Monday, November 26, 2007

Literary Award

ဒုတိယအကြိမ် သဟာယစာပေဆုကို ဘယ်သူများ ရမှာပါလဲ


မိုးကုတ်မြို့က သဟာယစာကြည့်တိုက်ရဲ့ သဟာယစာပေဆု ကို ပြီးခဲ့တဲ့နှစ်က ပထမအကြိမ် အဖြစ် ဆုရွေးချယ် ပေးအပ်နိုင်ခဲ့ပါတယ်။ ဒီဆုကို ပထမဦးဆုံး ဈေးဦးပေါက်သွားသူကတော့ မန္တလေးမြို့က စာရေးဆရာ ညီပုလေး ပဲဖြစ်ပါတယ်။ သဟာယစာကြည့်တိုက်ဟာ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မ ရပ်ကွက်မှာ တည်ရှိပါတယ်။ သဟာယစာကြည့်တိုက်ကို ၁၉၃၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ စာကြည့်တိုက်ပေါင်း (၁၀)ခုကျော်အနက် သက်တမ်းအရှည်ကြာဆုံး၊ စာအုပ် အစုံလင်ဆုံးနဲ့ လူသိအများဆုံး စာကြည့်တိုက် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် မပျက်မစီးအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး မျိုးဆက်အသီးသီးတို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ရာမှာ ယခု လူငယ်မျိုးဆက်သစ်များက ဆက်လက်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်လျှက် ရှိတာကိုလည်း အားရဖွယ်ရာ တွေ့မြင်ရပါတယ်။ ဒီလို လူငယ်တွေရဲ့ ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်မှုတွေကြောင့် နံရံကပ်စာစောင်ပြပွဲများတင် သာမကပဲ စာပေဟောပြောပွဲများ၊ စာပေဆုများ ချီးမြှင့်ပေးအပ်လာနိုင်သည်အထိ တိုးတက်အောင်မြင်လာခဲ့ပါတယ်။ နှစ်စဉ် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ (၄)ရက်နေ့ ရောက်လေတိုင်း သဟာယစာပေဆုကို ချီးမြှင့်နိုင်ဖို့ ဆုချီးမြှင့်ရေးကော်မတီက ရက်သတ်မှတ်ခဲ့ကြပါတယ်။ လာမယ့် ဒုတိယအကြိမ် သဟာယစာပေဆုကိုကော ဘယ်သူဘယ်ဝါကို ချီးမြှင့်ပေးအပ်မယ်ဆိုတာ ဆုရွေးချယ်ရေး ကော်မတီဝင်တွေ အနေနဲ့ ယခုအချိန်မှာ ငြင်းခုန်သတ်ပုတ် ရွေးချယ်အလုပ်ရှုပ်နေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဆရာ ညီပုလေးရဲ့ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်မှာတော့ ဆရာညီပုလေးရဲ့ ၀တ္ထုတိုများဟာ လူသားဆန်ပြီး မျက်မှောက်လူမှုပတ်ဝန်းကျင်ကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဖော်ပြပါရှိပါတယ်။ မိုးကုတ်မြို့ရဲ့ တစ်ခုတည်းသော စာပေဆုဖြစ်တဲ့ သဟာယစာပေဆုကို ဒီနှစ်မှာ ဘယ်သူရမယ်ဆိုတာ အားလုံးက စိတ်ဝင်တစားနဲ့ မျှော်လင့်နေပါကြောင်း…။



စာရေးဆရာညီပုလေး (Profile)
၁၉၅၂-ခုနှစ်တွင် မန္တလေးမြို့၌ အဖ လူထုဦးလှ ၊ အမိ လူထုဒေါ်အမာ တို့မှ မွေးဖွားခဲ့။ အမည်ရင်း ငြိမ်းချမ်း (ခေါ်) ဘိုညို။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့။ မန္တလေး ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒဘာသာရပ်ဖြင့် ရရှိခဲ့သည်။
၁၉၈၅-ခုနှစ်တွင် စပယ်ဖြူမဂ္ဂဇင်း၌ လျှက်ဆားတစ်တို့ ၀တ္ထုတိုဖြင့် စတင် ဖော်ပြခြင်းခံရပြီး မဂ္ဂဇင်းများတွင် ၀တ္ထုတိုများ ဆက်လက်ရေးသားခဲ့။ ပထမဆုံး လုံးချင်းဝတ္ထုတိုစာအုပ် သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ကို ရေးသားထုတ်ဝေခဲ့ပြီးနောက် ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ၀တ္ထုတိုများ၊ လမင်းရဲ့ ချိုသာသော လက်ခုပ်သံ၊ တစ်ကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ လူအအိပ်မက် ၀တ္ထုတိုများ အပြင် ခရီးသွားဆောင်းပါးအဖြစ် လီဒို-ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။
ထို့ပြင် မြေးသူကြီး ၀တ္ထုနှင့် ၂၀၀၆-ခုနှစ်အတွက် ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါသည်။
S.T.A

5 comments:

ညိမ်းညို said...

ကျွန်တော်က သဟာယစာကြည့်တိုက်မှာ ၇တန်းကနေ ၁၀တန်းထိ လုပ်အားပေးခဲ့ဖူးပါတယ်။ အားလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့
သိပ်ကို ပျော်စရာကောင်းတာပေါ့ဗျာ။ အခုတော့ ဇာတိမြို့ကလေးနဲ့ ဝေးကွာနေရတာ ၆ နှစ်ကျော်သွားပြီဗျာ။ သဟာယ စာကြည့်တိုက်က
တဖွဲ့သားလုံးကို အမြဲတစေ လွမ်းဆွတ်သတိရနေပါတယ်ဗျာ။ အခုဆိုရင် စာပေဆုတွေတောင်ပေးနေပြီဆိုတော့ ဂုဏ်ယူတယ်ဗျာ။
မုဒိတာလည်းပွားမိတယ်ဗျာ။ ကျွန်တော်လည်း တတ်နိုင်သလောက် ကူညီမယ်ဗျာ။ တဖွဲ့သားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။
လေးဇော်ဝင်း၊ ဦးဌေးမောင်၊ ကိုသန်းထွေး၊ ကိုဝင်းသန်းဆွေတို့ရေ ဒီကွန့်မန့်လေးကို ဖတ်မိရင် ကျွန်တော့်ကို ဆက်သွယ်ကြပါဦးဗျ။
ဆရာဦးသက်ဦးဆီမှာလည်း ကျွန်တော့်လိပ်စာ ရှိတယ်ဗျ။
သတိရခြင်းများစွာဖြင့်
ရာဇာအောင်

ညိမ်းညို said...

ရာဇာအောင်(ညိမ်းညို)

ညိမ်းညို said...

ကိုသားဖြူရေ အပူကပ်ရဦးမယ်ဗျ။ အလုပ်များနေရင်ခွင့်လွှတ်ပါနော..။ ကျွန်တော့်ကို လိုအပ်တာလေးတွေလည်း အကြံပေး
ပါဦး။ ဒီလိုဗျ..။ သဟာယစာကြည့်တိုက်အတွက် အွန်လိုင်းမှာ ပထမခြေလှမ်းအနေနဲ့ အရင်ဆုံး သဟာယစာကြည့်တိုက်ဆိုပြီး
ဘလော့တစ်ခုလုပ်ရင် ကောင်းမလားလို့။ နောက်အရှိန်ရလာလို့၊ စာကြည့်တိုက်အနေနဲ့လည်း နက်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တဲ့အခါကျရင်
ဒိုမိန်းဝယ်သင့်တယ်ဆိုရင်လည်း ၀ယ်လိုက်မယ်ဗျ။ အခုဘလော့မှာတော့ စာကြည့်တိုက်စဖြစ်လာပုံတွေ စာအုပ်အကြောင်းတွေ
လက်ရှိလုပ်နေတာတွေ တင်မယ်ဗျ။ စာကြည့်တိုက်မှာ နံရံကပ်စာစောင်တွေ လုပ်တဲ့အခါကျတော့လည်း အွန်လိုင်းအနေနဲ့ ဘလော့မှာ အချိန်နဲ့ တပြေးညီ ပြန်ပြီးတော့ ဖော်ပြမယ်ဗျ။ တခြားကောင်းနိုးရာရာ အစီအစဉ်တွေပေါ့ဗျာ။ စာကြည့်တိုက်က ဦးလေးတွေ အကိုတွေနဲ့လည်း တိုင်ပင်ပြီး သူတို့လုပ်စေချင်တာ၊ဖြစ်စေချင်တာ စိတ်ကူးမိတာတွေကို တင်ပေးမယ်ဗျာ။ အခြားစဉ်းးစားထားတာလေးတွေလည်းရှိသေးတယ်ဗျ။ အဓိကကတော့ဗျာ ကျွန်တော်တို့ စာကြည့်တိုက်က လုပ်တာကိုင်တာ
ဆောင်ရွက်နေတာတွေကို အွန်လိုင်းမီဒီယာတစ်ခုအနေနဲ့ နည်းနည်းပဲဖြစ်ဖြစ်ပေါ့ဗျာ ပိုပြီးတော့ ကျယ်ပြန့်စေချင်လို့ပါ။
အခု ဒီမှာ နက်သုံးရတာတော့ အဆင်ပြေပါတယ်ဗျ။ စာကြည့်တိုက်က ပေးပို့လာတဲ့ သတင်းတွေ၊ အချက်အလက်တွေ စာမူတွေကို အမြဲတမ်း အတ်ဒိတ်ဖြစ်နေအောင် တင်ပေးမယ်ဗျ။ တကယ်လို့ မိုးကုတ်မှာလည်း နက်သုံးရတာ အဆင်ပြေတယ်၊ စာကြည့်တိုက်ကနေ လတ်လတ်ဆတ်ဆတ် ပို့စ်တွေ တင်ချင်ရင်လည်း အဆင်ပြေအောင် စာကြည့်တိုက်ကိုလည်း PW ပေးထားမယ်ဗျ။ ဒီလိုနဲ့ တဖြေးဖြေး အရှိန်ရလာရင် တခြားနိုင်ငံက စာကြည့်တိုက်ကြီးတွေလို အွန်လိုင်းနဲ့ အော့ဖ်လိုင်း တပြေးညီ ချိတ်ဆက်မိသွားတာပေါ့ဗျာ။ ဟဲ..ဟဲ ကျွန်တော်စိတ်ကူးယဉ်ကြည့်လိုက်တာ 
အဲဒါဗျာ ကျွန်တော်တွေးမိတာလေးတွေ ကိုသားဖြူလည်း လိုအပ်တာကို အကြံပေးပါဦးဗျ။ စာကြည့်တိုက်ကို စာရေးရင် ကြာမှာဗျ။ ဒါကြောင့်မို့ ဒီမှာပဲ ကွန့်မန့်ဆွဲလိုက်တာ ခွင့်လွှတ်ပါဗျာ ။ ကျေးဇူးတင်ပါတယ်ဗျ။ ကိုသားဖြူ အနောက်ပိုင်းကို
ရောက်ဖြစ်ရင်လည်း စာကြည့်တိုက်ကို ဒါလေး အသိပေး,ပေးပါဦးဗျ။ စာကြည့်တိုက်က ခွင့်ပြုတာနဲ့ သူတို့လုပ်စေချင်တဲ့
ဂိုက်လိုင်းအတိုင်းပဲ ကျွန်တော် သဟာယ ဘလော့စလုပ်လိုက်မယ်။ ပြီးတော့ စာကြည့်တိုက်ကိုလည်း PW ပေးထားမယ်ဗျ။
သင့်တော်၏ မသင့်တော်၏ အချိန်မရွေး စစ်ဆေးလို့ရအောင်ပေါ့။ အွန်လိုင်းမှာလည်းတင်မယ်တဲ့ဆိုတော့ ဘာရယ်မဟုတ်ဘူး
နံရံကပ်စာစောင်လုပ်တဲ့အခါ စာမူတွေပိုရတာပေါ့ဗျာ ကျွန်တော်တို့ တ၀ကြီးဖတ်ရတာပေါ့ :D
ကျေးဇူးတင်ပါတယ်ဗျ။ တဖွဲ့သားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။

ခင်မင်ရင်းနှီးစွာဖြင့်
ရာဇာအောင်(ညိမ်းညို)

remi said...

Hello friends,

Nice pictures.
I visite Myanmar in 2004.
You will find foto's on my blog :

http://blog.seniorennet.be/rey

Greatings from Belgium.

I will com back to Myanmar.

ညိမ်းညို said...

ကျေးဇူးတင်ပါတယ်ကိုသားဖြူရေ mogokmedia ကိုလည်း ကျွန်တော်gtalk မှာadd ထားတယ်ဗျ။ တဖွဲ့သားလုံးပျော်ရွှင်ချမ်းမြေကပါစေခင်ဗျာ :) cbox မှာရေးလို့မရလို့ဗျ ဘန်းထားတယ်တဲ့ :)