများ အဖြစ်လည်း သတ်မှတ်ခြင်း မခံခဲ့ရပေ။
S.T.A

Read More...