Showing posts with label Culture. Show all posts
Showing posts with label Culture. Show all posts

Thursday, November 20, 2008

Happy Shan New Year

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးအကြောင်း သိကောင်းစရာ


ခရစ်သက္ကရာဇ် ၂၀၀၈-ခုနှစ် နိုဝင်ဘာလ (၂၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ် နတ်တော်လဆန်း(၁)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိပြီဖြစ်ပါသည်။ ယခုလာမည့်နှစ်သစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၃-နှစ်မြောက် ဖြစ်ပါသည်။ ရှမ်းနှစ်သစ်ကူးကို ပီမောင်တိုင်း ဟု ခေါ်ပါသည်။ ပီမောင်တိုင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖော်ပြရသော်…

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ဂန္ဓလရာဇ်တိုင်း ဟုခေါ်သော ယခု တရုတ်ပြည် ယူနန်နယ် ၏ အနောက်ဖက်နှင့် မြောက်ဖက် ရွှေလီမြစ်ဝှမ်းဒေသတွင် အင်အားစုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နေထိုင်ခဲ့ကြသည်။ ထို့နောက် အင်အားတောင့်တင်းခိုင်မာသော နန်ချိုလက်နက်နိုင်ငံတော် (Nan Chao AD 649-1253) ကို တည်ထောင်ခဲ့ကြသည်။

သာသနာသက္ကရာဇ် ၄၅၀ (BC 94) တွင် စော(၀်)ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည်ကိုးကွယ်လိုသည်ဖြစ်၌ သားတော် စော(၀်)ခွန်စိုင်း အား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ်သုံးပုံကို ပင့်ဆောင်စေခဲ့ပါသည်။

ဗုဒ္ဓသာသနာတော်ကြီး နန်ချိုပြည်သို့ စတင်ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ)မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁၀၃-ခုသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ရှေးအခါက ရှမ်းနက္ခတ္တပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ် တို့ကိုကြည့်ပြီး အချိန်နာရီအတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း(၁)ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကြပါသည်။

ရှေးက ဤနှစ်သစ်ကူးအခါသမယ ကျရောက်တိုင်း ပွဲလမ်းသဘင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များချီးမြှင့်ခြင်း၊ စာပေ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရ၀ပြုခြင်း အစဉ်အလာများ ရှိခဲ့ပါသည်။

ရှေးရိုးရာ ထုံးတမ်းအရ နှစ်သစ်ကို ကြိုဆိုရာတွင် အချက်(၄)ချက် ပါဝင်ရပါသည်။
(၁) နှစ်သစ်ကို ကြိုဆိုခြင်း
(၂) နှစ်သစ်ကို ဂါရ၀ပြုခြင်း
(၃) ရိုးရာအစားအစာဖြင့် ဧည့်ခံခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း

(၄) ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဟူ၍ ဖြစ်ပါသည်။

ထို့အတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်း သည်လည်း အိမ်ရှင်ကို ဂါရ၀ပြုခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက်တောင်းပေးခြင်း၊ ဆွေမျိုးသားချင်းသဘောဆောင်ခြင်း ဟူသော အနက်ကိုဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။
STA

Read More...

Tuesday, November 18, 2008

မိုးကုတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း

မိုးကုတ်မြို့သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သောမြို့ဖြစ်ပါသည်။ ထို့အတူ တိုင်းရင်းသားတို့၏ အဖိုးတန်အမွေအနှစ်ဖြစ်သော စာပေယဉ်ကျေးမှု၊ ဂီတအနုပညာ စသည့် ကွဲပြားသော ၀ိသေသလက္ခဏာများကိုလည်း မပျောက်ပျက် မတိမ်ကောစေရန်၊ ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။ မိုးကုတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း သည်လည်း ရှမ်းတိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာစေရန် အစဉ် ကြိုးစားဆောင်ရွက်လျှက် ရှိပါသည်။

အသင်းအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒနှင့်အညီ စာမတတ်သူပပျောက်ရေး စီမံချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မြို့နယ်အဆင့် ရှမ်းစာပေ၊ မ ငါးလုံး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက် ရှိပါသည်။ ထို့အပြင် အခါအားလျော်စွာ ဆရာဖြစ်မွမ်းမံ သင်တန်း များကိုလည်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မြန်မာနိုင်ငံ) ၏ ပံ့ပိုးမှုနှင့်အတူ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။ အသင်းအနေဖြင့် မိုးကုတ်နှင့် မိုင်းလုံ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆရာများ စေလွှတ်ကာ ရှမ်းစာပေသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျှက် ရှိသည်။ ထို့အပြင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုအဖွဲ့နှင့် ဆက်သွယ်၍ စာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များကိုလည်း အခြားမြို့နယ်များနှင့် လက်တွဲကာကျယ်ပြန့်စွာ ဆောင်ရွက်လျှက် ရှိပါသည်

အသင်းအနေဖြင့် ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းလျှက်ရှိရာ နှစ်စဉ် နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်မြဲဖြစ်သော နှစ်သစ်ကူးအခါသမယတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးသို့ အိုးစည်ဗုံမောင်း ယဉ်ကျေးမှုအကများဖြင့် မီးဆုခံရောက်ရှိမြဲဖြစ်သည်။ နှစ်သစ်ကူး မီးဆုခံထွက်ခြင်းသည် အလှူငွေရရှိရေးကို အဓိကထားခြင်းမဟုတ်ပဲ အိမ်ရှင်ကို ဂါရ၀ပြုကန်တော့ခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက်တောင်းပေးခြင်း၊ ဆွေမျိုးသားချင်းသဘောကို ဆောင်ခြင်း ဟူသော အနက်ကိုဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။ ရရှိလာသော အလှူငွေများကို အသင်းတိုက်ဖြစ်မြောက်ရေး၊ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ပိတ်စွယ်၊ သဲဖြူဝိုင်းရပ်ကွက်အတွင်းတွင် တစ်ဧကနီးပါးရှိသော အသင်းပိုင်မြေကွက်ကို ၀ယ်ယူထားပြီး အနှစ်(၃၀) မြေဂရံကိုလည်း ရရှိပြီးဖြစ်သည်။ အသင်းအနေဖြင့် အဆောက်အဦးဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။

မိုးကုတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သည် စတင်တည်ထောင်ခဲ့သည့် ၁၉၇၂-ခုနှစ်မှစ၍ ယခုလက်ရှိ အချိန်ကာလအထိ အမှုဆောင်ကော်မတီများဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး အသင်းတာဝန်များကို ဆောင်ရွက်လျှက်ရှိရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။ မိုးကုတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း အသင်း၏ဆောင်ရွက်မှုအပေါ် အပြုသဘော ဝေဖန်ခြင်း၊ အကြံပြုခြင်းများကို ကြိုဆိုလျှက်ရှိကြောင်း သိရသည်။ မြို့သူမြို့သားများအနေဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်းကိုလည်း မိုးကုတ်မီဒီယာသို့ သတင်းပါးရင်း ဖိတ်ခေါ်ထားပါသည်။
STA


Source: TLCC (MGK)

Read More...