Monday, December 31, 2007

Hoping to New Year 2008

၂၀၀၇-ခုနှစ်အတွင်း အခြေအနေအရပ်ရပ်တို့သည် အားလုံးသိကြသည့်အတိုင်း အပြောင်းအလဲ၊ အလှုပ်အယမ်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ကျနော်တို့ မြန်မာဘလော့ဂါ လောကတွင်လည်း …

- အမ်ဘီအက်စ် ..။
- ဘလော့များတွင် မြန်မာစာလုံးကို အဆင်ပြေလှပစွာ အသုံးပြုနိုင်ရန်အတွက် အခမဲ့သုံးစွဲခွင့်ပြုပေးခဲ့သော အယ်လ်ဖာမှ ဇော်ဂျီ ..
- လေ့လာအသုံးချလိုသူများအတွက် သတင်းအချက်အလက်များ၊ ဘာသာစကားများ၊ ဘလော့နည်းပညာများနှင့် အခြား ဗဟုသုတများကို တကူးတက စေတနာထားကာ ပို့စ်တင်ပေးကြသော ဘလော့များ ..။ ဘလော်ဂါများ ..။
- လူငယ်များဦးစီးကာ စည်းစည်းလုံးလုံးဖြင့် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ကြသော ဘလော့ဆမီနာများ ..။
အစရှိသဖြင့် အဆင့်အတန်းရှိသော လုပ်ရပ်များ လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်များ ဖြစ်ခဲ့ကြသည်။
အယူအဆမတူညီကြသော်လည်း အောင်မြင်စွာတွဲဖက် အလုပ်လုပ်ကိုင်နိုင်သည့် အတွေ့အကြုံများ ရရှိခဲ့ကြသည်။

ယခုလာမည့် ၂၀၀၈-ခုနှစ်တွင်လည်း ထိုထက်ပို၍ ကောင်းမွန်သော၊ များပြားသော မှတ်တိုင်များကို စိုက်ထူနိုင်မည်ဟု မျှော်လင့်မိပါသည်။

မိတ်ဆွေများအား နှစ်ကူးလက်ဆောင်အနေဖြင့်...
၂၀၀၇-ခုနှစ် အမျိုးသားစာပေဆုရ (ဘာသာပြန်-သုတ) စာအုပ်တစ်အုပ်ဖြစ်သော
ဆရာကျော်ဝင်း၏ ကမ္ဘာပြားပြီ စာအုပ်အဖုံးမှ စာသားများအား
ဂရုပြု ဆင်ခြင်နိုင်မိရန် တင်ပေးလိုက်ပါသည်။

ဂူးဂဲလ်ကဲ့သို့သော ရှာစက်များက ကမ္ဘာကြီးကို အပြားခတ်လိုက်သည်ဆိုသည်မှာ …
ချိုင့်ဝှမ်းများ၊ တောင်ကုန်းများကို ဆွဲညှိလိုက်ခြင်း ဖြစ်သည်။
ဤတွင် ချိုင့်ဝှမ်းများ၊ တောင်ကုန်း၊ တံတိုင်းနှင့် ကျောက်ဆောင်များတွင် ပုန်းအောင်းနေသူများအတွက်
ပုန်းခိုစရာနေရာမရှိ ဖြစ်လာရတော့သည်။
သို့အတွက် ...
ဘ၀တွင် ရိုးသားစွာအသက်ရှင်နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဟု ဆိုရတော့မည် ဖြစ်ပါသည်။
အကြောင်းမူ သင်ပြုသမျှ အပြုအမူတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ အသေအချာ ဖော်ထုတ်ခံရနိုင်သောကြောင့် ဖြစ်သည်။
ကမ္ဘာကြီး ပိုပြားလာသည့်နှင့်အမျှ သာမန်လူများကို အရာရာ ထိုးဖောက်မြင်နိုင်စွမ်းသော နတ်မျက်စိ တပ်ပေးလိုက်သလိုရှိလာသည်။

အရပ်ရပ် အခြေအနေအောက်တွင်..၊
အပြောင်းအလဲ လှိုင်းလုံးကြီးများကြားတွင်..၊
နှစ်မြုပ်မကျန်ရစ်ဘဲ..၊
လှိုင်းထန်လှေဆန်ခရီးကို အောင်မြင်စွာ ဆန်တက်နိုင်ရေးမှာ
ကျနော်တို့ခေတ်၏ အကြီးဆုံးစိန်ခေါ်မှုဟု
ဆိုနိုင်လိမ့်မည် ဖြစ်ပါသည်။
ဤစိန်ခေါ်မှုကြီးကို တုံ့ပြန်ရင်ဆိုင်နိုင်ရေးမှာ
လွယ်လိမ့်မည်မဟုတ်သလို
ရှောင်တိမ်း၍ ရနိုင်ဖွယ်ရာလည်း မမြင်ပါ။
မလွဲမရှောင်သာ ဖောက်ထွက်ရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။
T.P

Read More...

Saturday, December 29, 2007

Gems from Mogok

Name of Gems Obtained at Mogok Stone Tract

STA

Read More...

Monday, November 26, 2007

Literary Award

ဒုတိယအကြိမ် သဟာယစာပေဆုကို ဘယ်သူများ ရမှာပါလဲ


မိုးကုတ်မြို့က သဟာယစာကြည့်တိုက်ရဲ့ သဟာယစာပေဆု ကို ပြီးခဲ့တဲ့နှစ်က ပထမအကြိမ် အဖြစ် ဆုရွေးချယ် ပေးအပ်နိုင်ခဲ့ပါတယ်။ ဒီဆုကို ပထမဦးဆုံး ဈေးဦးပေါက်သွားသူကတော့ မန္တလေးမြို့က စာရေးဆရာ ညီပုလေး ပဲဖြစ်ပါတယ်။ သဟာယစာကြည့်တိုက်ဟာ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မ ရပ်ကွက်မှာ တည်ရှိပါတယ်။ သဟာယစာကြည့်တိုက်ကို ၁၉၃၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ စာကြည့်တိုက်ပေါင်း (၁၀)ခုကျော်အနက် သက်တမ်းအရှည်ကြာဆုံး၊ စာအုပ် အစုံလင်ဆုံးနဲ့ လူသိအများဆုံး စာကြည့်တိုက် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် မပျက်မစီးအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး မျိုးဆက်အသီးသီးတို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ရာမှာ ယခု လူငယ်မျိုးဆက်သစ်များက ဆက်လက်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်လျှက် ရှိတာကိုလည်း အားရဖွယ်ရာ တွေ့မြင်ရပါတယ်။ ဒီလို လူငယ်တွေရဲ့ ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်မှုတွေကြောင့် နံရံကပ်စာစောင်ပြပွဲများတင် သာမကပဲ စာပေဟောပြောပွဲများ၊ စာပေဆုများ ချီးမြှင့်ပေးအပ်လာနိုင်သည်အထိ တိုးတက်အောင်မြင်လာခဲ့ပါတယ်။ နှစ်စဉ် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ (၄)ရက်နေ့ ရောက်လေတိုင်း သဟာယစာပေဆုကို ချီးမြှင့်နိုင်ဖို့ ဆုချီးမြှင့်ရေးကော်မတီက ရက်သတ်မှတ်ခဲ့ကြပါတယ်။ လာမယ့် ဒုတိယအကြိမ် သဟာယစာပေဆုကိုကော ဘယ်သူဘယ်ဝါကို ချီးမြှင့်ပေးအပ်မယ်ဆိုတာ ဆုရွေးချယ်ရေး ကော်မတီဝင်တွေ အနေနဲ့ ယခုအချိန်မှာ ငြင်းခုန်သတ်ပုတ် ရွေးချယ်အလုပ်ရှုပ်နေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဆရာ ညီပုလေးရဲ့ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်မှာတော့ ဆရာညီပုလေးရဲ့ ၀တ္ထုတိုများဟာ လူသားဆန်ပြီး မျက်မှောက်လူမှုပတ်ဝန်းကျင်ကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဖော်ပြပါရှိပါတယ်။ မိုးကုတ်မြို့ရဲ့ တစ်ခုတည်းသော စာပေဆုဖြစ်တဲ့ သဟာယစာပေဆုကို ဒီနှစ်မှာ ဘယ်သူရမယ်ဆိုတာ အားလုံးက စိတ်ဝင်တစားနဲ့ မျှော်လင့်နေပါကြောင်း…။



စာရေးဆရာညီပုလေး (Profile)
၁၉၅၂-ခုနှစ်တွင် မန္တလေးမြို့၌ အဖ လူထုဦးလှ ၊ အမိ လူထုဒေါ်အမာ တို့မှ မွေးဖွားခဲ့။ အမည်ရင်း ငြိမ်းချမ်း (ခေါ်) ဘိုညို။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့။ မန္တလေး ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒဘာသာရပ်ဖြင့် ရရှိခဲ့သည်။
၁၉၈၅-ခုနှစ်တွင် စပယ်ဖြူမဂ္ဂဇင်း၌ လျှက်ဆားတစ်တို့ ၀တ္ထုတိုဖြင့် စတင် ဖော်ပြခြင်းခံရပြီး မဂ္ဂဇင်းများတွင် ၀တ္ထုတိုများ ဆက်လက်ရေးသားခဲ့။ ပထမဆုံး လုံးချင်းဝတ္ထုတိုစာအုပ် သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ကို ရေးသားထုတ်ဝေခဲ့ပြီးနောက် ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ၀တ္ထုတိုများ၊ လမင်းရဲ့ ချိုသာသော လက်ခုပ်သံ၊ တစ်ကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ လူအအိပ်မက် ၀တ္ထုတိုများ အပြင် ခရီးသွားဆောင်းပါးအဖြစ် လီဒို-ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။
ထို့ပြင် မြေးသူကြီး ၀တ္ထုနှင့် ၂၀၀၆-ခုနှစ်အတွက် ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါသည်။
S.T.A

Read More...

Sunday, November 18, 2007

Dialectual Word Form in Mogok Stone Tract

မိုးကုတ်ကျောက်တွင်းဒေသဆိုင်ရာ အခေါ်အဝေါ်များ
.
မြေတွင်း
ကျောက်မျက်ရတနာထွက်ရှိရာ မြေကြီးအတွင်းသို့ တူးဖော်လုပ်ကိုင်သော တွင်းအမျိုးအစား။

ခဲတွင်း
ပင်မသိုက်ဖြစ်သော ကျောက်ဆောင်များအတွင်းမှ ခဲများကို ယမ်းဘီလူး၊ ဒိုင်းနမိုက် တို့ဖြင့် ခွဲထုတ်၍ ကျောက်မျက်ရိုင်းများ ထုတ်ယူရသော တွင်းအမျိုးအစား။ (မိုးကုတ်ဒေသတွင် ကျောက်ဆောင်များအတွင်းမှ ကျောက်မျက်ရိုင်း ထုတ်ယူနိုင်ကြောင်းကို နှစ်ပေါင်းများစွာ ကတည်းကပင် ဘူမိဗေဒပညာရှင်များက ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ၁၉၆၅-ခုနှစ် ၀န်းကျင်မှသာ ကျောက်လွှာကို ခွဲထုတ်၍ ကျောက်မျက်ရှာဖွေခြင်းကို စတင်လုပ်ကိုင်လာခဲ့ကြသည်။)

စက်တွင်း
ရေစုပ်စက်၊ သဲစုပ်စက်၊ ဗြုံးစုပ်စက်၊ ဗြုံးဆေးစက်၊ ယမ်းဖောက်စက် စသည့် စက်ကိရိယာများ အကူအညီဖြင့် တူးဖော်လုပ်ကိုင်သည့်တွင်း။

လက်တွင်း
စက်အင်အားကို မသုံးပဲ လူ၏ ခွန်အားနှင့် ကျွမ်းကျင်မှုကို အသုံးပြု၍ တနိုင်တပိုင် တူးဖော်လုပ်ကိုင်သော ရှေးရိုးအစဉ်အလာတွင်း။
.
တွင်းလုံး
တွင်းဝ၌ စက်ဝိုင်းပုံဖြင့် လူတစ်ကိုယ်စာ ၀င်ဆံ့ရုံတူးပြီး မြေအောက်ရှိ ဗြုံးမြေသို့ရောက်အောင် တူးသွားရသော တွင်းကို ခေါ်သည်။ တွင်းလုံးတူးဖော်နည်းသည် မြေသားမာ၍ သိပ်သည်းကျစ်လျစ်မှုရှိသော နေရာများတွင်သာ အသုံးပြုနိုင်ပြီး မြေသားပျော့လျှင် မြေပြိုကျတတ်သဖြင့် အသုံးပြု၍ မရပေ။ တွင်းလုံးအောက်တွင် ဗြုံးကြော တွေ့ရှိပါက ၄င်းဗြုံးကြောတစ်လျှောက် မြေကို ခေါင်း၍ အတွင်းသို့ တူးဖော်ရသည်။ လုပ်သား သုံးယောက်ဖြင့် လုပ်ရသည်။

လေးပင်တွင်း
လေးထောင့်ကျကျ မြေအောက်သို့ တူးဖော်သွားရသော နည်းဖြစ်သည်။ မြေမပြိုကျစေရန် သစ်သားမျှောတိုင်များ၊ ၀ါးများဖြင့် ဘောင်ခတ်ကာ တစ်ဆင့်ခြင်း အောက်သို့ တူးဆင်းသွားရပြီး ဘေးပတ်လည်ကို မြက်များ၊ သစ်ရွက် သစ်ခက်များဖြင့် ခုခံပေးရသည်။ လူတစ်ရပ်ခန့်ရောက်တိုင်း အသားတိုင်များဖြင့် ဘောင်ခတ် ခွေချလေ့ရှိပြီး ၄င်းကို ဒေသအခေါ်အားဖြင့် တစ်ဆက်ဟု ခေါ်သည်။ ဤနည်းဖြင့် အဆက် နှစ်ဆယ်၊ သုံးဆယ်ခန့်အထိ တူးဖော်လုပ်ကိုင်ကြပါသည်။ လုပ်သားအင်အား အနည်းဆုံး လေးယောက်ဖြင့် စတင်လုပ်ကိုင်နိုင်သည်။

ကိုးပင်တွင်း
ကိုးပင်တူးဖော်နည်းမှာ လေးပင်တူးဖော်နည်းနှင့် အတူတူပင်ဖြစ်သည်။ တွင်းဝ၏ ပုံသဏ္ဍာန်မှာ လေးထောင့်စတုရန်းပုံ ဖြစ်ပြီး လေးပင်တွင်းထက် ပို၍ ကျယ်ဝန်းသည်။ လူအင်အားမှာလည်း လေးပင်တွင်းထက် ပို၍ အသုံးပြုရလေသည်။
.
မျှောတွင်း
တောင်ကမ်းပါးများရှိ ဗြုံးများကို ရေအားဖြင့်တိုက်၍ ကျောက်မျက်ရတနာများ ဖော်ထုတ်သည့်နည်းပင် ဖြစ်သည်။ ဤနည်းကို အသုံးပြုရန်အတွက် အဓိကလိုအပ်ချက်မှာ ရေအလုံအလောက် ရရှိမှုနှင့် ရေစီးကောင်းသော ဆင်ခြေလျှောရှိရန်ပင် ဖြစ်သည်။ ရေရရှိရန်အတွက် အနီးပတ်ဝန်းကျင်ရှိ ချောင်းများ၊ အိုင်များ၊ ရေထွက်များမှ ရေကို မြောင်းဖောက်၍လည်းကောင်း၊ ၀ါးပြွန်များ ပိုက်များဖြင့် ဆက်၍လည်းကောင်း သွယ်တန်းယူရပါသည်။ ထို့နောက် တောင်စောင်း၊ တောင်ကမ်းပါးယံမှ မြေသားများကို ဗြုံးပေါ်လာသည်အထိ ရေအားဖြင့် တိုက်ချရပါသည်။ ထိုသို့ တောင်ကမ်းပါးယံမှ ဗြုံးမြေများကို ရေဖြင့်နှူး၍ ကြေမွစေပြီးမှ ရေနှူးနေသော ဗြုံးမြေသားကို ပေါက်ပြား၊ ပေါက်တူးများဖြင့် ထိုးဆွ၍ မွှေနှောက်သောအခါ မြေသားနှင့် သဲမှုံများသည် ရေနှင့်အတူ မျှောပါသွားကြသည်။ ကျောက်တုံးကျောက်ခဲများကိုမူ လက်ဖြင့်မ၍ သယ်ယူပြီး မြောင်းဘေးတစ်လျှောက် တစ်ခုပေါ်တစ်ခုဆင့်ကာ စီ၍ ထားလေ့ရှိကြသည်။ တွင်း၏ အောက်ကြမ်းပြင်တွင် အနည်ထိုင်လျှက်ရှိသည့် ကျောက်စရစ်ခဲများ၊ သဲများ၊ ကျောက်ရိုင်းများကို မြောင်းမြီးရောက်သည်အထိ မြောင်းတစ်လျှောက် တွင်းသမားများမှ ပေါက်ပြားဖြင့် ခြစ်ဆွဲရသည်။ ရေမြောင်း၏အဆုံးတွင် ဇလုပ်ခေါ် သစ်သားဖြင့်ပြုလုပ်ထားသည့် လေးထောင့်သဏ္ဍာန် ကျင်းတစ်ခု ခံထားကာ ရွှံ့များ၊ ကနယ်များကို ဇလုပ်ပေါ်မှ ဖြတ်သန်းစီးဆင်းစေပါသည်။ ထိုအခါ အလေးချိန်ရှိသော သဲနှင့် ကျောက်များမှာ ဇလုပ်အတွင်း၌ ကျန်ရစ်ခဲ့ပါသည်။ ထိုသို့ ဇလုပ်အတွင်း၌ ကျန်ရစ်ခဲ့သော သဲနှင့်ကျောက်များ ရောနှောနေသည့် သဲဖတ်များကို ကျုံးယူပြီး ကျောက်ရိုင်းများကို ရွေးချယ်ကောက်ယူရပါသည်။ ယခုတူးဖော်နည်းကို ရေပေါများစွာရနိုင်သော မိုးတွင်းကာလတွင် များစွာ အသုံးပြုကြသည်။ အခြားတူးဖော်နည်းများထက် စရိတ်စက များစွာ သက်သာစေပါသည်။

အင်းပြဲ
အင်းပြဲသည် မြေပြန့်တွင်ဖြစ်စေ၊ ပြေပြစ်သော တောင်စောင်းတွင်ဖြစ်စေ တူးဖော်နိုင်ပြီး တိမ်၍ ဘေးသို့ ပိုမိုကျယ်ပြန့်စွာ တူးသော ကျင်းကျယ်ကြီးများ ဖြစ်သည်။ အင်းပြဲတူးဖော်နည်းတွင် စိမ့်ရေကို ခပ်ထုတ်နိုင်ရန် အရေးကြီးသည်။ တူးဖော်ပုံမှာ တွင်းကို ဧရိယာ ကျယ်ဝန်းစွာ တူးထုတ်လိုက်ပြီး ထွက်လာသမျှရေကို စုပ်ထုတ်ကာ ဗြုံးကြောရောက်သည်အထိ တူးဖော်ရပါသည်။ ဗြုံးကြောရောက်လျှင် ဗြုံးသားများကို မြေပေါ်ရောက်အောင် တင်ယူပြီး သီးခြား ဆေးယူရပါသည်။ အင်းပြဲတူးဖော်နည်းကို ဗြုံးကြောတိမ်သည့် နေရာများတွင် လုပ်ကိုင်ကြပြီး ဗြုံးကြောနက်သည့် နေရာများတွင် ကုန်ကျစရိတ် မြင့်မားမှုကြောင့် လုပ်ကိုင်သူ နည်းပါးသည်။

လူးတွင်း
လူးတွင်းဆိုသည်မှာ ထုံးကျောက်အတွင်း၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော လှိုဏ်ခေါင်းများအတွင်းသို့ လူးလွန့်ဝင်ရောက်ကာ ကျောက်များ ရှုာဖွေသော နည်းစနစ်ဖြစ်သည်။ လှိုဏ်ခေါင်းများ၊ ဂလှိုင်များအတွင်းတွင် ဘေးပတ်ဝန်းကျင်မှ ရေတိုက်စားမှုကြောင့် ကျောက်မျက်အချို့မှာ ကျောက်ခဲတွင် ကပ်နေရာမှ ပြုတ်ကျလာပြီး ကျောက်စရစ်ခဲများ၊ ရွှံ့မြေများနှင့် အတူ ရောနှော၍ စုပုံနေတတ်ပါသည်။ ထိုသို့ ရောနှောလျှက်ရှိသော အစုအဝေးကို လူးတွင်းစနစ်ဖြင့် ရှာဖွေခြစ်ယူပြီး အပြင်သို့ ရောက်သည်အထိ ခက်ခက်ခဲခဲ သယ်ထုတ်ရသည်။ ထိုသို့ လှိုဏ်ခေါင်းများတစ်လျှောက် မြေစာများ၊ ဗြုံးကြောများ ရှာဖွေရာတွင် အချို့နေရာများမှာ မတ်တပ်ရပ်ပြီး ၀င်မရသဖြင့် ထိုင်ပြီး တရွေ့ရွေ့ သွားရသကဲ့သို့၊ အချို့နေရာများတွင် ပက်လက်လန်အိပ်ကာ သွားရသည့်နေရာမျိုးလည်း ရှိရာ အောက်မှ စီးထွက်လာသော ရေများနှင့် အထက်မှ ကျလာသော ရေစက်ရေပေါက်များအကြား သွားလာ၍ ခက်ခဲစွာ လုပ်ကိုင်ကြရသည်။ လူးတွင်းလိုက်ခြင်းသည် ခက်ခဲပြီး အန္တရာယ်များလှသည်။

လက်ကြားတွင်း
ကျောက်တုံးများအကြား၊ ကျောက်ပင်နှစ်ခုကြား၊ ကျောက်ထရံနှစ်ခုကြားရှိ မြေကြီးများကို ကြုံးယူ၍ ဆေးကြောကာ ကျောက်မျက်ရတနာ ရှာဖွေခြင်း ဖြစ်သည်။ အချို့လက်ကြားတွင်းများသည် လူအားဖြင့် ကြုံးယူရင်း တဖြည်းဖြည်း နက်ရှိုင်းလာကာ ဗြုံးကြောတွေ့လျှင် ယမ်းဖြင့် ခွဲ၍ ဆက်လက်လုပ်ကိုင်ကြရာမှာ လူးတွင်းကဲ့သို့ ဖြစ်သွားသည်။

ခနဲဆေးခြင်း
ဗြုံးမြေမှုန့်ဖြစ်သော ကနယ်မြေကို ရေစီးတွင် ပါသွားစေရန် ဆေးကြောပြီး သဲကျောက်များကို ပုတ်တောခေါ် ၀ါးဇကာထဲ၌ ကျန်အောင် ပြုလုပ်သောကြောင့် ကနယ်ဆေးသည်ဟု ဆိုရာမှ ကာလကြာသော် ခနဲဆေးသည်ဟူ၍ ရွေ့လျားလာခဲ့သည်။ ခနဲဆေးခြင်းကို မိန်းမများ အဓိက လုပ်ကိုင်ကြသည်။ မိန်းမများမှာ ယောက်ျားများကဲ့သို့ ပင်ပင်ပန်းပန်း တွင်း၊ မျှော စသည်တို့ကို မလုပ်နိုင်သောကြောင့် ချောင်း မြောင်း အတွင်းနှင့် မျှောမြီးနေရာများတွင် မျှောပါလာသော ဗြုံးမြေများကို တူးဆွကာ ရေတွင် ဆေးကြောခြင်းဖြင့် ကျောက်မျက်ရတနာများကို ရှာဖွေကြသည်။

ဗြုံးမြေ
ကျောက်မျက်ရိုင်းများ ပါရှိသည့် သဲ၊ ရွှံ့တို့ဖြင့် ရောနှောနေသော မြေကြီး။ ဗြုံးတွင်ပါဝင်သော အရာဝတ္ထုများ၏ အချိုးအဆကို မှီ၍ ဗြုံး၏ အရောင်အဆင်း ကွဲပြားကြသည်။ ရွှံ့စေးနှင့် မြေစေးပိုများသော ဗြုံး၏ အရောင်သည် အပြာဖက်သော မီးခိုးရောင်အဆင်းရှိ၍ ၄င်းကို စမြေဗြုံးဟု ခေါ်သည်။ သဲပွင့်ကြီးများနှင့် ကျောက်စရစ်ခဲ ပို၍များသော ဗြုံး၏အရောင်မှာ အ၀ါရောင်ရှိပြီး ၄င်းကို သဲဗြုံး (သို့) ခဲဗြုံးဟု ခေါ်သည်။ သဲနုများပါသော ဗြုံးကို မှုံဗြုံးဟုခေါ်သည်။ ၄င်း၏ အရောင်မှာ အောက်ခံ ကျောက်ဆွေး ကျောက်ပုတ်ကိုမှီပြီး ဒေသအလိုက် အရောင်ကွဲပြားသည်။ ဗြုံးများကို အချို့နေရာများတွင် မြေပြင်နှင့် နီးကပ်စွာ တွေ့ရှိရပြီး အချို့နေရာများတွင်မူ နက်ရှိုင်းသော မြေအောက်အတွင်း၌ တွေ့ရသည်။

မြေစာ
ကျောက်မျက်ရတနာများထွက်ရှိရာ ဗြုံးအလွှာသို့ မရောက်မှီ အပေါ်မှ တူးထုတ်ပစ်လိုက်ရသော ကျောက်မျက်ရိုင်းများ မပါရှိဟု ထင်ရသည့် မြေကြီး။

ခဲစာ
ကျောက်ဆောင်အတွင်းမှ ယမ်းဖြင့် ခွဲထုတ်၍ ထွက်လာသော ကျောက်မျက်ရတနာများ ပါရှိသည့် ခဲများကို တူဖြင့်ထုခွဲ၍လည်းကောင်း၊ စက်ဖြင့်ကြိတ်ခွဲ၍လည်းကောင်း ကျောက်မျက်ရတနာများ ရှာဖွေအပြီး စွန့်ပစ်လိုက်သော ခဲအသေးများ။

မုံ
သဲအနုစား။

တွင်းတော
ကျောက်တွင်းများ အများအပြား တူးဖော်လုပ်ကိုင်နေကြသည့် နေရာ။

ကွက်ရပ်
ကျောက်မျက်ရတနာထွက်ရှိရာ နေရာ၊ ဋ္ဌာန။

လုပ်ကွက်
အစိုးရမှ သတ်မှတ်နေရာချထားပေးသည့် ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်ခွင့်ပြုသော နေရာ။
.
ရေမုံခွက်
ဗြုံးမြေကို ရေဖြင့် အရည်ဖျော်၍ မွှေရန် သစ်သားဖြင့် ပြုလုပ်ထားသော ရေလှောင်ကန်ငယ်။

ဇလုပ်
ရေမုံခွက်မှလာသော ရေထွက်မြောင်း၏ အဆုံးတွင် သဲနှင့်ခဲများ ထွက်မသွားစေရန် ပိတ်ထားသောနေရာ။

ကလက်
တွင်း၏အောက်ခြေတွင် မှောင်နေပြီး အလင်းရောင်မလုံလောက်သောအခါ တွင်း၏အပေါ်မှနေ၍ နေရောင်အောက်တွင် အလင်းပြန်စေကာ တွင်းအောက်သို့ ရောင်ပြန်ဟပ်စေသော ငွေရောင်စက္ကူဖြင့် ကပ်ထားသည့် ဂျပ်ပြား။

တွင်းလက်ဖျား
လေးပင်တွင်း၊ လူးတွင်း၊ လက်ကြားတွင်းများ၌ ဗြုံးကြောရှိရာသို့ လိုက်ရာတွင် စဖွင့်သည့်နေရာမှ နောက်ဆုံး ရောက်ရှိသည့်နေရာ။

ခေါင်းမိုးကျင်း
(ခေါင်းဖုံးကျင်း၊ ခေါင်းပေါင်းကျင်း ဟုလည်း ခေါ်သည်။) ဗြုံးအလွှာသို့ မရောက်ရှိမှီ အပေါ်ယံမြေသားအလွှာကို ယူ၍ ဖယ်ရှားပစ်ခြင်း ဖြစ်သည်။

ခေါင်းစားထိုး
(ခေါင်းသားလိုက်သည်ဟုလည်း သုံးနှုံးသည်။) မိမိတူးဖော်နေသော တွင်းသည် ဗြုံးရှိရာအလွှာသို့ ရောက်ရှိသောအခါ တွင်း၏ နံဘေးဖက်သို့ လှိုဏ်ခေါင်းများ ပြုလုပ်ကာ ဗြုံးကြောသွားရာနောက် လိုက်ပြီး ဗြုံးမြေများကို ရယူခြင်းဖြစ်သည်။

ခဲလှုပ်
ပင်မကျောက်ဆောင်နှင့် တစ်ဆက်တစ်စပ်တည်းမဟုတ်ပဲ မြေကြီးအတွင်းတွင် သီးခြားနစ်ဝင်နေသည့် တွင်းလုပ်သူများအတွက် အသက်အန္တရာယ် ရှိနိုင်သော ခဲအကြီးစား။

ထာ
ကျောက်မျက်ရတနာများ ထည့်၍ ကြည့်ရှုရန် ကြေးဖြင့် ပြုလုပ်ထားသော လင်ဗန်းဝိုင်း။

ထာပွဲ
ကျောက်မျက်အရောင်းအ၀ယ် ပြုလုပ်ရာနေရာ၊ စုရပ်။ ကျောက်မျက်ရတနာဈေး။ (ကျောက်ထုပ်များကို ထာခေါ် ကြေးလင်ဗန်းပေါ်တွင် ထည့်၍ ပြသရောင်းဝယ်ကြသည်ကို အစွဲပြုပြီး နောင်တွင် ထာပွဲဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။)

အောက်ကျောက်
အရွယ်အစား သေးငယ်၍သော်လည်းကောင်း၊ အရည်အသွေး ညံ့ဖျင်း၍သော်လည်းကောင်း တန်ဖိုးအားဖြင့် မများသော ကျောက်များ။ (ထမင်းစားကျောက်ဟုလည်း ခေါ်သည်)

ကျောက်ကြီး
အရွယ်အစားကောင်းမွန်ပြီး အရည်အသွေးလှပ၍ တန်ဖိုးအားဖြင့် ကြီးမြင့်သော ကျောက်မျက်ရတနာများ။

အရိုင်း
ပြုပြင်မွမ်းမံခြင်း၊ ဖြတ်တောက်သွေးယူခြင်း မပြုရသေးသော သဘာဝအတိုင်း ရှိနေသည့် ကျောက်မျက်ရတနာများ။

အယဉ်
ပြုပြင်မွမ်းမံ၍ ဖြတ်တောက်သွေးယူပြီး လက်ဝတ်ရတနာပြုလုပ်ရန် အဆင်သင့်ဖြစ်အောင် ပြုလုပ်ထားသည့် ရောင်းတန်းဝင် ကျောက်မျက်ရတနာများ။

အစင်
ကျောက်၏အရောင်နှင့် အရွယ်အစား မည်သို့ပင် ရှိစေကာမူ အပြစ်အနာကင်း၍ သန့်စင်ကြည်လင်သော ကျောက်မျက်ရတနာများ။

အပြစ်
ကျောက်သားအတွင်းရှိ အက်ကွဲကြောင်း။

အရည်
ကျောက်တစ်ပွင့်၏ အရောင်အသွေး အနု အရင့်။

အချို
အရည်ဖျော့သော ကျောက်။

အထက်
အရည်ရင့်သော ကျောက်။

အဖောက်
အကြီး။ မိမိဝယ်နေကျကျောက်ထက် အရွယ်အစားအားဖြင့် ကြီးသော ကျောက်။

အညှာ
အသေး။ မိမိဝယ်နေကျကျောက်ထက် အရွယ်အစားအားဖြင့် သေးသော ကျောက်။
.
အဖြုန်း
ရတနာတန်းမ၀င်သော ကျောက်။

မတ်စာ
ကျောက်သွေးရာတွင် သုံးသော ပစ္စည်းတစ်မျိုးဖြစ်သည့် မတ်ခေါ် အောက်ခံပြားများကို ပြုလုပ်ရာတွင် ရှေးအခါက အရည်အသွေးမကောင်းသော ရောင်းတန်းမ၀င်သည့် ကျောက်များကို စု၍ အမှုန့်ဖြစ်အောင် ထုထောင်းကာ ပြုလုပ်ကြရသည်။ ထိုအခေါ်အဝေါ်ကို အစွဲပြုပြီး အရည်အသွေးမကောင်းသော၊ တန်ဖိုးမရှိသော၊ ရောင်းတန်းမ၀င်သည့် အောက်ကျောက်များကို မတ်စာကျောက်ဟု ခေါ်ဝေါ်ကြသည်။

အစည်း
ကျောက်ထုပ်တစ်ထုပ်အတွင်းတွင် ပါဝင်သော ကျောက်မျက်ရတနာများအနက် အရည်အသွေးအားဖြင့်လည်းကောင်း၊ တန်ဖိုးအားဖြင့်လည်းကောင်း အကောင်းဆုံး အနေအထားရှိသည့် ကျောက်များ။

အမြီး
ကျောက်ထုပ်တစ်ထုပ်အတွင်းတွင် ပါဝင်သော ကျောက်မျက်ရတနာများအနက် အရည်အသွေးအားဖြင့် လည်းကောင်း၊ တန်ဖိုးအားဖြင့်လည်းကောင်း အကောင်းဆုံး အနေအထားရှိသည့် ကျောက်များကို နှုတ်ယူပြီး ကျန်ရှိသော ကျောက်များ။

ပွင့်ကောက်သမား
တန်ဖိုးမြင့်၍ အရည်အသွေးကောင်းသော ကျောက်များကိုသာ တစ်ပွင့်ခြင်း စိတ်ကြိုက် ၀ယ်ယူကြသူများ။

အစပ်ကျောက်သမား
မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာများစွာအထဲမှ မိမိကျွမ်းကျင်သည့် ကျောက်တစ်မျိုးမျိုးကိုသာ ဦးစားပေး၍ အထုပ်လိုက်ပြည့်အောင် ၀ယ်ယူကြသူများ။

တစ်ကိုက်
အလေးချိန် တစ်ကရက်(တစ်ကလပ်) အရွယ်ရှိသောကျောက်။

နှစ်ကိုက်
အလေးချိန် နှစ်ကရက်(နှစ်ကလပ်) အရွယ်ရှိသောကျောက်။

သုံးကိုက်
အလေးချိန် သုံးကရက်(သုံးကလပ်) အရွယ်ရှိသောကျောက်။

သုံးမတ်ကိုက်
အလေးချိန် တစ်ကရက် အရွယ်အောက်ရှိသော ကျောက်။

ငါးမူးတင်(နှစ်လုံးစီး)
အလေးချိန်အားဖြင့် ကရက်ဝက်ခန့်ရှိပြီး နှစ်ပွင့်ပေါင်းလျှင် တစ်ကရက် အလေးချိန်ရှိသောကျောက်။

သုံးလုံးစီး
သုံးပွင့်ပေါင်းလျှင် အလေးချိန် တစ်ကရက်ရှိသော ကျောက်။

လေးလုံးစီး
လေးပွင့်ပေါင်းလျှင် အလေးချိန် တစ်ကရက်ရှိသော ကျောက်။

စွယ်(ဇွယ်ဟုအသံထွက်သည်)
အလေးချိန် တစ်ကရက်အောက်ရှိသော ကျောက်များကို ခြုံ၍ ခေါ်ဝေါ်သည်။

စံကျောက် (စံထားကျောက်)
ကျောက်ထုပ်တစ်ထုပ်စပ်ရာတွင် အရောင်အသွေး အရွယ်အစား တူညီစေရန်အတွက် စံထားပြီး နှိုင်းယှဉ်ဝယ်ယူနိုင်ရန် ထားရှိသော အခံကျောက်။

နတ်သွေးကျောက် (ဘဲရံ)
Spinel ခေါ် အညံ့ပန်းကျောက်ဖြစ်သည်။ ထိပ်နှစ်ဖက်ချွန်၍ မျက်နှာရှစ်မျက်နှာတွင် သွေးထားသကဲ့သို့ သဘာဝအားဖြင့် ဖြစ်တည်နေလေသည်။ ထိုကဲ့သို့ မူလသဘာဝ ပုံဆောင်ခဲသဏ္ဍာန်မပျက်ပဲ ထွက်ရှိလာသောကြောင့် လူကျောက်သွေးဆရာက မသွေးရပဲ နတ်ကျောက်သွေးဆရာများမှ သွေးထားသည်ဟု တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ထိုကျောက်မျိုးကို ထပ်မံ အကွက်ချစရာ မလိုတော့ပဲ အရောင်တင်ပေးရုံမျှ ပြုလုပ်ပြီး လက်ဝတ်ရတနာထည်များ ပြုလုပ်ကာ ၀တ်ဆင်နိုင်သည်။

အိတ်သလဲ
ကျောက်ထုပ်များထည့်ရန် အ၀တ်စဖြင့် ချုပ်ထားသော ရှုံ့အိတ်။

ပဏာ
ကျောက်မျက်ရတနာ၏ အရည်နှင့် အပြစ်အနာအဆာတို့ကို ကြည့်ရှုစစ်ဆေးရန် နေရောင်ခြည်၏ အလင်းအား။

ပြင်သစ်
ရုတ်တရက်ကြည့်လျှင် ခွဲခြား၍မရပဲ ကျောက်အစစ်ကဲ့သို့ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားသော ကျောက်အတု။ ( ပြင်သစ်လူမျိုး Mr-Verneuilက ၁၉၀၄-ခုနှစ်တွင် ပတ္တမြားကို ဓာတုဗေဒနည်းဖြင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာသို့ ကြေငြာခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ၄င်းကျောက်အတုများ မိုးကုတ်သို့ စတင်ရောက်ရှိလာသည်။)

စောကူ
(ရှမ်းဘာသာစကားဖြစ်သည်) မြေစာ (သို့) ခဲများကို သွန်ပစ်ရန်အတွက် ၀ါးဖြင့် ယက်လုပ်ထားသော လက်ဆွဲကိုင်းပါသည့် ထည့်စရာခြင်း။
.
ပုတ်တော
ကျောက်ဆေးရာတွင် အသုံးပြုသည့် ၀ါးဖြင့် ယက်လုပ်ထားသော ဇကာ။

ပေါလန်
(ရှမ်းဘာသာစကားဖြစ်သည်) ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝပြီး ကျောက်တွင်းများကို ပိုင်ဆိုင်သော အရှင်သခင်။
.
မဲလန်
(ရှမ်းဘာသာစကားဖြစ်သည်) ကျောက်တွင်းပိုင်ရှင်၏ ဇနီး (သို့) ကျောက်တွင်းများကို ပိုင်ဆိုင်သော အရှင်သခင်မ။

တွင်းသား (တွင်းသမား)
ကျောက်တွင်း ကာယအလုပ်သမား။

တွင်းဆရာ
ကျောက်တွင်းတူးခြင်းလုပ်ငန်းကို ကျွမ်းကျင်၍ ကျောက်ရှိသည့်မြေလွှာကို ခွဲခြားတတ်ပြီး တွင်းသားများအား ဦးဆောင်လမ်းညွှန်မှုပေးနိုင်သော ရိုးသား၍ သမာသမတ်ကျသည့် ပုဂ္ဂိုလ်။

စို့သူကြီး
ပဒေသရာဇ်မင်းတို့က ရွေးချယ်ခန့်အပ်ထားသည့် ပတ္တမြားကျောက်တွင်းနယ်မြေကို စီမံအုပ်ချုပ်ရသော အကြီးအကဲ။ (ရှေးက မိုးကုတ်၊ ကသည်း၊ ကျပ်ပြင် သုံးဌာနတွင် စို့သူကြီးများမှ အုပ်ချုပ်ခဲ့သည်။)

(ဆက်လက်ပြီး ရှာဖွေစုဆောင်းလျှက် ရှိနေပါသည်။ မပါရှိသေးသည့် စကားလုံး ဝေါဟာရများကိုလည်း ပါဝင်ကူညီပြီး အဓိပါယ်ဖွင့်ဆို ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်)

S.T.A

Read More...

Tuesday, October 23, 2007

Biography of Mogok Sayardaw

အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား၏ ထေရုပတ္တိ အကျဉ်း


မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့ တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌ၀တီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။
ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ၀ါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော်အား ဥပဇ္ဈာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ၁၂၈၆-ခုနှစ်တွင် မင်္ဂလာ ကျောင်းတိုက်အတွင်း၌ ကျောင်းထိုင်စာချဖြစ်ကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ စာဝါများ ပို့ချတော်မူခဲ့သည်။ နောင်တွင် ပထမကျော်ဆရာကြီး ဦးအုန်း လက်စမသတ်ခဲ့ရသော အဘိဓမ္မာတံခွန်ကျမ်းကြီးကို လက်စသတ် ရေးသားတော်မူသည်။ ထို့နောက် ယမကမဉ္ဖူရီကျမ်းနှင့် ပုထုဇနအလင်းပြကျမ်း များကိုလည်း ပြုစုတော်မူခဲ့သည်။
ဆရာတော် ဦးဝိမလသည် စာသင်သားရဟန်းတော်များအား စာပေပို့ချတော်မူလျှက်ပင် တစ်ဖက်မှလည်း လူဒါယကာ ဒါယိကာမအပေါင်းတို့ကို အဘိဓမ္မာတရားတော်များ ဟောကြားပြသတော်မူခဲ့သည်။
ဆရာတော်ဦးဝိမလအား မိုးကုတ်မြို့၊ ဂျော့ခ်ျတောင်ရပ် (ယခု စည်ပင်သာယာရပ်ကွက်)မှ ကျောင်းဒကာကြီး ဦးလယ်နှင့် ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ၁၂၉၄-ခုနှစ်မှ စတင်ကာ မိုးကုတ်သို့ နှစ်စဉ်ကြွရောက်၍ တရားတော်များကို ဟောကြားပြသတော်မူသည်။ ၁၃၁၆-ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့မှ မိုးကုတ်မြို့တွင် မင်္ဂလာတိုက် ဟု ကမ္ဗည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းသည်ကို အလှူခံ ရရှိတော်မူသည်။
ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးစက်လာရာ စစ်ဘေး စစ်ဒဏ်တို့ကို ရှောင်တိမ်း၍ ဆရာတော်ဘုရားသည် မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူခဲ့သည်။ ထို့နောက် စစ်ဒဏ် ဗုံးဒဏ်တို့မှ ပို၍လုံခြုံစိတ်ချရန် မိုးကုတ်မြို့နှင့်လေးမိုင်ခန့်ဝေးသော ဘော်ဗဒန်းရွာသို့ ကြွရောက်သီတင်းသုံးကာ ထိုရွာအနီးရှိ ကျောက်လှိုဏ်ဂူအတွင်း၌ ၀ိပဿနာတရားများကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။ ထိုလှိုဏ်ဂူအတွင်း၌ပင် ၁၃၀၄-ခုနှစ် ၀ါဆိုဦးမှစ၍ လေးနှစ်လေးမိုးတိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့ပြီး တရားထူးများ ရရှိခဲ့လေသည်။ ယခင်ဟောကြားသော တရားတော်များနှင့် ကွာခြားလာပြီး စစ်ပြီးကာလတွင် ဟောသော တရားတော်များမှာ ပို၍ထူးခြားလာကာ လေးနက်မှုအပြည့်အ၀ရှိလာခဲ့သည်။


မိုးကုတ်မြို့မှဒကာများက ပင့်ဖိတ်၍ မိုးကုတ်သို့ကြွရောက် တရားဟောတော်မူခြင်း၊ မိုးကုတ်မြို့ရှိ ဒကာ ဒကာမ အပေါင်းတို့၏ ကြည်ညိုလေးစားတော်မူခြင်း၊ မိုးကုတ်မြို့မှပင် လာရောက်ပြီး ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ထိုမိုးကုတ်ကျောင်းကြီးပေါ်၌ သီတင်းသုံးတော်မူခြင်း စသည့် အကြောင်းအရင်းများကြောင့် မိုးကုတ်ဆရာတော်ဘုရား ဟု အမည်တွင်ခဲ့ရလေသည်။
မိုးကုတ်ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရားအလိုတော်အတိုင်း သစ္စာလေးပါးတရားတော်များကို ဟုတ်တိုင်းမှန်ရာ သိရှိနားလည်နိုင်စေရန်နှင့် ယောနိသောမနသိကာရ နှလုံးသွင်းမှန်စေရန် ရည်ရွယ်၍ အများနားလည်သော စကားများဖြင့် နည်းမျိုးစုံသုံးကာ ဟောကြားတော်မူခဲ့သည်။ ဆရာတော်၏ဟောဟန်မှာ အများခေတ်စားသလို သံနေသံထားအမျိုးမျိုး အသံနိမ့်မြင့်ဖြင့် ဟောခြင်းမျိုးမဟုတ်။ အကြောင်းအရာတစ်ခုကို အရပ်သုံးစကားဖြင့် ရှင်းပြခြင်းမျိုး ဖြစ်လေသည်။ ပရိယာယ်မပါ မှန်ရာကိုသာ တည့်တည့်ကြီးဟောပြောနေခြင်းမျိုး ဖြစ်သည့်အတွက် နားကြားရသူအဖို့တွင် နားလည်သဘောပေါက်လွယ်ကြသည်။ ဟောပြောရာတွင်လည်း မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ မရှိပဲ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ စေတနာအပြည့်ဖြင့် ဟုတ်တိုင်းမှန်ရာ ဟောပြ ညွှန်ပြတော်မူလေ့ ရှိပါသည်။ ယောဂီများအတွက်လည်း အခက်အခဲမရှိ တရားအားထုတ်နိုင်ရန် ၀ိပဿနာကျင့်စဉ်များကို နေ့စဉ်သုံးစကားဖြင့် သွန်သင်ဆုံးမထားခဲ့ပါသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးကပင်လျှင် မိုးကုတ်ဆရာတော်၏ ဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်တွေကို မြန်မာဘာသာနှင့် မြန်မာလူမျိုးတွေ နားလည်အောင် ဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားသာရှိမယ်ဆိုရင် မြန်မာအဋ္ဌကထာ ဆရာကြီးရယ်လို့ ဧတဒဂ်ဘွဲ့ထူး ပေးရလောက်ပါပေတယ် ဟု မှတ်ချက်ပြုတော်မူခဲ့သည်။
၁၃၆၂-ခုနှစ်၊ ၀ါဆိုလဆန်း(၇)ရက်၊ (၈.၇.၁၉၆၂)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီ အစိုးရ၏ သာသနာရေးဦးစီးဋ္ဌာနမှ လှူဒါန်းဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။
ဒုတိယကမ္ဘာစစ် မဖြစ်ပွားမှီ ၁၉၃၆-ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၉၈-ခုနှစ်)တွင် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ)၊ အနုရာဓမြို့ရှိ မဟာစေတီတော် ဂေါပကအဖွဲ့မှနေ၍ မေတ္တာရပ်ခံ အကူအညီတောင်းခံချက်အရ ဆရာတော်မှ ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမအပေါင်းတို့ လှူဒါန်းသော အဖိုးတန်ပတ္တမြားအပါအ၀င် ကျောက်လုံးရေ (၄၃၅၀)၊ ရွှေချိန် (၃)ပိဿာ၊ ဘော်ချိန် (၄၁)ပိဿာခွဲဖြင့် မွမ်းမံပြုလုပ်ထားသည့် ဥာဏ်တော်အမြင့် (၁၈)လက်မရှိသော စိန်ဖူးတော်ကြီးကို ရန်ကုန်မှတဆင့် ပင်လယ်ကူးသင်္ဘောဖြင့် သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။
တဖန် သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီး၏ စိန်ဖူးတော်အတွက် မိုးကုတ်မြို့မှနေ၍ ပေးပို့လှူဒါန်းလိုက်ကြောင်းကို ကြားသိရသော ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်စေတီတော် ဂေါပကအဖွဲ့ကလည်း ဗိုလ်တစ်ထောင်စေတီတော်တွင် လိုအပ်လျှက်ရှိသော စိန်ဖူးတော်ကို ထပ်မံအလှူခံပြန်ရာ ဆရာတော်မှပင် ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမများ စုပေါင်းကာ ၀ိုင်းဝန်းလှူဒါန်းကြပြီး ၁၉၃၇-ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်)တွင် မန္တလေးမှ ရန်ကုန်မြို့သို့ လေယာဉ် စင်းလုံးငှားဖြင့် ပေးပို့လှူဒါန်းခဲ့ပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချတော်မူကာ အကြွင်းမဲ့ အေးငြိမ်းတော်မူလေသည်။ ဆရာတော်ဘုရားသည် ခန္ဓာဝန်မချမှီအချိန်တိုင်အောင်ပင် သစ္စာလေးပါး တရားတော်များကို မရပ်မနား ဟောကြားသွားတော်မူခဲ့သည်။ သစ္စာလေးပါး တရားတော်ကို အဟောအပြော သက်သက်မျှ မဟုတ်ပဲ အလုပ်သဘောဖြင့် ကိုယ်တော်တိုင် သက်သေပြတော်မူခဲ့လေသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါးတရားတော်များမှာ တရားခွေများ၊ ဒစ်ဂျစ်တယ် အမ်ပီသရီး စီဒီများဖြင့် ပုဒ်ရေ တစ်ထောင်ခန့် ကျန်ရှိခဲ့ရာ ယခုတိုင် နာကြားနေကြရဆဲ ဖြစ်ပါသည်။ ထို့ပြင် အသံသွင်း တိတ်ခွေများမှတဆင့် စာအုပ်အဖြစ်သို့ ပုဒ်ရေငါးရာကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။ ဆရာတော်ဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အင်္ဂလန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ စသည့် နိုင်ငံခြားတိုင်းပြည် များတွင်လည်း ဘာသာပြန်ဆိုကာ လေ့လာအားထုတ်လျှက် ရှိကြပါသည်။
မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအသင်း သည်လည်း ယခုအခါ မြန်မာပြည်အနှံ့တွင် အဖွဲ့ခွဲပေါင်း (၂၆၉)ဖွဲ့နှင့် အဖွဲ့စိတ်ပေါင်း သုံးထောင်ကျော်ခန့် ရှိပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး မရှိတော့သော်လည်း ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါး တရားတော်များမှာကား ယနေ့တိုင် ရှင်သန်နေဆဲပင် ဖြစ်ပါတော့သည်။

- ငါသည် မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည်။
- အသေမဦးခင် ဥာဏ်ဦးအောင် ၀ိပဿနာ တရား အားထုတ်ကြပါ။ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
ကျမ်းကိုး
(၁) မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ (မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အဖွဲ့ချုပ်)၊၁၉၉၉-ခုနှစ် အောက်တိုဘာလ။
(၂) မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ (အရှင်ဃောသိတ)၊ သတ္တမအကြိမ်၊ ၂၀၀၂-ခုနှစ် အောက်တိုဘာလ။

S.T.A

Read More...

Monday, September 24, 2007

The Biggest Demonstration in Town History

သံဃာနှင့် လူထု ပူးပေါင်းပြီး ဆန္ဒပြ



ဒီနေ့ဟာဆိုရင် မြန်မာနိုင်ငံတ၀ှမ်းလုံး သံဃာတော်တွေဟာ လူထုနဲ့ပူးပေါင်းပြီး အဓမ္မမှုများ ချုပ်ငြိမ်းကာ ဓမ္မတရားများ ပေါ်ထွန်းလာစေရေးအတွက် အထွေထွေသပိတ်ကြီး ဆင်နွှဲနေတဲ့ သမိုင်းဝင်နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနံတလျား ဆန္ဒပြပွဲများ ကျင်းပနေသည်နှင့် တပြိုင်နက် မိုးကုတ်မြို့တွင်လည်း ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့ပါတယ်။ ရှေးဦးစွာ သံဃာတော်များနဲ့ လူထုတွေဟာ ဖောင်တော်ဦးဘုရားမှာ စုဝေးခဲ့ကြပြီး နေ့လည် (၁)နာရီခွဲ အချိန်မှာ မြို့တွင်းသို့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေရဲ့ အင်အားကို မေးလာခဲ့ရင်တော့ သံဃာတော်တွေဟာ တစ်ချို့ဆိုရင် ကျောင်းတိုက်ပြုတ်၊ တစ်ချို့ဆိုရင် ကျောင်းတိုက်တစ်ဝက် လို့ပဲ ဆိုရပါတော့မယ်။ ယခုလို ရှည်လျားတဲ့ သံဃာတန်းကြီးက မိုးကုတ်မြို့မှာ ဘယ်တုန်းကမှ မမြင်ခဲ့ရဖူးတဲ့ မြင်ကွင်းမျိုး ဖြစ်နေပါတော့တယ်။ ပူးပေါင်းပါဝင်ကြတဲ့ လူထုအင်အားကို ပြောပါဆိုရင်လည်း အားပေးကြည့်ရှုသူတွေနဲ့ ပူးပေါင်းဆန္ဒပြသူတွေဟာ တစ်မြို့လုံး လူကုန်လို့ပဲ ဆိုရတော့မှာပါ။ ဒီနေ့ဆန္ဒပြပွဲဟာ ဆိုလို့ရှိရင် မိုးကုတ်မြို့သမိုင်းမှာ အကြီးမားဆုံးသော ဆန္ဒပြပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ယခုလို စီတန်းလှည့်လည်ရာမှာ သံဃာတော်တွေဟာ ငြိမ်းချမ်းရေးအတွက် မေတ္တာပို့ကာ လိုက်ပါလာကြပါတယ်။
ဒါ့အပြင်... သံဃာတော်များအား အစိုးရမှ ၀န်ချတောင်းပန်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်မှု ဖြစ်ပေါ်လာရေး ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတာကိုလည်း တွေ့မြင်ရပါတယ်။ ဆန္ဒပြသူတွေဟာ မြို့တစ်ပတ် စီတန်းလှည့်လည်အပြီး ညနေ လေးနာရီခွဲ အချိန်တွင် ချမ်းသာကြီးမြတ်စွာဘုရား ရင်ပြင်တော်ပေါ်မှာ ငြိမ်းချမ်းစွာလူစုခွဲကာ ဆန္ဒပြပွဲကို ရုတ်သိမ်းလိုက်ကြပါတယ်။ဒီနေ့ဆင်နွှဲခဲ့တဲ့ မြို့လုံးကျွတ် ဆန္ဒပြပွဲမှာ များပြားလှတဲ့ သံဃာတော်တွေနဲ့ လူထုကြီးဟာ ညီညွတ်စွာ၊ ငြိမ်းချမ်းစွာ၊ စည်းကမ်းတကျ ဆင်နွှဲခဲ့ကြတာကို အံ့မခန်း တွေ့မြင်ရပါတယ်။ ဒီလို သိန်းချီတဲ့ များပြားလှတဲ့ လူအုပ်ကြီးက စည်းကမ်းတကျနဲ့ ငြိမ်းချမ်းစွာ ပါဝင်ခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မိုးကုတ်မြို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့မြို့ဖြစ်ကြောင်း သက်သေပြလိုက်တယ်ဆိုတာ ငြင်းနိုင်ဖွယ်မမြင်ပါ...။
















Read More...

Thursday, August 30, 2007

Why Do We Blog

မင်္ဂလာပါ... ။ မိုးကုတ်မီဒီယာမှ ကြိုဆိုပါတယ်..။
( နိဒါန်း )
မိုးကုတ်မြို့ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၈၀၀ အထက်မှာ တည်ရှိတဲ့ အေးချမ်းပြီး သာယာလှပတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ မိုးကုတ်လို့ ဆိုလိုက်ရင်ကိုပဲ ပတ္တမြားနဲ့ နီလာတွေ ထွက်တဲ့မြို့ ဆိုပြီး မသိတဲ့သူ မရှိလောက်အောင်ကို နာမည်ကျော်ကြားတဲ့ မြို့ပေါ့။ ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံး ဆိုတဲ့ ပတ္တမြားကြီးတွေ ထွက်ရှိရာ နေရာဟာလည်း မိုးကုတ်မြို့ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လည်း မိုးကုတ်မြို့ကို ပတ္တမြားမြေ ရယ်လို့ ခေါ်တွင်ကြတယ်လေ။ ဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ ပတ္တမြားတွေထွက်ရှိတဲ့ မြေပေါ်မှာမွေးဖွားခွင့်ရခဲ့တဲ့ သူတစ်ယောက် ဖြစ်ရတာကို အများကြီး ဂုဏ်ယူမိနေတာပေါ့။
မိုးကုတ်မြို့ဟာ ပတ္တမြားနဲ့နီလာသာမကပဲ အခြားကျောက်မျက်ရတနာမျိုးစုံလည်း ထွက်ရှိပါသေးတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ ကျောက်မျက်ဘူမိပညာရှင်တွေက မိုးကုတ်မြို့ကို ကမ္ဘာ့ကျောက်မျက်ခေါင်မိုးကြီး လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလို အရောင်အသွေး စုံလင်လှတဲ့ ကျောက်မျက်တွေအပြင် ကမ္ဘာပေါ်က တခြား ဘယ်နေရာမှာ မရှိသေးတဲ့ ကျောက်မျက်အမျိုးအစားတွေကိုလည်း ကျနော်တို့မြို့ကလေးကပဲ မွေးဖွားပေးတယ်လေ။ ဒီလို သဘာဝကပေးအပ်တဲ့ လက်ဆောင်တွေ အများကြီး ရခဲ့တဲ့ ထူးခြားတဲ့ ကျနော်တို့မြို့ကလေးကို ကျနော်တို့က ချစ်ရတယ်။ ပြီးတော့ ဂုဏ်ယူမြတ်နိုးနေရတာပေါ့။ ဒါပေမယ့် ဒီလို ချစ်စရာကောင်းတဲ့မြို့၊ ဂုဏ်ယူစရာကောင်းတဲ့မြို့ကလေးဟာ အသက်ငင်နေတာကို တွေ့လိုက်ရတော့ ကျနော်တို့တွေ အများကြီး စိုးရိမ်ပူပန်မိသွားပါတယ်။ ပြီးတော့ စိတ်ထဲမှာ အရမ်းကိုပဲ ထိခိုက်သွားရပါတယ်။
ကျနော်တို့ရဲ့ တိုင်းပြည်ဟာ သဘာဝကျွန်းသစ်တွေအပြင် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စတဲ့ သဘာဝသယံဇာတတွေ ကြွယ်ဝစုံလင်လှတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ တကယ်လို့သာ ကျနော်တို့တိုင်းပြည်မှာ ကျွန်းသစ်တွေ ကုန်ခမ်းသွားခဲ့မယ်ဆိုရင်တောင် ကျနော်တို့က ပြန်လည်စိုက်ပျိုးကြလို့ ရပါသေးတယ်။ နောင်အနှစ် သုံးလေးဆယ် စောင့်လိုက်ရင်ကိုပဲ ကျနော်တို့တိုင်းပြည်ဟာ သစ်တောတွေနဲ့ ပြန်လည်ဖုံးလွှမ်းနေဦးမှာပါပဲ။ တကယ်တော့ ဒါတွေဟာ ပြန်လည်အစားထိုးလို့ရတဲ့ သယံဇာတတွေမို့လို့ပေါ့။ ဒါပေမယ့် ပတ္တမြားတွေ၊ နီလာတွေလို တွင်းထွက်သယံဇာတမျိုးကျတော့ ဘာနဲ့မှပြန်ပြီး အစားထိုးလို့ မရနိုင်တဲ့ သဘာဝသယံဇာတတွေ ဖြစ်ကြတယ်။ ထို့အတူပါပဲ ... ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဂုဏ်ယူမြတ်နိုးခဲ့ကြတဲ့၊ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှုအဖြစ် တင်စားနေခဲ့ကြတဲ့ ပုဂံယဉ်ကျေးမှုကြီး၊ ပုဂံနိုင်ငံတော်ကြီး မရှိခဲ့ရင်တောင်၊ ဒါမှမဟုတ် ပျောက်ကွယ်ပျက်စီးသွားခဲ့ရင်တောင် ကျနော်တို့တွေဟာ လူ့သမိုင်းသက်တမ်းတစ်ခုအတွင်း၊ ဒါမှမဟုတ် နှစ်ပေါင်း ထောင်ဂဏန်းအတွင်းမှာ ဒီထက်သာတဲ့၊ ဒီထက်ကောင်းမွန်တဲ့ ယဉ်ကျေးမှုကို ပြန်လည်တည်ဆောက်လို့ ရနိုင်သေးတယ်လို့ ဆိုခဲ့ရင် လွန်မယ်မထင်ပါဘူး။
တကယ်တော့ ပတ္တမြားတစ်ပွင့် ဖြစ်ပေါ်လာဖို့အတွက်ဆိုတာ နှစ်သန်းပေါင်းများစွာ ဖြစ်တည်လာခဲ့ရတာပါ။ ကမ္ဘာကြီးက လူသားတွေကိုပေးခဲ့တဲ့ အမွေအနှစ်တွေဆိုရင်လည်းပဲ မမှားဘူးပေါ့။ ဒီလို နှစ်သန်းပေါင်းများစွာကြာမှ ဖြစ်ပေါ်လာရတဲ့ အမွေအနှစ်တွေကို ကိုယ့်တခဏသာ အကျိုးစီးပွားကွက်ကွက်လေးကိုသာ ကြည့်ပြီး နှစ်ပေါင်းဆယ်ဂဏန်းအတွင်းမှာ တူးဖော်ဖျက်ဆီး ပစ်လိုက်ကြတာဟာ တကယ့်ကို ၀မ်းနည်းစရာပါ။
အခုတော့ ကျနော်တို့မြို့ကလေးရဲ့ ခန္ဓာကိုယ်ပေါ်ကို လူတွေက ခွေးတွေမြေကြီးယက်သလိုမျိုး နေရာအနှံ့ တူးဆွလိုတူးဆွ၊ ကြွက်တွေလှိုဏ်ခေါင်းဖောက်သလိုမျိုး နေရာအနှံ့ အပေါက်တွေဖြစ်အောင် လုပ်လိုလုပ်၊ ဒါနဲ့ အားမရသေးလို့ ဒိုင်းနမိုက်တွေနဲ့ ခွဲလိုခွဲ.. ထင်တိုင်းကြဲနေတာကို ခံနေရရှာပါတော့တယ်။ ပြီးတော့ လူတွေက သူတို့ရဲ့ အတ္တတွေ၊ လောဘတွေနဲ့ တောင်တန်းတွေကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ပစ်ကြတယ်။ ပြီးတော့ မြင့်မားတဲ့ တောင်ကမ်းပါးယံတွေကိုလည်း ဖြိုလှဲပစ်ကြတယ်။ ပြီးတော့ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေကိုပါ သတ်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ ကျနော်တို့မြို့ကလေးရဲ့ ခန္ဓာကိုယ်ဟာ ဒဏ်ရာတွေနဲ့ ပွန်းပဲ့နေပြီး လူမမာတစ်ယောက်လိုပဲ နာကျင်နေတော့တယ်။
ကျွန်းသစ်တစ်ပင်ကို နှစ်ပေါင်း သုံးလေးဆယ်အတွင်း ပြန်လည်ပျိုးထောင်လို့ ရနိုင်ပေမယ့် ... လူ့ယဉ်ကျေးမှုတစ်ခုကို နှစ်ပေါင်း ထောင်ဂဏန်းအတွင်း ပြန်လည်တည်ဆောက်လို့ ရနိုင်ပေမယ့် ... ကမ္ဘာကြီးက လူသားတွေကို တစ်ကြိမ်သာ လက်ဆောင်အဖြစ် ပေးအပ်ထားတဲ့ ဒီလိုတွင်းထွက် ကျောက်မျက် သယံဇာတတွေကို ကျနော်တို့တတွေ မဆင်မခြင် တူးဖော်ကြလို့ ကုန်ခမ်းပျောက်ကွယ်သွားခဲ့မယ် ဆိုရင်ဖြင့် နောင်လာမယ့် ကျနော်တို့ရဲ့ မျိုးဆက်ကလေးတွေအဖို့ ကြေကွဲဝမ်းနည်းစွာနဲ့ ယူကျုံးမရ ဖြစ်နေကြရတော့မှာပါ..။
ဒီလို ... အသက်ငင်နေရှာတဲ့ ကျနော်တို့ချစ်တဲ့ မြို့ကလေးကို ကျနော်တို့က ဘယ်လို ကယ်တင်ကြမှာလဲ..။ ဒါနဲ့ ကျနော်တို့က အခုလို စိတ်ကူးခဲ့ကြပါတယ်။ ကျနော်တို့ မြို့ကလေးရဲ့ လည်မျိုကိုညှစ်ပြီး ပရမ်းပတာ တူးဆွနေကြတာတွေ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်နေကြတာတွေကို ရပ်တန်းကရပ်ကြဖို့ ကျနော်တို့တွေ တတ်နိုင်သလောက် ကာကွယ်တားဆီးကြမယ်။ ပြီးတော့... ကျောက်မျက်ရတနာတွေ မျိုးစုံအောင် ထွက်ရှိတဲ့၊ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရှိသေးတဲ့၊ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေနဲ့ ပြည့်စုံတဲ့၊ သာယာလှပတဲ့၊ ဒီ... ပတ္တမြားမြေ ဆိုတဲ့ ကျနော်တို့မြို့ကလေးကို နောင်တစ်နေ့ကျရင် လာရောက်လေ့လာကြမယ့် ကမ္ဘာသူကမ္ဘာသားတွေဆီကနေ လက်ညိုးထိုးပြပြီး နိုင်ငံခြားငွေတွေ ရယူနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားကြမယ်လို့ စဉ်းစားမိပါတယ်။
ဒါကြောင့်... ဒီရဲ့ စိတ်ကူးလေးကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းလေးတစ်လှမ်းအဖြစ် ယခု လူကြီးမင်းတို့ ဖတ်ရှုနေတဲ့ မိုးကုတ်မီဒီယာလေးကို တင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်...။

သြဂတ် ၃၁-ရက်နေ့မှာ ကျရောက်မယ့် World Blog Day နှင့်
စက်တင်ဘာ ၁-ရက်နေ့မှာ ပြုလုပ်မယ့် MBS ရဲ့ Open Seminar တို့ကို ရည်ညွှန်းလျက်.....
(မိုးကုတ်မီဒီယာ အတွက် ဘလောဂ့် နည်းပညာများအား အချိန်ပေးပြီး ပြောပြကူညီပေးကြသော၊ မိမိတို့ဘလော့ဂ်များတွင် တကူးတက ပို့စ်တင်ပေးကြသော မြန်မာဘလော့ဂ်ဂါမိတ်ဆွေများကို ကျနော်တို့အနေနဲ့ အထူး ကျေးဇူးတင်ရှိပါတယ်...)

Read More...

Tuesday, August 21, 2007

Flood

တောင်ပေါ်မှာ ရေတွေကြီးလို့ လှေဝယ်စီးစို့ကွယ်

မဖြစ်နိုင်တဲ့အရာတွေနဲ့ သဘာဝမဟုတ်တဲ့ အရာတွေမှာ သုံးနှုန်းဖို့အတွက် မြန်မာစာမှာ ဆိုရိုးစကားရှိပါတယ်။ ယုန်ချို၊ လိပ်မွှေး၊ တောင်ထိပ်ရေကြီး၊ အနောက်နေထွက် တဲ့။ ယုန်မှာ ချိုရှိတယ်ဆိုတာရယ်၊ လိပ်ရဲ့ ကျောပြင်ပေါ်မှာ အမွှေးတွေ ပေါက်နေတာရယ်၊ တောင်ပေါ်မှာ ရေတွေကြီးတာရယ်၊ အနောက်အရပ်ကနေ နေထွက်တာရယ် ဒါတွေကို တစ်ဖက်သား သွားပြောရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။ အခုတော့ အဲဒီဆိုရိုးကြီးကို ပြင်ရမလို ဖြစ်နေပါပြီ။ အားလုံးကိုတော့ မဟုတ်ပါဘူး။ တောင်ထိပ်ရေကြီး ဆိုတာကိုပါ။ အခုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၈၀၀ကျော် မြင့်တဲ့ မိုးကုတ်ဆိုတဲ့ တောင်ပေါ်မြို့ကလေးမှာ တကယ်ပဲ ရေတွေကြီးနေပါပြီ။

မိုးကုတ်မှာ အဓိက စီးဆင်းနေတဲ့ ရေနီချောင်းကနေ ရေလျှံမှုကြောင့် ဖြစ်ပါတယ်။ အဲဒီ ရေနီချောင်းဟာ ကျောက်မျက်တူးဖော်လုပ်ကိုင်လျှက် ရှိကြတဲ့ ကွက်ရပ်တွေကနေ မြစ်ဖျားခံလာပြီး မြို့လယ်ခေါင်ရှိ ရပ်ကွက်တွေကို ဖြတ်သန်းစီးဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အတောအတွင်းက မိုးကုတ်မှာ မိုးတစိမ့်စိမ့်နဲ့ ရွာနေလိုက်တာ နေကိုတောင် မမြင်ရတာ ဆယ်ရက်၊ ဆယ့်ငါးရက်လောက်တောင်ပါပဲ။ ဒီလို မိုးတွေ ရက်ဆက်ပြီး ရွာချလိုက်ရော ကလေးတစ်ခုန်စာ အကျယ်လောက်ပဲရှိတဲ့ ရေနီချောင်းလေးခမျာ တောင်ပေါ်ကစီးချလာတဲ့ ရေတွေကြောင့်ရော၊ ဖက်စပ်လုပ်ငန်းတွေက တောင်ဖြိုချလို့ မျှောပါလာတဲ့ သဲတွေကြောင့်ပါ ဒလဟော စီးဆင်းလာတဲ့ ဒဏ်ကို မခံနိုင်ရှာပဲ တာရိုးတွေ ပွင့်ထွက်တဲ့နေရာ ပွင့်ထွက်၊ တာရိုးပေါ်ကနေ ရေတံခွန်အငယ်စားလေးတွေလို နေရာအနှံ့ လျှံကျလိုလျှံကျ ဖြစ်ခဲ့ပါတယ်။
တာရိုးတွေပွင့်ပြီး တဟုန်ထိုး ပေါက်ထွက်လာတဲ့ အနီရောင်ရေတွေဟာ ဆောက်တည်ရာမရပဲ မြို့လယ်ခေါင်က ကတ္တရာလမ်းတွေပေါ်ကို အငမ်းမရ ပြေးဆင်းလာလိုက်ကြတာ တချို့အိမ်တွေဆိုရင် ခြေသလုံးလောက်၊ တချို့အိမ်တွေက ဒူးလောက်၊ ပေါင်လောက်၊ ခါးလောက်ထိကို နစ်ကုန်ပါတော့တယ်။ မြို့ပေါ်ရပ်ကွက်တွေရဲ့ အနက်ရောင် ကတ္တရာ လမ်းမကြီးတွေဟာ တခဏချင်းပဲ အနီရောင်မြစ်တွေအဖြစ် ပြောင်းလဲကုန်ပါတော့တယ်။

ရေစကြီးတဲ့အချိန်ကတော့ မနက် ငါးနာရီလောက်ကပါ။ မိုးအေးအေးနဲ့ဆိုတော့ အိပ်ယာထဲမှာ ဇိမ်နဲ့ ကွေးနေကြတဲ့အချိန်ပေါ့။ ရေကြီးတာကို အရင်ဆုံးစသိတဲ့သူက ကင်းတဲမှာ ကင်းစောင့်တဲ့ ကိုဟိုဒင်းပါ။ ညတစ်ညလုံး အိပ်ရေးဝပြီး မနက် သေးထပေါက်တဲ့အချိန်မှာ စသိတာလို့ သိရပါတယ်။ အဲဒါနဲ့ သူက နီးစပ်ရာ အိမ်တွေကို အော်ကြီးဟစ်ကျယ်နဲ့ လိုက်နှိုးပါတော့တယ်။ လူတွေကလည်း အိပ်ချင်မူးတူးနဲ့ ဘာများလဲ ဆိုပြီး ထကြည့်ကုန်ပါတော့တယ်။ အိပ်ချင်နေတဲ့ မျက်လုံးတွေဟာလည်း လှေခါးပေါ်ကနေ ခြေချလိုက်တာနဲ့ ပလုံ လို့ မြည်သံ ကြားရတဲ့နောက်ပိုင်း မျက်လုံးပြူးကုန်ပါတော့တယ်။ လူတွေလည်း ပျာယာခတ်ကုန်ပြီး ပစ္စည်းတွေကို ရေလွတ်တဲ့နေရာတွေဆီ ရောက်အောင် အသည်းအသန် ရွှေ့ကြရပါတယ်။ ဘယ်ပစ္စည်းကို အရင်ရွှေ့ရပါ့မလဲ ဆိုတာကို စဉ်းစားချိန်တောင် မရတော့ပဲ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကြတော့တာပေါ့။ ဒီလိုနဲ့ မိုးတဖွဲဖွဲရွာနေတဲ့ ဝေလီဝေလင်း မနက်ခင်းလေးဟာ ဆူဆူညံညံ အုံးအုံးကျွတ်ကျွတ် ဖြစ်ကုန်ပါတော့တယ်။

တစ်မနက်ခင်းလုံး ပစ္စည်းတွေ သယ်သူသယ်၊ ရွှေ့သူရွှေ့နဲ့ လူကြီးတွေခမျာ အလုပ်ရှုပ်နေကြတဲ့အထဲ ကလေးတွေက ပြေးလွှားပြီး ပျော်နေကြပါတယ်။ သူတို့တစ်သက် ဒါမျိုးမှ မကြုံဖူးပဲကိုး။ နောက်ပြီး စာသင်ကျောင်းတွေထဲလည်း ရေတွေ ၀င်လို့ ကျောင်းတွေ ပိတ်လိုက်ရတဲ့ သတင်းကို သူတို့ သိပြီးသားဖြစ်လို့လည်း ပါချင်ပါမှာပေါ့။
အဲဒီမနက်ခင်းမှာပဲ ရေနီချောင်းရေလျှံ၊ တာရိုးတွေကျိုးတဲ့ သတင်းဟာ အနိမ့်ပိုင်းရော၊ အမြင့်ပိုင်းက ရပ်ကွက်တွေပါမကျန်အောင် တမုဟုတ်ချင်း ပျံ့နှံ့သွားပါတော့တယ်။ မိုးကုတ်မှာ ရေကြီးနေတဲ့ သတင်းကို ဖုန်းရှိတဲ့သူတွေကလည်း ရန်ကုန်၊ မန္တလေးမှာ ရှိကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ အမျိုးတွေဆီကို ဖုန်းနဲ့ လှမ်းပြီး ကြွားကြပါတယ်။ ဒီလိုနဲ့ မနက်ဆယ်နာရီလောက် အချိန်လဲရောက်တော့ ရေကြီးနေတဲ့ သတင်းကို မိုးကုတ်မှာ မသိတဲ့သူ တစ်ယောက်မှ မရှိတော့ပါဘူး။ ကလေးရော၊ ခွေးပါမကျန် ရေကြီးနေတာကို အကုန်လုံး သိကုန်ကြပါပြီ။ ရောက်တဲ့ နေရာတိုင်းမှာလည်း လူတွေက ရေကြီးတဲ့ အကြောင်းတွေကိုပဲ ဝေဖန်ဆွေးနွေးနေကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြီး ပြောဆိုနေကြတာချည်းပဲ တွေ့ရပါတယ်။ ဒီအချိန်မှာ အာရှဖလားဘော့လုံး ဗိုလ်လုပွဲသတင်းက မတိုးတော့ပါဘူး။ ရေကြီးတဲ့ သတင်းလောက် လူတွေကြားမှာ ခေတ်မစားတော့ပါဘူး။
အနိမ့်ပိုင်းကျတဲ့ အိမ်တွေက ရေနစ်ကုန်လို့ အိမ်ရှိလူကုန် ပစ္စည်းရွှေ့ဟယ်၊ သယ်ဟယ်နဲ့ အလုပ်ရှုပ်နေကြသလို၊ အမြင့်ပိုင်းကျတဲ့ အိမ်တွေကလည်း ရေမနစ်ပေမယ့် ရေနစ်နေတဲ့ နေရာတွေဆီကို သွားပြီး လေ့လာဖို့နဲ့ သတင်းယူဖို့အတွက် မိုးကာအင်္ကျီတွေ၊ ဘောင်းဘီတိုတွေ ၀တ်ကာ အလုပ်ရှုပ်နေကြပါတယ်။ အပ်ချုပ်ဆိုင်က ကိုဒါကျူးကလဲ ဆိုင်ကို မပိတ်စဖူး အပိတ်ထူးပြီး ထီးတစ်လက်နဲ့ ရေကြီးတာကို သွားကြည့်ပါတယ်။ ခါတိုင်း သူ့အမျိုးသေတာတောင် ဒီအပ်ချုပ်ဆိုင်ကို ဘယ်တုန်းကမှ ကိုဒါကျူး ပိတ်ခဲ့ဖူးတာ မဟုတ်ပါဘူး။ ဆိုင်ပိတ်ရတဲ့အကြောင်းကို စုံစမ်းကြည့်တော့ ကိုဒါကျူးက ဒါမျိုးအခွင့်အရေး လက်လွှတ်လို့ မဖြစ်ဖူးလေလို့ မှတ်ချက်ပေးပါတယ်။

တာရိုးကျိုးပြီး ရေတွေ ပေါက်ထွက်နေတာကို လာကြည့်ကြတဲ့ သူတွေကလည်း အစုံပါပဲ။ အဖိုးကြီးတွေ၊ မိန်းမတွေရော.. ကလေးတွေပါမကျန် ထီးကိုယ်စီနဲ့ လာကြည့်နေကြတာ တိုးလို့ မပေါက်အောင်ပါ။ လာတဲ့သူတွေအားလုံးကလည်း ဒလဟော စီးဆင်းနေတဲ့ ရေလှိုင်းလုံးကြီးတွေဆီကိုပဲ မမှိတ်မသုန် ကြည့်နေကြပါတယ်။ အချို့ကလည်း ဗိုက်ဆာလို့ အိမ်ပြန်ထမင်းစားပြီး နောက်တစ်ခါ ပြန်လာလို့ ဒီရေလှိုင်းလုံးတွေကိုပဲ မမှိတ်မသုန် ဆက်ပြီး ကြည့်ကြပါတယ်။ ကြည့်တဲ့သူတွေကလည်း လျော့သွားတယ်ရယ်လို့ မရှိပဲ ပိုလို့သာ တိုးလာပါတယ်။ တချို့ကလည်း စည်ပင်သာယာရေးအဖွဲ့တွေ ဘယ်အချိန်များ ရောက်လာပြီး လုပ်ကြမလဲလို့ မျှော်နေကြပါတယ်။ ကလေးတွေကလည်း မြေကော်စက်ကြီးတွေကို ကြည့်ချင်လှပြီလို့ သူတို့မိဘတွေကို ပူဆာနေကြပါတယ်။ ဒါပေမယ့် လူအများ မျှော်လင့်နေကြသလို ကိုယ်တော်ချောတွေက တော်တော်နဲ့ ပေါ်မလာရှာဘူးခင်ဗျ။ ရေတွေကလည်း တ၀ုန်းဝုန်းနဲ့ မြို့ပေါ် ရပ်ကွက်တွေကို အားရ၀မ်းသာ မနားတမ်း ပြေးလွှားနေဆဲပါပဲ။ တချို့ကလည်း စိတ်ထဲမှာ ဇဝေဇ၀ါနဲ့ပေါ့။ ဒီကိစ္စကြီးကို စစ်တပ်နဲ့ပဲ ဆိုင်တယ်လို့ ထင်ချင်ထင်နေကြတယ်လေ။

လူတွေကလည်း ရေလှိုင်းလုံးကြီးတွေဆီကို မမှိတ်မသုန် ကြည့်မြဲ၊ တာဝန်ရှိတဲ့ သူတွေကိုလည်း မျှော်နေမြဲ၊ ရေတွေကလည်း တရိပ်ရိပ် တက်လာမြဲ၊ အချိန်တွေကလည်း တရွေ့ရွေ့ ကုန်လာမြဲ။ ဒါနဲ့ လူတွေက ကိုယ့်အားကိုယ်ကိုးရတော့မှာ ဆိုတာကို ဦးနှောက်ထဲမှာ ဒိုင်းကနဲ ပြတ်ပြတ်သားသား မြင်လာပြီး ဘယ်သူ့ကိုမှ ဆင့်အ၀ှာ ခွေးမျှော် လုပ်မနေကြတော့ပဲ ရပ်မိရပ်ဖတွေရယ်၊ တက်ကြွတဲ့ ပရဟိတသမားတွေနဲ့ မီးသတ်ရဲဘော်တွေရယ် ဦးဆောင်ပြီး သဲအိတ်တွေ ရှာတဲ့သူကရှာ၊ သဲတွေ ထည့်တဲ့သူကထည့်၊ အိတ်တွေကို စီတဲ့သူကစီနဲ့ တက်ညီလက်ညီ ထပြီး ၀ိုင်းလုပ်ကြပါတော့တယ်။


တအောင့်လောက်ကြာတော့ ရဲတွေနဲ့ စစ်တပ်တွေဟာ ရေတွေ ပေါက်ထွက်နေတာကို လူတွေက သဲအိတ်တွေနဲ့ ၀ိုင်းပြီးကာရံနေကြပြီ ဆိုတဲ့ သတင်းကို ရသွားခဲ့ပါတယ်။ အဲဒါကြောင့် ရဲနဲ့ စစ်သားတွေဟာ လက်နက်တွေနဲ့ ရောက်လာပြီး ၀ိုင်းဝန်းလုပ်ကိုင်နေကြတဲ့ သူတွေနဲ့ သဲအိတ်တွေကို မပျောက်မရှရလေအောင် တာဝန်ယူ စောင့်ကြပ်ကြပါတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ အမေရိကန်ရဲကားတွေထဲကလို အ၀ါရောင်တိပ်တွေနဲ့ အရေးပေါ်နေရာ သတ်မှတ်သလိုမျိုး … ရဲတွေက ပီနံကြိုးတွေ ဆက်ပြီး အဲဒီနေရာတစ်ဝိုက်ကို ကြိုးတန်းပြီးတော့ အရေးပေါ်နေရာအဖြစ် ခေတ္တ သတ်မှတ်လိုက်ကြပါတယ်။ ဒါပေမယ့် လူတွေက ဒါကို သဘောမပေါက်ကြပါဘူး။ စစ်သားတွေကို ပြုံးပြပြီးတော့ ကြိုးတန်းကို မ-ပြီး ၀င်ကြပါတယ်။ ၀င်လာတဲ့ သူတွေရဲ့ မျက်နှာထားကလည်း ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီး လက်လွှတ်သွားရမှာကို စိုးရိမ်နေတဲ့ပုံမျိုး ဆိုတော့ စောင့်နေတဲ့ ရဲဘော်တွေကလည်း ဒီအတိုင်းပဲ ကြည့်နေရတော့တာပါပဲ။ နေ့လည် နှစ်နာရီလောက် အချိန်မှာတော့ ပြည်သူလူထုရဲ့ တက်ညီလက်ညီ ကြိုးစားမှု၊ လုံခြုံရေးရဲဘော်တွေရဲ့ စောင့်ကြပ်မှုကြောင့် မုံယိုနေတဲ့ ရေနီချောင်းကြီးဟာ ပြည်သူလူထုရဲ့အားကို မခံနိုင်ရှာပဲ မူလစီးဆင်းနေတဲ့ လမ်းကြောင်းအတိုင်း စီးဆင်းသွားရပါတော့တယ်။


ရေတွေ ပေါက်ထွက်နေတာတော့ ရပ်သွားပါပြီ။ ရေတွေလည်း တအိအိနဲ့ ကျကုန်ပါပြီ။ တစ်မနက်ခင်းလုံး ပစ္စည်းရွှေ့၊ ဘာရွှေ့နဲ့ ရေကျချိန်ကို စောင့်ရင်း ထိုင်ပြီး အမောဖြေနေကြတဲ့ သူတွေဟာလည်း ရေကျသွားတာနဲ့ တပြိုင်နက် သန့်ရှင်းရေးလုပ်ဖို့ ဂျူတီပြန်ဝင်ရပါတော့တယ်။ တံမြက်စည်းအရှည်ကိုယ်စီ၊ ပုံးတွေ ခွက်တွေ ကိုယ်စီနဲ့ ရွှံ့တွေ၊ သဲတွေ၊ ကနယ်တွေ၊ ရေနီနီကြီးတွေကို ဆေးကြောကြရပါတယ်။ ရေမကြီးခင်က တစ်လက်ကို ၇၀၀ ရောင်းတဲ့ တံမြက်စည်းကြမ်း အရှည်ဟာလည်းပဲ ဈေးကွက်ဝယ်လိုအား များလွန်းလို့ ပစ္စည်းပြတ်သွားပြီး နောက်ဆုံးမှာတော့ တစ်လက်ကို ၁၀၀၀-၁၂၀၀ ဈေးနဲ့ ဈေးပိတ်သွားပါတယ်။ ကြည့်လိုက်တဲ့ အိမ်တိုင်းဟာလည်း တံမြက်စည်း ကိုယ်စီနဲ့ ဆိုတော့ ကမ္ဘာ့ပတ်ဝန်းကျင်နေ့၊ သို့မဟုတ် ကုလသမဂ္ဂ သန့်ရှင်းရေးနေ့ပဲ ကျင်းပနေသလိုလို၊ လူကြီးလာမှာမို့လို့ သန့်ရှင်းရေးပဲ လုပ်ခိုင်းထားသလိုလို ထင်မိပါတယ်။ ဒီနေ့အဖို့တော့ မနက် မိုးလင်းကတည်းကစပြီး မိုးချုပ်တဲ့အထိ သိမ်းဟယ်၊ ဆည်းဟယ်၊ ဆေးကွယ်၊ ကြောကွယ် လုပ်ကြရတော့ လူတွေအဖို့ ခြေကုန်လက်ပမ်း ကျကုန်ကြပါတယ်။
နောက်တနေ့မနက် ကျပြန်တော့လည်း ရေမရှိတော့တဲ့ ကတ္တရာလမ်းမကြီးတွေဟာ ရွာက နွားလှည်းလမ်းတွေလို ဖြစ်ကုန်ပါတော့တယ်။ ရေနီချောင်းနဲ့အတူ မျှောပါလာတဲ့ ရွှံ့တွေ၊ သဲတွေ၊ ခဲတွေ၊ ကနယ်တွေနဲ့ မြေကြီးတွေဟာ မာကျစ်ပြီး ကတ္တရာလမ်းတွေပေါ်ကို တစ်ပေလောက်၊ အချို့နေရာလည်း ခြေသလုံးလောက်အထိကို ဖုံးလွှမ်းကုန်ပါတယ်။ ရှိတဲ့ ရေနုတ်မြောင်းတွေလည်း သဲတွေနဲ့ ပိတ်ကုန်ပြီး ရေတွေဟာ လမ်းမပေါ်ကို ဦးတည်ရာမရှိ စီးဆင်းနေကြပါတယ်။ ရပ်ကွက်လူကြီးတွေခမျာလည်း ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး ခင်းထားရတဲ့ ကတ္တရာလမ်းကြီးကို နှမျောတာကြောင့် အိမ်တိုင်း ကိုယ့်အိမ်ရှေ့ကိုယ် ကတ္တရာလမ်းကြီး ပြန်ဖော်ပေးကြဖို့ လိုက်လံ မေတ္တာရပ်ခံကြပါတယ်။

ဒီတခါမှာတော့ လူတွေရဲ့ လက်တွေထဲမှာ ကိုယ်စီကိုင်ထားကြတာက ပေါက်ပြားတွေ၊ ဂေါ်ပြားတွေပဲ ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်း ရှိတဲ့လူတွေ ကိုယ်စီကိုယ်ငှ အိမ်ရှေ့ထွက်ပြီး ကတ္တရာလမ်းကို ပြန်လည်တွေ့ရှိရေးအတွက် လုပ်အား ပြရပါတော့တယ်။ လမ်းမတလျှောက်လုံး လူတွေ တက်ညီလက်ညီ အလုပ်လုပ်နေကြတဲ့ မြင်ကွင်းကို မြင်မိတော့ ပြီးခဲ့တဲ့နှစ် မိုးကုတ်သင်္ကြန်တောင် ဒီလောက် မစည်လောက်ဘူးလို့ အောက်မေ့မိပါတယ်။
ရေကြီးတာတော့ ပြီးသွားပါပြီ။ အရင်တုန်းက ဒီလို ရေကြီးတာမျိုး မကြုံဘူးပဲနဲ့ ခုကျမှ ဘာလို့ ဒီလောက်တောင် ရေတွေကြီးလာရသလဲဆိုတာ သိချင်လို့ လိုက်ပြီး မေးကြည့်ပါတယ်။ ပထမဆုံး လေးတန်းကျောင်းသားတစ်ယောက်ကို တွေ့တော့ သူ့ကို အရင်ဆုံး မေးကြည့်မိပါတယ်။ သူက နေ့တိုင်းမိုးရွာလို့ဆိုပြီး ရိုးသားစွာ ပြန်ဖြေပါတယ်။ နောက်ပြီးတော့ လမ်းဘေးမှာ ကောက်ညှင်းပေါင်းနဲ့အကြော်ရောင်းနေတဲ့ တစ်ခုလပ်မတစ်ယောက်ကို မေးမြန်းကြည့်တော့ သူမက မြောင်းသေးလို့ လို့ ဖြေပါတယ်။ နောက်တစ်ဦးကတော့ ရေနီချောင်းနံဘေးမှာနေတဲ့ လမ်းလျှောက်အမြဲထွက်လေ့ရှိတဲ့ ဦးချောက်ကျင်ပို့ ဖြစ်ပါတယ်။ သူ့အပြောက ရေနီချောင်းဘေးမှာ နေထိုင်ကြတဲ့သူတွေဟာ စည်းကမ်းမဲ့စွာ အမှိုက်တွေ ချောင်းထဲသို့ စွန့်ပစ်နေကြတဲ့အကြောင်း၊ ရေနီချောင်းရဲ့ ဧရိယာကိုလည်း ဖြည်းဖြည်းချင်း မသိမသာ ခိုးယူနေကြတဲ့အတွက် ရေစီးရေလာ ခက်ခဲလာတဲ့အကြောင်း မနားတမ်း ပြောပြပါတယ်။
ဒီလို မေးလိုက် သွားလိုက်၊ သွားလိုက် မေးလိုက် လုပ်နေတုန်း ကံကောင်းချင်တော့ မိုးကုတ်မြို့မှာ ပညာအရှိဆုံးနဲ့ အတော်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးအိုင်စတိုင်းနဲ့ သွားတွေ့ပါတယ်။ ဦးအိုင်စတိုင်းက မိုးကုတ်သားစစ်စစ်၊ ပြီးတော့ ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်ကြီးလည်းဖြစ်တယ်။ သူက ဘယ်လောက်ထိအောင် တော်သလဲဆိုရင် သူများတွေ အညာခံရတိုင်း သူက ဘယ်တော့မှ အညာမခံရဘူးခင်ဗျ။ မိုးကုတ်တစ်မြို့လုံး ရှိုးမန်းနီး ငွေအလိမ်ခံရတုန်းကလည်း သူက လွတ်တာပဲ။ ဒါနဲ့ ဦးအိုင်စတိုင်းက ရေကြီးရခြင်းအကြောင်းအရင်းကို သိပံနည်းကျကျ ရှင်းပြပါတော့တယ်။ ဖြစ်ပုံက ဒီလိုပါတဲ့ခင်ဗျ..။
မိုးကုတ်မြို့ဟာ တောင်တွေ ပတ်လည်ဝိုင်းပြီး အလည်မှာ လူနေရပ်ကွက်တွေရှိတဲ့ မြို့ကလေးဖြစ်ပါတယ်။ နေရာအနှံ့က လျှောဆင်းလာကြတဲ့ ရေတွေဟာ ရေနီချောင်းအဖြစ်နဲ့ မြို့အလယ်ခေါင်တည့်တည့်ကို ဖြတ်ပြီး စီးဆင်းသွားပါတယ်။ ဒီ ရေနီချောင်းကလေး သဘောကောင်းရင် ကောင်းသလို၊ စိတ်ဆိုးရင် ဆိုးသလိုပါပဲ လူတွေက ဒုက္ခခံကြရပါတယ်။ ဒီရေနီချောင်းလေးဟာ ကျောက်တူးဖော်တဲ့ နေရာတွေဆီကနေ မြစ်ဖျားခံလာတာ ဖြစ်တဲ့အတွက် ကျောက်မျက်လုပ်ကွက်တွေရဲ့ ပြုသမျှ နုတာ ခံရပါတယ်။ ရေနီချောင်းကနေ ရေလျှံ၊ ရေကြီးရတဲ့ အကြောင်းအရင်းရဲ့ အဓိကလက်သည်ဟာ ဒင်းတို့ကြောင့်လို့ ဦးအိုင်စတိုင်းက ပြောပါတယ်။ ပြောတဲ့အကြောင်းအရာ တော်တော်များများမှာလည်း ဒင်းတို့ ဒင်းတို့နဲ့ မကြာခဏ ပါပါလာပါတယ်။ ကိုယ့်ခမျာလည်း နားသာ ထောင်နေရသာ လူက ခပ်ချာချာဆိုတော့ ဒင်းတို့ဆိုတာ ဘယ်သူတုန်းလို့ ပေါ်တင်ပဲ မေးမိပါတော့တယ်။ ဒါနဲ့ သူက ဘယ်သူရှိမှာတုန်းကွ၊ ဒင်းတို့ဆိုတာ ကျောက်မျက်ဖက်စပ်တွေ၊ ဦးပိုင်တွေ၊ အကျိုးတူတွေကို ပြောတာကွလို့ လေသံမာမာနဲ့ ပြန်ပြောပါတယ်။

ကျောက်မျက်တူးဖော်တဲ့ နေရာတွေဆီက ဖြိုချလိုက်တဲ့ တောင်တွေ၊ ရေနဲ့ တိုက်စားပစ်လိုက်တဲ့ ကမ်းပါးယံတွေ၊ ကျင်းထဲကနေ စုပ်ထုတ်လာတဲ့ မြေကြီးတွေဟာ ဒီချောင်းအတွင်းကိုပဲ ရောက်ရှိလာကြပါတယ်။ မြေကော်စက်ကြီးတွေရဲ့ လက်တံတွေဟာလည်း ရေနီချောင်းအပေါ် ၀ဲပျံနေကြပြီး ရေနီချောင်းရဲ့ ခန္ဓာကိုယ်ပေါ်ကို မြေကြီးတွေနဲ့ တ၀ုန်းဝုန်း သွန်ချပစ်ကြပါတယ်။ ဒီလိုနဲ့ ရေနီချောင်းခမျာ အားနဲ့ မာန်နဲ့၊ သွက်သွက်လက်လက် စီးဆင်းနေတဲ့ ဘ၀ကနေ သဲတွေ မြေကြီးတွေကြားထဲ ရုန်းထွက်ပြီးတော့ အိပဲ့အိပဲ့နဲ့ စီးဆင်းနေရပါတော့တယ်။ ချောင်းအတွင်း မျှောပါလာတဲ့ ခဲတွေ သဲတွေ မြေကြီးတွေကိုလည်း သူ့ရဲ့ရေစီးအားနဲ့ သယ်မသွားနိုင်တော့ပဲ အနည်ထိုင်ပြီး တဖြည်းဖြည်းနဲ့ ကောလာပြီးတော့ ချောင်းဟာ မြှင့်တက်လာပါတော့တယ်။ မြှင့်တက်လာတဲ့ ရေနီချောင်းကို လူတွေက ရေတွေလျှံထွက်မလာအောင် အုတ်ရိုးစီပြီး ကာရံကြပါတယ်။ ချောင်းက မြှင့်လာလိုက်၊ လူတွေက အုတ်ရိုးစီပြီး ကာလိုက်နဲ့ မြင့်/ကာ သံသရာကြီးဟာ မဆုံးနိုင်အောင်ကိုပဲ ဖြစ်နေပါတော့တယ်။ ကာလိုက် မြင့်လာလိုက်၊ မြင့်လာလိုက် ကာလိုက်နဲ့ ရေနီချောင်းဟာ ရပ်ကွက်ထဲက အိမ်ခေါင်မိုးတွေရဲ့ အမြင့်လောက်ကနေ ကောင်းကင်ထက်က မြစ်တစင်း လို အကျည်းတန်စွာ စီးဆင်းနေပါတော့တယ်။
မိုးတွင်းကာလကို ရောက်ရှိလာပြီဆိုတာနဲ့ တပြိုင်နက် မိုးတွေဆက်တိုက် ရွာချလိုက်ပြီဆိုရင်ကိုပဲ စီးဆင်းလာတဲ့ ရေထုကို မခံနိုင်ရှာတဲ့ တာရိုးတွေဟာ တဟုန်တိုး ပေါက်ထွက်ကုန်ပြီး လူနေရပ်ကွက်တွေကို မိနစ်ပိုင်းအတွင်း ရေနီတွေ၊ သဲတွေ၊ ခဲတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ပါတော့တယ်။ ရေနီတွေနဲ့အတူ လိမ့်ဆင်းလာတဲ့ ခဲတွေကို ကြည့်ရင် အာလူးသီးလောက်ဟာတွေတင်မကပဲ ထောပတ်သီးလောက်အရွယ်ရှိ ခဲတွေကိုပါ တွေ့ရပါတယ်။
ဒါတွေကို အစိုးရက မသိဘူးလားလို့ ဦးအိုင်စတိုင်းကို မေးကြည့်ပါတယ်။ သူက အစိုးရမသိနိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူးလို့ ပြန်ပြောပါတယ်။ သိလို့လည်းပဲ လမ်းဆုံတွေမှာရော၊ ရပ်ကွက်ရုံးတွေမှာနဲ့ လက်ဖက်ရည်ဆိုင်တွေပါမကျန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် မိုးကုတ်မြို့တွင် အရေးကြီးဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည် ဆိုတဲ့ စာသားကို ရေးပြီး ဆိုင်းဘုတ်တွေ ထောင်သင့်တဲ့နေရာ ထောင်ပါတယ်။ နံရံတွေမှာနဲ့ ဓာတ်တိုင်တွေမှာလည်း စာရွက်တွေနဲ့ လိုက်ကပ်ကြပါတယ်။ ပြီးတော့ ကျောက်မျက်လုပ်ကွက်တွေ အားလုံးကိုလည်း တစ်ခုမှ မကျန်ရလေအောင် ဂရုစိုက်ပြီး တစ်ရွက်စီ လိုက်ဝေပါတယ်။ ကျောက်မျက်ဖက်စပ်တွေကလည်း သူတို့ရဲ့ ဧည့်ခန်းမှာပဲဖြစ်ဖြစ်၊ နံရံအလွတ်မှာဖြစ်ဖြစ် ကပ်လိုက်ကြပါတယ်။ ပြီးတော့ နဂိုအတိုင်းပဲ မြေကြီးတွေကို မနားတမ်းပဲ ဆက်ဖြိုကြပါတယ်။ ရေနီချောင်းလည်း တစ်ရစ်ပြီးတစ်ရစ် မြင့်တက်လာဆဲပါပဲ။ ဆိုင်းဘုတ်တွေ ဟောင်းသွားပြန်ရင်လည်း အစိုးရက ပြန်ပြီး အသစ်ရေးပေးပါတယ်။ စာရွက်တွေကိုလည်း ဂရုတစိုက် ပြန်ပြီး ဝေပါတယ်။ ဒါပေမယ့် ရေနီချောင်းကတော့ မြင့်လာဆဲ၊ ရေတွေလည်း နှစ်တိုင်း ပေါက်မြဲ။
ဒါဆိုရင် ဘယ်လိုလုပ်ရင် ကောင်းမလဲဗျာ လို့ ဦးအိုင်စတိုင်းကို အကြံဥာဏ်တောင်းကြည့်ပါတယ်။ ဦးအိုင်စတိုင်းကပဲ အောက်ပါအတိုင်း အနစ်ချုပ်ပြီး မိန့်ကြားခဲ့ပါတယ်။
တစ် - အခုလို စည်းကမ်းပြည့်ဝတဲ့ ခေတ်မှီနိုင်ငံတော်သစ်ကြီး တည်ဆောက်နေကြတဲ့အချိန် အခါသမယမှာ ရေနီချောင်းအတွင်းသို့ အမှိုက်စွန့်ပစ်ခြင်းဟာ အလွန်ပဲ အောက်တန်းကျပါတယ်။ ရှောင်ပါ။
နှစ် - ကျောက်မျက်ရှာဖွေနေကြတဲ့ ကျောက်မျက်မုဆိုးတွေ အနေနဲ့လည်း မြေကြီးတွေကို တိုက်ချပြီး ထွက်လာတဲ့ ရေများကို မဖြစ်မနေ ရေစစ်ကန်ပြုလုပ်၍ အနည်ထိုင်စေပြီးမှ ရေကြည်ပြန်ထုတ်ကာ ချောင်းအတွင်းသို့ ထည့်ပါ။
သုံး - တစ်နယ်တစ်ကျေးမှနေပြီး မိုးကုတ်ဒေသသို့ လာရောက်၍ ကျောက်မျက်ရှာဖွေတူးဖော်နေကြသော လုပ်ငန်းရှင်များ အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းများကို လေးစားကြရန်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ကြပါ။
လေး - လုပ်ငန်းရှင်များကလည်း မိမိတို့ရဲ့ ၀ိသမလောဘကိုချည်း ရှေ့တန်းမတင်ပဲ မြို့နေလူထု၏ ဒုက္ခကို စာနာတတ်အောင် လေ့ကျင့်ကြပါ.. စသဖြင့် ပြောပြပါတယ်။
ဦးအိုင်စတိုင်းပြောသလိုပါပဲ ကျနော်တို့တွေ မလိုက်နာကြရင်ဖြင့် မိုးရာသီရောက်တိုင်း မိုးကုတ်ဆိုတဲ့ တောင်ပေါ်မြို့မှာ နှစ်စဉ် ရေတွေ ကြီးနေဦးမှာပဲ။ ပြီးတော့ တံမြက်စည်းအရှည်တွေလည်း ဈေးတက်နေဦးမှာပါပဲ။ ပြီးတော့ ပျောက်ဆုံးသွားတဲ့ ကတ္တရာလမ်းမကြီးကို တွေ့ရှိရေးအတွက် ပြန်လည် တူးဖော်နေရဦးမှာပဲလို့ တွေးမိရင်း …။
S.T.A

Read More...

Saturday, August 18, 2007

Data & Geographical Facts Of Mogok

မိုးကုတ်ဒေသဆိုင်ရာ ပထ၀ီဝင် အချက်အလက်များ

တည်နေရာ
မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိပြီး ယခုအခါ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင် ပါဝင်သည်။ မိုးကုတ်မြို့၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။
ရာသီဥတု
အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတုကို ခံစားရပါသည်။ မိုးကုတ်မြို့မှာ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိပါသည်။ ပုံမှန်မိုးရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်ပါသည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါသည်။
မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း
ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။
မိုးကုတ်ဒေသတစ်ဝိုက်ရှိ အမြင့်ဆုံးတောင်များမှာ ...
တောင်မင်းတောင်(တောင်မဲတောင်) - ၇၅၄၄ ပေ
ကျေးနီတောင် - ၆၇၃၃ ပေ
တောင်တော် - ၆၂၂၃ ပေ
မြို့မြင်တောင် - ၅၉၅၅ ပေ
ထင်းရှူးတောင် - ၅၆၀၆ ပေ
ပင့်ကူတောင် - ၅၃၄၅ ပေ
ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ
လူဦးရေ
မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၀၅-ခုနှစ် စာရင်းအရ (၁၈၀၄၀၈)ဦး ရှိပါသည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိပါသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁း၁.၈၁)ဖြစ်ပါသည်။ ကျား-မ လူဦးရေ အချိုးမှာ (၁းဝ.၉၁)ဖြစ်ပါသည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါးနှင့် တရုတ်တို့ ဖြစ်ကြသည်။ ၁၉၅၃-ခုနှစ်စာရင်းတွင် မိုးကုတ်မြို.ပေါ်ရှိ လူဦးရေမှာ (၈၃၃၄)ယောက်ရှိ၍ အိမ်ခြေပေါင်း (၁၈၀၀)ခန့်သာရှိပါသည်။ ၁၉၇၂ တွင် မိုးကုတ်မြို့ရှိလူဦးရေမှာ နိုင်ငံခြားသား (၁၄၆၁)ဦး၊ တိုင်းရင်းသား (၅၁၇၄၂)ဦး၊ စုစုပေါင်း (၆၃၂၀၃)ဦးရှိသည်။
သစ်တော
တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး
အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။
စီးပွားရေး
မိုးကုတ်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကျောက်မျက်တူးဖော်ခြင်း ဖြစ်ပါသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။
လူမှုရေး
မိုးကုတ်မြို့တွင် သာရေး-နာရေး လူမှုကိစ္စများအတွက် ရပ်ကွက်တိုင်းတွင် ဧည့်ခံအဖွဲ့၊ ထမင်းကျွေးအဖွဲ့၊ လူပျို၊ အပျို စသဖြင့်အဖွဲ့များ ဖွဲ့ကာ တက်ညီလက်ညီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ဦးက ထွက်ခွာသွားသည့်အခါတွင် ကျန် တစ်ဦးက ဖြေးဖြေးနော် ဟု နှုတ်ဆက်လေ့ရှိကြသည်။
ဘာသာရေး
မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ ဂေါ်ရခါးလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြပါသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိပါသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။
S.T.A

Read More...

Wednesday, July 25, 2007

Gems Painting

ကျောက်ပန်းချီဆိုတာ ဘယ်လိုမျိုးလဲ


မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အနုပညာအဖြစ် တီထွင်ဖန်တီးပြနိုင်ခြင်းကို ပန်းချီလောကမှာတော့ ဖန်တီးမှုပန်းချီ (Creative Art) လို့ ဆိုကြပါတယ်။ ကျောက်စီပန်းချီ (Gem Painting) ဆိုတာလည်း ရတနာတန်းမ၀င်တဲ့ အရောင်စုံ ကျောက်ဖြုံးလေးတွေကို အရောင်အဖြစ် အသုံးပြုကာ ဒီဇိုင်းဖော်ပြီး အနုပညာနဲ့ ပေါင်းစပ်ဖန်တီးယူရတဲ့ တီထွင်မှုပန်းချီတစ်မျိုးပဲ ဖြစ်ပါတယ်။
ကျောက်တွေနဲ့ စီခြယ်တဲ့ အနုပညာဟာ ဘီစီ-၄၀၀၀လောက် ကတည်းက ဂရိနိုင်ငံမှ စတင်ခဲ့ပါတယ်။ ရွှံ့ပေါ်မှာ အရောင်ရှိတဲ့ ကျောက်ကလေးတွေကို သုံးပြီး ဒီဇိုင်းဖော်ရာက စခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဥရောပနဲ့ ဂျပန်လို နိုင်ငံမျိုးတွေမှာတော့ ကျောက်ပန်းချီလုပ်ငန်းကို ခေတ်မှီနည်းပညာ စက်ကိရိယာတွေကို အသုံးပြုပြီး တွင်ကျယ်စွာ ပြုလုပ်ရောင်းချနေကြပါပြီ။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယမှာတော့ ကျောက်ပန်းချီရဲ့ တွင်ကျယ်မှုဟာ အားနည်းနေပါသေးတယ်။ သို့ပေမယ့်လည်း ဒီ အိမ်နီးချင်း နိုင်ငံတွေဟာ ကျောက်ပန်းချီလုပ်ငန်းကို မြန်မာနိုင်ငံထက်စောပြီး လုပ်ကိုင်ခဲ့ကြပါတယ်။
ကျောက်ပန်းချီမှာ အမှုန့်ပန်းချီနဲ့ အခဲပန်းချီ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမှုန့်ပန်းချီဆိုတာက သဘာဝအတိုင်းရှိနေတဲ့ ကျောက်အတုံးအခဲ (Crystal) လေးတွေထောင်းပြီး မိမိလိုချင်တဲ့ အနု၊ အကြမ်း၊ အရင့် ရရှိလာအောင် ဇကာပြန်ချကာ ကပ်ရတာဖြစ်ပါတယ်။ အခဲပန်းချီကတော့ သဘာဝအတိုင်းရှိနေတဲ့ ကျောက်တုံးအခဲလေးတွေထဲကမှ အရွယ်ညီတာတွေကို ရွေးယူပြီး အနု အရင့် Tone ခွဲကာ စီရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှေ့စီနဲ့ နောက်စီဆိုတဲ့ ဖန်တီးပုံနှစ်မျိုးလည်း ရှိပါသေးတယ်။ ဖိုင်ဘာပြား၊ သုံးထပ်သားပြားပေါ်မှာ မိမိလိုချင်တဲ့ ဒီဇိုင်းတွေဆွဲကာ သင့်လျော်တဲ့ ကျောက်အရောင်စုံသုံးပြီး စီခြယ်ရတာကို ရှေ့စီလို့ ခေါ်ပါတယ်။ နောက်စီဆိုတာက မှန်ချပ်ရဲ့ နောက်ကျောဘက်မှာ အောက်လိုင်းအရင် လျာထားပြီးတော့ ကျောက်ရောင်စုံလေးတွေကပ်ပြီး စီခြယ်ကာ ပန်းချီရုပ်ပုံဖော်တာ ဖြစ်ပါတယ်။
ယခုအသုံးပြုနေကြတဲ့ သုံးထပ်သားပေါ်မှာ ပိတ်စကပ်ပြီး စီတဲ့နည်းဟာ ထိုင်းနည်းပညာဖြစ်ပြီး ဖိုင်ဘာပြားပေါ်စီတဲ့နည်းဟာ စင်္ကာပူနည်းပညာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းမှာတော့ ကျောက်ပန်းချီကို အများအားဖြင့် (Crystal) လိုက်ပဲ စီကြပါတယ်။
ကျောက်ပန်းချီလုပ်ငန်းဟာ ဒီဇိုင်းဆွဲတာအစ၊ ကျောက်အရွယ်အစား အရည်အသွေး ရွေးချယ်ရတာအလယ်၊ ကျောက်စီရတာအဆုံး အားလုံးကို လက်ဖြင့်သာ ပြုလုပ်ရတဲ့ လက်မှုပညာရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျောက်ပန်းချီလုပ်ငန်းကို အများအပြား လုပ်ကိုင်ကြတာက မိုးကုတ်မြို့ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလည်းပဲ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါတယ်။ ကုန်ကြမ်းအနေနဲ့တော့ မိုးကုတ်ဒေသတစ်ဝိုက်က ထွက်ရှိတဲ့ ကျောက်မျက်များကိုသာ အများဆုံး အသုံးပြုကြတာကို တွေ့ရပါတယ်။
အဓိက အသုံးပြုနေကြတဲ့ ထင်ရှားတဲ့ ကျောက်မျက်အရောင်တွေကတော့ အနီရောင် ပန်းရောင်အတွက် ပတ္တမြား(Ruby)၊ အပြာရောင်အတွက် နီလာ(Sapphire)၊ ဒုတ္ထာ (Lapis-Lazuli)၊ အဖြူရောင်အတွက် ငုကျောက်(Calcite)၊ မျော(MoonStone)၊ အစိမ်းရောင်အတွက် ပြောင်ခေါင်းစိမ်း(Peridot)၊ ထပ်ခွာစိမ်း (Fibrolite)၊ အနက်ရောင်အတွက် မှတ်မီး(Schorl)၊ အ၀ါရောင်အတွက် ဂေါ်မိတ်(Zircon)၊ ထပ်တရာ(Topaz)၊ စလင်းဝါ(Citrine)၊ ခရမ်းရောင်အတွက် ခရမ်းစွဲ(Amethyst) စသည်တို့ ဖြစ်ကြပါတယ်။
အခြားအသုံးပြုကြတဲ့ ကျောက်တွေကတော့ ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်း(Jadite, Maw sit sit) ၊ ကရင်ပြည်နယ်ကထွက်တဲ့ သံတောင်ခရမ်းစွဲ၊ ရှမ်းပြည်နယ် မိုင်းရှူး၊ ကချင်ပြည်နယ် နမ့်ယား ဒေသတွေက ထွက်ရှိတဲ့ ကျောက်တွေအပြင် သန္တာ၊ ပုလဲ၊ အင်ကြင်းကျောက်တွေပါမကျန် အသုံးပြုကြပါတယ်။
ကျောက်ပန်းချီကို တွင်းထွက်ရောင်စုံကျောက်တွေနဲ့ စီခြယ်ရတာမို့ အနုပညာတန်ဖိုးအပြင် ကျောက်မျက်ရတနာတန်ဖိုးပါ ပေါင်းပြီး သတ်မှတ်ကြပါတယ်။ ကျောက်ပန်းချီကားရဲ့ တန်ဖိုးတွေဟာ အရွယ်အစားနဲ့ ဖန်တီးမှုလက်ရာအပေါ် မူတည်ပြီး ဈေးကွဲပြားကြပါတယ်။
တချို့က သဘာဝကျောက်မျက်ရတနာရဲ့ အရောင်နဲ့ အားမရလို့ ဆေးခြယ်ကြတာလည်း ရှိပါတယ်။ ကျောက်မှုန့်တွေကို အရောင်ခြယ်ဆေးဆိုးတာဟာ ကျောက်ပန်းချီရဲ့ လေးနက်မှုနဲ့ တန်ဖိုးကို ကျဆင်းစေတဲ့အတွက် သဘာဝအရောင်ကိုသာ မရရအောင် ဖန်တီးယူရပါတယ်။ ယခုအခါ ကျောက်ပန်းချီတွေကို ရုံးခန်း၊ ဧည့်ခန်းတွေမှာ တန်ဖိုးထား အလှဆင်လာကြသလို နိုင်ငံခြားသားတွေကို မြန်မာပြည်ရဲ့ ထူးခြားလေးနက်မှုကို ဖြစ်စေတဲ့ အမှတ်တရပစ္စည်းအဖြစ် ဂုဏ်ယူကာ လက်ဆောင်ပေးလာကြတာကို တွေ့ရပြီ ဖြစ်ပါတယ်။

Ref: ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း - ဇန်န၀ါရီလ၊ ၁၉၉၈။
ဓန စီးပွားရေးမဂ္ဂဇင်း - ဇူလိုင်လ၊ ၁၉၉၉။


S.T.A

Read More...

Saturday, July 21, 2007

Painite

ပိန်းနိုက်ကျောက် က ဘာလို့ ရှားတာလဲ


ကမ္ဘာပေါ်တွင် အရှားပါးဆုံး ကျောက်မျက်အမျိုးအစားထဲတွင် ပိန်းနိုက်ကျောက် (Painite) သည် တစ်ခုအပါအ၀င်ဖြစ်သည်။ ပိန်းနိုက်ကျောက်သည် မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာများထဲတွင် နာမည်သာရှိပြီး တွေ့ရှိဖို့ရန် အလွန်ခက်ခဲသော ရှားပါးကျောက်တစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ယနေ့ထိ ပိန်းနိုက်ကျောက်အမျိုးအစားကို မြန်မာနိုင်ငံ မိုးကုတ်မြို့တွင်သာ တွေ့ရှိရ၍ ၁၉၇၉-ခုနှစ် မတိုင်မှီအချိန်ထိ သုံးပွင့်သာ ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိ ကမ္ဘာ့မှတ်တမ်းများအရ ၂၀၀၅-ခုနှစ်တွင် (၂၅)ပွင့်သာ မှတ်တမ်းပြုစုနိုင်သေးသည်။

ပိန်းနိုက်ကျောက်အမျိုးအစားကို ပထမဆုံး စတင်တွေ့ရှိ မှတ်တမ်းတင်ခဲ့သူမှာ အင်္ဂလန်နိုင်ငံသား Mr-Arthur Charles Davy Pain ဆိုသူဖြစ်ပြီး ၁၉၅၀-ပြည့်နှစ် ၀န်းကျင်က မိုးကုတ်ဒေသ အုန်းကိုင်းရွာ၌ စတင်တွေ့ရှိခဲ့သည်။ ၄င်း၏အမည်ကို ကိုယ်စားပြု၍ Painite ဟု ၁၉၅၇-ခုနှစ်တွင် သတ်မှတ်ခြင်းခံရသည်။
မစ္စတာပိန်းသည် အင်္ဂလိပ်လူမျိုးဖြစ်ပြီး တစ်ချိန်က မိုးကုတ်မြို့တွင် ကျောက်ကုန်သည်အဖြစ်သာမက ဓာတ်သတ္တုနှင့် ကျောက်မျက်ပညာရှင်အဖြစ် နာမည်ကြီးခဲ့သူဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ အချိန်မှစ၍ ၁၉၆၃-ခုနှစ်အထိ မိုးကုတ်မြို့တွင် နေထိုင်သွားခဲ့သည်။ မစ္စတာပိန်းသည် ၁၉၇၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကွယ်လွန်ခဲ့ပါသည်။
ပိန်းနိုက်ကျောက်ကို မိုးကုတ်ဒေသတွင် အုန်းကိုင်းရွာနှင့် ကျောက်ပြဿာဒ်ရွာဝန်းကျင်ရှိ ၀က်လူး၊ သူရိန်တောင် တို့တွင် တွေ့ရှိရပါသည်။ ယနေ့အချိန်တွင် ပိန်းနိုက်ကျောက်ကို မိုးကုတ်ဒေသ၌ အများအပြား ရှာဖွေတူးဖော်နိုင်ပြီဟု ဒေသခံ ကျောက်မျက်ရတနာကုန်သည်များက ယူဆကြသော်လည်း တိကျခိုင်မာသော အထောက်အထားများ မတင်ပြနိုင်သေးပေ။ ထို့ပြင်အရွယ်အစားကောင်းမွန်ပြီး အရည်အသွေးလှပသော ပိန်းနိုက်ကျောက်များကို မတွေ့ရှိရသေးပေ။
ပိန်းနိုက်ကျောက်သည် အနီရင့်ရောင်နှင့် နီညိုရောင်ရှိပြီး မာဆင့်မှာ (၇.၅)ရှိကာ သိပ်သည်းဆမှာ (၄.၀၁)၊ အလင်းယိုင်ညွှန်းကိန်းမှာ ၁.၇၉ - ၁.၈၂ ဖြစ်ပါသည်။
S.T.A

Read More...

Tuesday, July 17, 2007

Birth Stones


T.P

Read More...

Saturday, June 23, 2007

Star Ruby & Sapphire


ဂေါ်ကြိုး
မိုးကုတ်တွင်းထွက် အမာကျောက်မျက်များဖြစ်ကြသည့် ပတ္တမြားနှင့် နီလာတို့တွင် ဂေါ် (Silk) ဟုခေါ်သော အောင်းဝင်များ ပါတတ်ကြလေ့ရှိသည်။ ဤကျောက်များအား လုံးချောပုံစံဖြင့် သွေးယူလျှင် ပါရှိသည့် ဂေါ်များ အလင်းပြန်ပါက ကြိုး(၃)ချောင်း တစ်ခုကိုတစ်ခုဖြတ်ကာ ကြယ်ပုံစံဖြင့် ကြိုး(၆)ကြိုး ဖြာဆင်းနေသော ပုံများကို ရရှိပါသည်။ ၄င်းကျောက်များကို ဂေါ်ကြိုးကျောက်ဟု ခေါ်ကြသည်။ ဂေါ်ကြိုးကျောက်အကြောင်း ပြောပါက အမေရိကန်လူမျိုး အဲလ်ဘတ်ရမ်းဆေး(Albert Ramsay) အကြောင်းကို ချန်လှပ်ထားခဲ့၍ မရပေ။ ဂေါ်ကြိုးအစ ရမ်းဆေးက ဟု ဆိုရိုးပင် ရှေးက ရှိခဲ့သည်။
ပထမ ကမ္ဘာစစ်ကြီးပြီးစအချိန် ၁၉၂၃-ခုနှစ်လောက်က အမေရိကန်လူမျိုး အဲလ်ဘတ်ရမ်းဆေး ဆိုသူသည် မိုးကုတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။ ထိုသူသည် ကျောက်ကုန်သည်ဟု ဆိုသော်လည်း ကျောက်သွေးပညာလည်း တတ်ကျွမ်း၏။ ထိုခေတ်က မိုးကုတ်ကျောက်မျက်ဈေးကွက်တွင် ဂေါ်ပါသော ကျောက်များအား တန်ဖိုးမထားတတ်ကြ၊ ဈေးကောင်းမရတတ်ကြပေ။ မစ္စတာရမ်းဆေးသည် ထိုကျောက်များကို ဒေသခံများထံမှ ၀ယ်ယူကာ ကြိုးပေါ်လာအောင် စမ်းသွေးကြည့်သည်။ ကျောက်များသည် ကြိုးပါသော်လည်း ထိုကြိုးအား ပုံစံကျနအောင် ပုံဖမ်းသွေးရသည်မှာ ပညာသားပါလှ၏။ ထိုသို့ စမ်းသွေးရင်းဖြင့် မစ္စတာရမ်းဆေးသည် ဂေါ်ကြိုးဖမ်းသွေးနည်း ကျွမ်းကျင်သွားပါသည်။ သွေးပြီးသည့် ထိုကျောက်မျက်များကို အမေရိကန်ဈေးကွက်သို့ စမ်းသပ်တင်ပို့ရောင်းချကြည့်ရာ ဈေးကွက်တွင် တဖြည်းဖြည်း လူကြိုက်များလာခဲ့သည်။ ဤသို့ဖြင့် မစ္စတာရမ်းဆေးသည် ဒေသခံများထံမှ ထိုကျောက်များအား ဈေးပေါပေါဖြင့် ၀ယ်ယူသွေးပြီးလျှင် အမေရိကန်ဈေးကွက်သို့ ဈေးကြီးကြီးဖြင့် တင်ပို့ရောင်းချရာ အချိန်တိုအတွင်း ကြီးပွားချမ်းသာသွားခဲ့ပါသည်။ ထိုခေတ်က ဒေသခံတို့က ရမ်းဆေးအား ဂေါ်ကြိုးဗိုလ်ဟု ခေါ်ခဲ့ကြသည်။ ယခုခေတ်တွင်လည်း ဂေါ်ကြိုးဖမ်း ကျွမ်းကျင်သော ကျောက်သွေးဆရာများအား ဂေါ်ကြိုးဗိုလ် ဟု ခေါ်ဝေါ် ကြလေ့ရှိသည်။
ပတ္တမြားတွင် ဂေါ်ကြိုးပါပါက အနီဂေါ်ကြိုး (StarRuby)၊ နီလာတွင် ဂေါ်ကြိုးပါပါက နီလာဂေါ်ကြိုး (StarSapphire) ဟုခေါ်ကြသည်။ ဂေါ်ကြိုးပုံစံကျလျှင် ကျသလောက် ကျောက်မျက်ဈေးကွက်တွင် အကွက်ဖော်သွေးထားသော တာပလာများနည်းတူ ဈေးကောင်းရလျှက် ရှိပါသည်။
T.P

Read More...

Friday, June 1, 2007

Mogok & Internet

မိုးကုတ် နှင့် အင်တာနက်
ယနေ့ခေတ်သည် သတင်းနည်းပညာခေတ်ဖြစ်သည်နှင့်အညီ ကမ္ဘာပေါ်တွင် အင်တာနက်သုံးစွဲမှုများ တဟုန်ထိုး တိုးတက်လျှက် ရှိနေပါသည်။ ယခုအခါ မိုးကုတ်မြို့တွင်လည်း အများပြည်သူများ အင်တာနက်အသုံးပြုနိုင်ရန် Internet Access Center များ အပြိုင်အဆိုင် ဖွင့်လှစ်လာကြသည်။ အင်တာနက်များကို MPT Sattalite Terminal စနစ်ဖြင့် ဆက်သွယ်ထားပြီး ထို PAC များ၌ အိုင်တီစိတ်ဝင်စားသူ မြို့နေလူငယ်များဖြင့် အထူးစည်ကားလျှက် ရှိနေသည်။
အသုံးပြုနေသူ လူငယ်တစ်ဦးကလည်း မြို့နေလူငယ်များအဖို့ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း မိုးကုတ်မီဒီယာသို့ ပြောကြားသည်။ ယခင်က အင်တာနက်ကို Myanmar Teleport မှ IPstar စနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ အသုံးပြုခဲ့ကြသော်လည်း မြို့နေလူထု (အထူးသဖြင့် လူငယ်များ) တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ ဒေသအတွင်းမှထွက်ရှိသော ကျောက်မျက်ရတနာများ ရောင်းဝယ်ရေးတွင်လည်း သမရိုးကျအဆင့်တွင်သာ ရှိသေးပြီး အိုင်တီဖြင့် ကမ္ဘာ့ကျောက်မျက်ဈေးကွက်သို့ ချိတ်ဆက်အသုံးပြုနိုင်မှု မရှိသေးကြောင်း တွေ့ရပါသည်။ မိုးကုတ်မြို့တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ တရားဝင် နိုင်ငံခြားငွေ ပိုင်ဆိုင်ထားသော လုပ်ငန်းရှင်များ အမြောက်အများ ရှိသော်လည်း အင်တာနက်သုံးစွဲနိုင်မှုအချိုးမှာ အလွန်နည်းပါးရာ ဓနအင်အားနှင့် အိုင်တီနည်းပညာ အဆက်အစပ်ကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေပါသည်။
၁၉၉၇-မတ်ခ်ျလမှ ယခုအချိန်ထိ မိုးကုတ်မြို့၌ ဖွင့်လှစ်ထားကြသည့် Internet Access Center များမှာ -
၁) Mogok Internet Public Access Center
၂) Guiding Star Public Access Center
၃) nse Internet Access Center
တို့ဖြစ်ကြသည်။
(မိုးကုတ်လုပ်ငန်းရှင်အများစုသည် စီးပွားရေးအရ အကျိုးအမြတ်ရရှိမှု မြန်ဆန်သော ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရောင်းဝယ်ရေး များတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသော်လည်း၊ ရာသီဥတု-ဆက်သွယ်ရေး-နည်းပညာအားနည်းမှုများကြောင့် တွေ့ကြုံလာသော အခက်အခဲများကြားမှ ခေတ်ရေစီးနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည့် ထို PAC ဖွင့်လှစ်သူ လုပ်ငန်းရှင်လူငယ်များအား မိုးကုတ်မီဒီယာမှ အထူးလေးစား အသိအမှတ်ပြုပါသည်)
T.P

Read More...

Tuesday, May 29, 2007

WorldWarmWater.MOGOK

ကမ္ဘာကြီး ပူနွေးလာမှု၊ လူဦးရေထူထပ်မှုနှင့် ရေအရင်းအမြစ် ပြဿနာ
ကမ္ဘာကြီးသည် လူသားများမပါပဲ ဆက်လက်တည်တံ့နိုင်သည်။ သို့ရာတွင် လူသားများမှာကား ကမ္ဘာကြီးကို မှီခိုအားထားမှု မပါပဲ အသက်ရှင်ရပ်တည်နိုင်သည် မဟုတ်ပေ ဟူ၍ ပညာရှင်တစ်ဦးက ဆိုဖူးသည်။ ဤအဆိုသည် လူသားများအနေဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် မှီတည်နေပုံကို ဖော်ပြနေသည်။ ထို့ပြင် အစဉ်အမြဲ တိုးတက်များပြားလာနေသည့် လူဦးရေက ကမ္ဘာပေါ်တွင် အကန့်အသတ်ဖြင့်သာ ရှိနေသည့် ရေ၊ မြေ၊ သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် ၀န်ပိစေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးရေးသို့ ဦးတည်လျှက် ရှိပါသည်။
ကမ္ဘာပေါ်တွင် နေထိုင်ကြသည့် လူများအနက် လူပေါင်း သန်း(၁၀၀၀)ကျော်သည် သန့်ရှင်းသော ရေကို မရရှိနိုင်ကြပဲ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်အရေအတွက်ဖြစ်သော လူပေါင်း သန်း(၃၀၀၀)သည် မသန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်လျှက်ရှိကြကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ထုတ်ပြန်သော စာရင်းများအရ သိရပါသည်။ အာရှတိုက်မှ ပြည်သူ သန်း(၈၃၀)သည်လည်း အန္တရာယ်ကင်းရှင်းသည့် သောက်သုံးရေ မရရှိရုံမျှ မကပဲ လူသန်းပေါင်း (၂၀၀၀)ကျော်သည် သန့်ရှင်းသောဝန်းကျင် မရှိသည်ကို တွေ့ရပြီး၊ ၄င်းအခြေအနေသည် ဆက်လက် ဆိုးရွားနေဦးမည်ဖြစ်ကြောင်း သိရပါသည်။
မိုးကုတ်မြို့သည် မြစ်များ၊ ချောင်းများနှင့် ဝေးကွာပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၃၈၀၀)ထက်တွင် တည်ရှိသော တောင်ပေါ်မြို့ ဖြစ်ပါသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ဆောင်းရာသီကာလတွင် အိမ်ခေါင်မိုးများပေါ်၌ နှင်းခဲများ အချပ်လိုက် ဖြစ်နေတတ်ပြီး အိမ်ပြင်ရှိ ရေပုံး၊ ရေစည်ပိုင်းများထဲမှ ရေများမှာ အနည်းငယ် ခဲနေတတ်ခဲ့ပါသည်။ ယခုအခါတွင် စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တောများ ပြုန်းတီးလာခြင်း၊ လူနေထူထပ်လာမှုကြောင့် သဘာဝအရင်းအမြစ်များ ပျက်စီးလာခြင်း စသည်တို့ကြောင့် မိုးရာသီကာလတွင် ရေကြီးခြင်း၊ ဆောင်းရာသီကာလများတွင် ယခင်ကလောက် မအေးတော့ခြင်း၊ နွေရာသီတွင် ပူပြင်းလာပြီး ရေရှားပါးလာသဖြင့် အချို့ရပ်ကွက်များတွင် မီးသတ်ကားများဖြင့် ရေဖြန့်ဝေပေးနေရသည်အထိ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာကြရပါသည်။
မိုးကုတ်မြို့ ဒေသခံများ အဓိကအားကိုးနေရသော ရေထွက်စိမ့်စမ်းများ၏ ရေထွက်ရှိမှုပမာဏမှာလည်း တစ်နှစ်ထက်တစ်နှစ် လျှော့ကျလာလျှက် ရှိပါသည်။ လက်ရှိ မိုးကုတ်မြို့၏ ရေဖြန့်ဝေရေးစနစ်မှာ မြို့၏ မြေမျက်နှာသွင်ပြင် အနေအထားအရ မြေပြန့်နည်းပါးပြီး တောင်ပေါ်တွင် တည်ရှိနေသောကြောင့် ရေကို မြင့်မားသော တောင်ကြောများမှတစ်ဆင့် ပိုက်လုံးများဖြင့် သွယ်တန်းပြီး အသုံးချကြရပါသည်။ အ၀ီစိတွင်းများ တူးဖော်ရာတွင်လည်း တောင်ပေါ်ဒေသဖြစ်နေ၍ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သည်ကို တွေ့ရပါသည်။
၁၉၀၅-ခုနှစ် မတိုင်မှီကာလအထိ မိုးကုတ်မြို့တွင် နေထိုင်ကြသော မြို့သူမြို့သားများသည် ရေတွင်းရေကန်နှင့် စိမ့်စမ်းရေတို့မှသာ ရေသွယ်ယူ သုံးစွဲခဲ့ကြသည်။ ထိုစဉ်က Burma Ruby Mines ကျောက်တွင်းကုမ္ပဏီ၏ မိုးကုတ်မြို့လယ် (ယခုလက်ရှိ မြို့လယ်အင်းနေရာ)တွင် ကျောက်မျက်တူးဖော်မှုကြောင့် ရေတွင်းရေကန်တို့ ရေခမ်းခြောက်လာကြသည်။ ထို့ကြောင့် ကုမ္ပဏီမှ အကုန်အကျခံ၍ မြို့၏ အနောက်မြောက်အရပ်ရှိ သဘာဝ ရေဦးရေထွက်ကြီး မှ ရေများကို ပိုက်လိုင်းစနစ်ဖြင့် သွယ်ယူ၍ ရေလှောင်ကန် တည်ဆောက်ကာ မြို့တွင်းသို့ ရေပေးဝေခဲ့ပါသည်။ ထိုစဉ်က မြို့သူမြို့သားတို့အနေဖြင့် အခွန်အခ မပေးရချေ။ ကုမ္ပဏီဖျက်သိမ်းပြီး ၁၉၃၅-ခုနှစ်ကျမှသာ ရေပင်တစ်ပင် (၁၅)ကျပ်၊ အပိုတစ်ပင် ထပ်ယူလျှင် (၁)ကျပ် အခွန်ကောက်ခဲ့ကြောင်းကို မြို့ရေပေးဝေရေးနှင့် ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရှိရပါသည်။
လွတ်လပ်ရေးမရမှီ အင်္ဂလိပ်ခေတ်ကတည်းကပင် မြို့လူထု သောက်သုံးရေဖူလုံစေရန်အတွက် ပရဟိတစိတ်ဓာတ် ထက်သန်ကြသော မြို့မိမြို့ဖများနှင့် ဒေသခံ ငွေကြေးတတ်နိုင်သူများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ ကိုယ်ထူကိုယ်ထ ရေပေးဝေရေးစနစ်ကို ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံပြီး တိုးချဲ့လုပ်ကိုင်ခဲ့ရာ ယနေ့အချိန်ထိ ဖြစ်သည်။ အနာဂတ်ကာလတွင် တိုးတက်လာသော လူဦးရေနှင့်အညီ သောက်သုံးရေ တိုးတက်ရရှိလာစေရန် နည်းလမ်းများ ရှာဖွေခြင်း၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ ရေကြည်ချောင်းများကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းတို့ကို ခေတ်မှီကိရိယာများ အကူအညီဖြင့် ဆောင်ရွက်လျှက် ရှိပါသည်။
၁၉၈၈-ခုနှစ်နောက်ပိုင်း ကျောက်မျက်ဖက်စပ်လုပ်ကွက်များ ပေါ်ပေါက်လာပြီး ကျောက်လုပ်ငန်း လာရောက်လုပ်ကိုင်သူ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ အခြေချနေထိုင်လာကြသူများ တိုးပွားလာသောကြောင့် ယခုအခါ မိုးကုတ်မြို့၏ လူဦးရေမှာ အမြဲတမ်းနေထိုင်သူ နှစ်သိန်းခန့်ထိ တိုးတက်များပြားလာခဲ့ပါသည်။ လုပ်ငန်းများ စည်ပင်ချိန်ကာလ၌ အမြဲတမ်းနေထိုင်သူများအပြင် ခေတ္တလာရောက် လုပ်ငန်းလုပ်ကိုင်သူ (Floating Population) များကိုပါ ထည့်တွက်ပါက လူဦးရေ သုံးသိန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။ မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ လူနေအိမ်ယာများ တိုးပွားလာခြင်းတို့ကြောင့် ရေအသုံးချမှုနှင့် ရေအရင်းအမြစ်ရရှိမှုအချိုးကွာဟချက်မှာ တဖြည်းဖြည်း ကြီးထွားလာခဲ့ရပါသည်။
တစ်ဖက်တွင်လည်း ဒေသခံများအနေဖြင့် သစ်တောပြုန်းတီးနေသော်လည်း သစ်ပင်စိုက်ပျိုးသည့် အလေ့အထမရှိခြင်း၊ တောင်ကမ်းပါးယံများ ဖြိုချနေမှုကြောင့် ရေထိမ်းသိမ်းဧရိယာ နည်းပါး၍ စိမ့်စမ်းရေများ ခမ်းခြောက်လာရခြင်း၊ ကျောက်မျက်လုပ်ကွက်များမှလည်း သဘာဝရေထွက်များကို ခွဲဝေသုံးစွဲနေခြင်းနှင့် လုပ်ကွက်များမှ စွန့်ပစ်လာသော ရေများကြောင့် ရေအရည်အသွေးကို ထိခိုက်လာခြင်းတို့ကိုလည်း တွေ့မြင်လာကြရပါသည်။ ကျောက်မျက်ဖက်စပ် လုပ်ငန်းရှင်များနှင့် ဒေသခံရွာ၏ ရေသုံးစွဲသူများအကြား ရေပြဿနာများလည်း မကြာခဏ ပေါ်ပေါက်လျှက်ရှိသည်။
အထက်ပါအချက်များကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနများကလည်း နှစ်စဉ် ရေနီမြောင်း(ကျောက်မျက်လုပ်ကွက်များမှ သုံးစွဲပြီးထွက်လာသောရေမြောင်း) များကို ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ သစ်တောများကို မပျက်စီးအောင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ လုပ်ကွက်များမှ ထွက်ရှိလာသော ရေများကို တိုက်ရိုက်မစွန့်ပစ်စေပဲ ရေစစ်ကန်များ ထားရှိကာ စွန့်ပစ်စေခြင်း တို့ကို ကြပ်မတ်ဆောင်ရွက်လျှက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မျက်ဖက်စပ် လုပ်ငန်းရှင်များဘက်ကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဖြေရှင်းမှသာလျှင် ရေသယံဇာတ အရင်းအမြစ် ပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်းတို့ကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
မြို့ရေပေးဝေရေးနှင့်ထိန်းသိမ်းကြီးကြပ်မှုကော်မတီ၏ ရေအရင်းအမြစ်ဆိုင်ရာ ကွင်းဆင်း သုတေသနပြု တွေ့ရှိချက်များအရ မိုးကုတ်မြို့နေ ပြည်သူလူထုသည် သဘာဝမိခင်၏ အလွန်အဖိုးထိုက်တန်သော လက်ဆောင်မွန်ဖြစ်သည့် ရေဦးရေထွက်များကို လက်ခံရရှိထားပြီး ၄င်းရေထွက်များသည် အလွန်ကံကောင်းစွာဖြင့် မြို့နေရပ်ကွက်များထက် မြင့်မားသော နေရာများတွင် တည်ရှိနေကြောင်း၊ ရေထွက်များမှ ရေများသည် သဘာဝကျောက်ကြိုကျောက်ကြားမှ သန့်ရှင်းကြည်လင်သည့်ရေ (Safe & Clean Natural Mountain Spring Water) ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဘေးကင်းသန့်ရှင်းသော သောက်ရေကြည်သန့် ဖြစ်နိုင်ပါလျှက် သဘာဝကြောင့်လည်းကောင်း၊ လူတို့၏ ပယောဂကြောင့်လည်းကောင်း၊ အချို့နေရာများတွင် နောက်ကျိညစ်ပတ်နေရသည်ကို တွေ့ရှိရကြောင်း၊ သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း ပြုလုပ်နိုင်ပါက လက်ရှိဖြန့်ဖြူးနေသော ရေပမာဏထက် သုံးဆခန့် တိုးတက်ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်းကို ရေကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာစောနောင်ဦးမှ မိုးကုတ်မီဒီယာသို့ ပြောကြားသည်။
ရေအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်မှာ လူသားတိုင်းတွင် တာဝန်ရှိပါသည်။ လူ့ပယောဂကြောင့် ပျက်စီးပျောက်ကွယ်ခဲ့ပါက ဒေါ်လာ သန်းထောင်ပေါင်းများစွာဖြင့် ပြန်လည်ဝယ်ယူ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လက်ရှိအခြေအနေတွင် ရေအရင်းအမြစ်များကို မထိန်းသိမ်းနိုင်ခဲ့လျှင် နောင်မျိုးဆက်အတွက် ရေအခက်အခဲ ဖြစ်ပေါ်လာနိုင်ပြီး မိုးကုတ်ရတနာမြေကဲ့သို့ တောင်ပေါ်ဒေသတွင် ပတ္တမြားကိုမလို၊ ရေကိုသာလိုသည် ဟူ၍ ကြွေးကြော်နေရပေလိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
S.T.A


Read More...