Tuesday, January 15, 2008

Literary Award

ဒုတိယအကြိမ်မြောက် သဟာယစာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မ ရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် ဒုတိယအကြိမ်မြောက် သဟာယစာပေဆု ကို THE WAVES မဂ္ဂဇင်းအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယခင်က… စာပေဆုများ ပေးအပ်ချီးမြှင့်ကြရာတွင် စာရေးဆရာ လူပုဂ္ဂိုလ် ကိုသော်လည်းကောင်း၊ ၄င်း၏ လက်ရာမြောက် စာအုပ်ကိုသော်လည်းကောင်း ရွေးချယ်ချီးမြှင့်ခဲ့ကြသည့် အစဉ်အလာ ရှိခဲ့သော်ငြားလည်း ယခုလို မဂ္ဂဇင်းတစ်ခုအား ရွေးချယ်ပေးအပ် ချီးမြှင့်ခြင်းမှာ မြန်မာစာပေလောကသမိုင်းတွင် ထူးခြားသော မှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။

ယနေ့အချိန်တွင် မဂ္ဂဇင်းများ ဂျာနယ်များ အုံနှင့်ကျင်းနှင့်၊ ထုနှင့်ထည်နှင့် ဗွက်ပေါက်မတတ်၊ ပလူပျံအောင် ထွက်ရှိနေသော်လည်း ယနေ့ခေတ်လူငယ်များအား နောက်ကျကျန်ရစ်မနေရလေအောင်၊ အတွေးသစ်၊ အမြင်သစ်များနှင့် ပြောင်းလဲနေသော ကမ္ဘာ့ရေစီးကြောင်းကို မိတ်ဆက်ပေးနေသည့် စာစောင်များမှာ အနည်းငယ်သာ ရှိပါသည်။ ထိုအထဲတွင် THE WAVES မဂ္ဂဇင်းမှာ အထင်ကရ ပါဝင်လျှက်ရှိသည်။

THE WAVES မဂ္ဂဇင်း အမှတ်(၁)ကို ၂၀၀၆-ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေခဲ့ပါသည်။ ဆရာကျော်ဝင်းသည် THE WAVES မဂ္ဂဇင်း မတိုင်မှီ မိုးဂျာနယ် ကိုလည်း ထုတ်ဝေခဲ့ရာ မိုးဂျာနယ် အမှတ်(၁၀)အား အောက်တိုဘာ ၂၀၀၅တွင် နောက်ဆုံးထုတ်အနေဖြင့် ထုတ်ဝေခဲ့ပြီး နှုတ်ဆက်ရပ်နားခဲ့ရပါသည်။ ယခု ဆုချီးမြှင့်ခံရသော လှိုင်းများ ဟု အဓိပ္ပါယ်ရသည့် THE WAVES မဂ္ဂဇင်းမှာ မိုးဂျာနယ်၏ အဆက်ပင် ဖြစ်ပါသည်။

THE WAVES မဂ္ဂဇင်းသည် ယနေ့ လူငယ်ထုများကြားတွင် သီးသန့်ပရိသတ် အခိုင်အမာရရှိထားသော မဂ္ဂဇင်း ဖြစ်ပါသည်။ THE WAVES မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင်များမှာ ကျော်ဝင်း၊ ရွှေကျော် နှင့် နေမျိုးသူရ တို့ဖြစ်ကြပြီး မဂ္ဂဇင်းတိုက်ကို အမှတ်(၂၁၇) ပထမထပ် (၀ဲ)၊ ဆိပ်ကမ်းသာလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။

စင်စစ် ကျနော်တို့တတွေမှာ လှိုင်းများကို ဖြတ်သန်းနေကြရသူများ ဖြစ်မည်ထင်ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ကျနော်တို့တတွေမှာ လှိုင်းများကို ဖြတ်သန်းနေကြရသည် ဖြစ်ရာ၊ လှိုင်းတွေနှင့် ရှောင်လွှဲ မရတော့ပါ။ လှိုင်းထန်လေထန်ခရီးတွင် နစ်မသွားစေပဲ ကျကျနန လှိုင်းစီးနိုင်ဖို့ဆိုလျှင် လှိုင်းတို့၏ သဘာဝကို သိထားဖို့ လိုမည် ထင်ပါသည်။

THE WAVES ၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးချီ လှိုင်းလုံးကြီးများ၏ ခြေရာကို မြန်မာစာပေ စာမျက်နှာများထက်သို့ တတ်စွမ်းသမျှ တင်ပြပေးဖို့ ဖြစ်ပါကြောင်း...၊ မဂ္ဂဇင်းအဖွင့်တွင် ဖော်ပြပါရှိပါသည်။

S.T.A

No comments: