Tuesday, August 25, 2009

သခင်သာခင် (သို့မဟုတ်) မိုးကုတ်နယ်သား ထူးချွန်သောနိုင်ငံရေးသမား




သခင်သာခင်ကို ၁၉၁၇- ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ ကင်းရွာ၌ မွေးဖွားခဲ့ပြီး မြို့မရပ်ကွက်တွင် နေထိုင်ကြီးပြင်းခဲ့ပါသည်။ သခင်သာခင်သည် ရှမ်းကုလား ကပြားဖြစ်ပြီး ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ပါသည်။ မွေးချင်းမောင်နှမ သုံးဦးအနက် အကြီးဆုံးသားဖြစ်၍ ညီမများမှာ ဒေါ်စောမေနှင့် ဒေါ်အေးကြည် တို့ဖြစ်ကြသည်။ ဖခင်မှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူလူမျိုး ဦးရာမသုခဖြစ်၍ မိခင်မှာ ရှမ်းလူမျိုး ဒေါ်ခွန့် တို့ဖြစ်ကြသည်။
ဖခင်ဖက်မှ အဖိုးဖြစ်သူသည် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှအစိုးရလက်အောက်ခံ အိန္ဒိယစစ်တပ်တွင် ဗိုလ်မှူး (Major) အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ Mr. Fagul Singh ဖြစ်သည်။ Mr.Singh သည် အိန္ဒိယစစ်တပ်၏ ပုန်ကန်ထကြွမှုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့သော်လည်း အိန္ဒိယ အထက်တန်းစားမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ခြင်းကြောင့် ၄င်းအား အင်္ဂလိပ်အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော လယ်ယာမြေများကိုလည်း ဆက်လက်ပိုင်ဆိုင်ခွင့် ပေးခဲ့ပါသည်။ နောက်ပိုင်းတွင် Mr.Singh သည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော အိန္ဒိယအမျိုးသားကွန်ဂရက် အသင်းကြီးသို့ ၀င်ရောက်ခဲ့ပြီး နိုင်ငံရေး ပါဝင်လှုပ်ရှားခဲ့ပါသည်။
မိခင်ဖြစ်သူ ဒေါ်ခွန့်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘုရင်ခံ၏ လက်အောက်ခံ ရှမ်းနယ်မှ စော်ဘွားတစ်ဦးဖြစ်သော စ၀်လုံဖ၏ သမီးဖြစ်သည်။ ဖခင်ဖြစ်သူ စ၀်လုံဖ၏ အရိုက်အရာကို ၄င်း၏ညီဖြစ်သူက လုယူသိမ်းပိုက်လိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာမှ မိုးကုတ်ရတနာမြေသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ ဒေါ်ခွန့်၏ မွေးချင်းအစ်ကိုကြီး တစ်ယောက်မှာလည်း တရုတ်နိုင်ငံ ပီကင်းမြို့တော်ရှိ ဘုရင့်စစ်တက္ကသိုလ် သင်တန်းကျောင်းသို့ တက်ရောက်ခွင့်ရရှိခဲ့ပြီး မန်ချူးဘုရင့်တပ်မတော်တွင် စစ်ဗိုလ်တစ်ဦးအဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။ ၁၉၁၁-ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒေါက်တာဆွန်ယက်ဆင် ခေါင်းဆောင်သော တရုတ်ဘုရင်စနစ်ကို ဖြုတ်ချသည့် တော်လှန်ရေး၌ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ဖခင်နှင့်မိခင် နှစ်ဖက်စလုံးမှ မျိုးရိုးဆင်းသက် ဆက်နွယ်မှုကို ကြည့်ခြင်းအားဖြင့် သခင်သာခင်သည် နိုင်ငံရေးဗီဇ နဂိုကတည်းကရင်း ပါရှိခဲ့သူ ဖြစ်သည်ဟု ယူဆနိုင်ပါသည်။

နိုင်ငံရေးသမားဘ၀အစ


အသက်နှစ်ဆယ်အရွယ် ကျောင်းသားကလေး ကိုသာခင်သည် ၁၉၃၆- ခုနှစ်တွင် စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်း၌ ဆယ်တန်းကျောင်းသားအဖြစ် ပညာသင်ယူလျက်ရှိသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးဥပစာကောလိပ် ကျောင်းသားများက ကိုလိုနီအစိုးရကို မကျေနပ်၍ သပိတ်မှောက်ကြရာ မြန်မာနိုင်ငံအရပ်ရပ်ရှိ အစိုးရအထက်တန်းကျောင်းများသို့လည်း သပိတ်ပျံ့နှံ့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် မန္တလေးဥပစာကောလိပ်မှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဗဟိန်းနှင့် ကျောင်းသားများသည် စစ်ကိုင်းမြို့သို့ ရောက်ရှိလာကြပြီး အစိုးရအထက်တန်းကျောင်းကို ၀န်းရံကာ ကျောင်းသားများအား သပိတ်အတွင်း ပါဝင်လာစေရန် ကြွေးကြော်ကြသည်။
ထိုစဉ်က စစ်ကိုင်းအစိုးရအထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ အင်္ဂလိပ်လူမျိုး မစ္စတာဒေါင်း ဖြစ်သည်။ ၄င်းက မိမိလက်အောက်ရှိ ကျောင်းသားများအား တုတ်များဝေငှ၍ ကိုဗဟိန်းခေါင်းဆောင်သော ကျောင်းသားအဖွဲ့ကို ရိုက်နှက်ရန် စေခိုင်းလိုက်သည်။ ထိုအခါ အထက်တန်းကျောင်းမှ ကျောင်းသားတချို့သည် ကျောင်းဝင်းထရံအနီးသို့ ကပ်လာသော ကှိုဗဟိန်းခေါင်းဆောင်သည့် ကျောင်းသားများအား ရိုက်နှက်ကြသည်။ ရိုက်နှက်ခံရသော ကျောင်းသားများထဲတွင် ကိုဗဟိန်းလည်း ပါဝင်ခဲ့သည်။ ကိုသာခင်မှာ ကျောင်းအုပ်ကြီးက စေခိုင်းသောကြောင့် တုတ်ကိုင်သွားသော ကျောင်းသားအဖွဲ့နှင့် လိုက်ပါသွားသော်လည်း ရိုက်နှက်ရာတွင် ပါဝင်ခြင်းမရှိခဲ့ပေ။
ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းသည် ရုပ်ရည် တည်ကြည်ခန့်ညားပြီး ကိုသာခင်အနေဖြင့် ၄င်းအား ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ကိုသာခင်သည် ကိုဗဟိန်း အရိုက်ခံရသည်ကို မြင်တွေ့ရသောအခါ စိတ်ထိခိုက်သွားခဲ့သည်။ ထိုရိုက်နှက်ပွဲတွင် ကိုဗဟိန်းမှာ ဒဏ်ရာပြင်းထန်စွာ မရသော်လည်း အနာတရဖြစ်သွားခဲ့ရသည်။ ကိုသာခင်အနေဖြင့် ထိုသို့ကြုံတွေ့ရပုံကို မိမိတစ်သက်တာတွင် အမှတ်တရ ဖြစ်နေခဲ့သည်။ ထိုနှစ်တွင် ကိုသာခင်သည် ဆယ်တန်းစာမေးပွဲကို ဖြေဆိုပြီးနောက် မိုးကုတ်မြို့သို့ ပြန်လာခဲ့သည်။
မိုးကုတ်မြို့သို့ ရောက်ရှိသောအခါ နယ်ပိုင်ဝန်ထောက်ရုံး၌ စာရေးဝန်ထမ်းအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရုံးစာရေးဝန်ထမ်း လုပ်နေစဉ်အတွင်း မိုးကုတ်သူ ဒေါ်ခင်ရွှေနှင့် အိမ်ထောင်ကျခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် ရုံးစာရေးအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ကျောက်မျက်ရတနာ အရောင်းအ၀ယ်လုပ်ငန်းကို လုပ်ကိုင်ရင်း မိုးကုတ်မြို့မှ ရန်ကုန်မြို့သို့ ဆင်းလာခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိနေတုန်းအခိုက် ကိုဗဟိန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်နေကြောင်း သိရသဖြင့် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး ကိုဗဟိန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံကြသည့်အခါ ယခင် စစ်ကိုင်းအထက်တန်းကျောင်းတုန်းက အဖြစ်အပျက်များကို ပြန်လည်ပြောပြရင်း သူ့အနေဖြင့် ကျောင်းအုပ်ကြီး၏ ဆောင်ရွက်မှုအပေါ် မကျေနပ်ခဲ့သည့်အကြောင်း၊ စိတ်ထဲတွင်လည်း မခံမရပ်နိုင် ဖြစ်ရပုံအကြောင်း၊ ကျောင်းသားများအား ရိုက်နှက်သည့်အထဲတွင် မိမိအနေဖြင့် ပါဝင်ခဲ့ခြင်း မရှိသည့်အကြောင်းကို ကိုဗဟိန်းအား ပြန်လည်ပြောပြခဲ့သည်။
ထိုစဉ်က ကိုဗဟိန်းသည် ကိုသာခင်၏ အပြောအဆို၊ အပြုအမူကို အကဲခတ်ကာ မျိုးချစ်စိတ်ရှိသော လူငယ်တစ်ယောက်အဖြစ် ယူဆခဲ့သည်။ ထို့ကြောင့် ကိုသာခင်အား ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အခိုက် တို့ဗမာအစည်းအရုံးသို့လည်း သွားရောက်လေ့လာသင့်ကြောင်း အကြံပြုခဲ့သည်။ ကိုသာခင်သည် ကိုဗဟိန်း၏ အကြံပြုချက်ကို စိတ်ဝင်စားခဲ့ပြီး တို့ဗမာအစည်းအရုံးသို့ သွားရောက်ခဲ့သည်။ တို့ဗမာအစည်းအရုံး၌ သခင်မြ၊ ကျုံမငေး သခင်တင်မောင်၊ ကာလကတ္တားတွင် ကျောင်းတက်၍ ပြန်ရောက်လာသော နောင် သခင်လှဖေ (ခ) ဗိုလ်လင်္ကျာ တို့ကို တွေ့ဆုံခဲ့ရသည်။ ယင်းပုဂ္ဂိုလ်များက ကိုသာခင်နှင့်အတူ နိုင်ငံရေးအကြောင်း၊ တို့ဗမာအစည်းအရုံးအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ ကိုသာခင်သည် ၁၉၃၉- ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ သခင်အဖြစ် မှတ်ပုံတင်ဝင်ရောက်ခဲ့သည်။
ကိုသာခင်သည် အထက်တန်းပညာရေးကို Grade A ဖြင့် အောင်မြင်ခဲ့ပြီး တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူနိုင်သော်လည်း ကျောင်းဆက်မတက်တော့ပဲ ၁၉၃၉- ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့ပြီး သခင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ထိုအချိန်မှစ၍ ကိုသာခင်သည် သခင်သာခင် ဟူသောအမည်ကို ခံယူခဲ့ပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလ သခင်ပေါက်စ

သခင်သာခင်သည် ရန်ကုန်မြို့မှ မိုးကုတ်မြို့သို့ပြန်လာခဲ့ရာတွင် အမရပူရမြို့သား သခင်သိန်းမောင်နှင့်အတူ လိုက်ပါလာခဲ့သည်။ ထိုအချိန်မှစပြီး သခင်သိန်းမောင်နှင့် သခင်သာခင်တို့သည် မကြာခဏ ဆက်သွယ်မိကြကာ မိုးကုတ်၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်းမြို့ရှိ သခင်အဖွဲ့အချင်းချင်းကြား ရင်းရင်းနှီးနှီး ရှိလာခဲ့သည်။ သခင်သာခင်သည်လည်း ရန်ကုန်မြို့သို့ မကြာမကြာ လာရောက်တိုင်း တို့ဗမာအစည်းအရုံးဌာနချုပ်သို့ ၀င်ထွက်သွားလာပြီး တို့ဗမာအစည်းအရုံး၏ သခင်ခေါင်းဆောင်ပိုင်း များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
တို့ဗမာအစည်းအရုံးမှ သခင်များသည် အင်္ဂလိပ်နယ်ချဲ့ကိုလိုနီများအား ဆန့်ကျင်တော်လှန်ရေး အတွက် ယူဂျီ ခေါ် မြေအောက်လှုပ်ရှားမှုအဖွဲ့ကို ဖွဲ့စည်းပြီး လက်နက်စုဆောင်းရေး၊ ပြောက်ကျားစစ်လေ့ကျင့်ခန်း၊ ရန်သူလှုပ်ရှားမှုများကို ဗဟိုသို့သတင်းပေးပို့ရေး၊ ဂျပန်က လေကြောင်းဖြင့် ချပေးမည်ဆိုသည့် လက်နက်များအား စောင့်ယူရေး စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းတာဝန်များကို ဆောင်ရွက်ရာတွင် သခင်သာခင်သည်လည်း ပါဝင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်တော် (BIA) သည် အထက်မြန်မာပြည်သို့ ရောက်လာသောအခါ သခင်သာခင်သည် အထက်မြန်မာပြည်စစ်ရုံး၌ ဗိုလ်အဖြစ်ခန့်အပ်ခြင်းခံရပြီး ဗိုလ်လင်းယုန်တပ်၌ အမှုထမ်းရသည်။ ၁၉၄၀-၄၁ ခုနှစ်အတွင်း အထက်မြန်မာပြည် နယ်ချဲ့တော်လှန်ရေးတွင် တာဝန်ခံ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၌ ဗိုလ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ထိုစဉ်က သခင်သာခင်သည် အထက်မြန်မာပြည်လုံးဆိုင်ရာ BIA အုပ်ချုပ်ရေးအဖွဲ့၏ ဖွဲ့စည်းရေးမှုးအဖွဲ့တွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ၁၉၄၁- ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မြေအောက်တော်လှန်ရေး အဖွဲ့ခွဲတွင် မိုးကုတ်ဒေသတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၂ ဇွန်လလယ်တွင် BIA တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်သောအခါ မွေးရပ်မြေ မိုးကုတ်မြို့သို့ ပြန်လာခဲ့ပါသည်။

ဂျပန်ခေတ်ကာလ ရဲဝန်ထမ်းဘဝ

မိုးကုတ်မြို့တွင် တစ်လခန့်အနားယူပြီးသောအခါ ရန်ကုန်သို့ဆင်းလာခဲ့ပြီး သခင်မြ၊ ဦးကျော်ငြိမ်း တို့နှင့် တွေ့ဆုံ၍ ၄င်းတို့၏စီစဉ်ပေးမှုဖြင့် ရဲဗိုလ်သင်တန်းကို တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးသည့်အခါ ရှမ်းပြည် တောင်ကြီးမြို့သို့ ခရိုင်ရဲဝန် (DSP) ရာထူးဖြင့် ရဲလုပ်ငန်းတာဝန်များ ထမ်းဆောင်ခဲ့သည်။ သခင်သာခင်သည် ၁၉၄၁-၄၅ ဂျပန်ခေတ် တစ်လျှောက်လုံးတွင် အစိုးရဖက်၌ ခရိုင်ရဲဗိုလ်မှုးအဖြစ် ကသာ၊ လားရှိုး၊ တောင်ကြီးတို့၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်ကို တော်လှန်ရန်အတွက် ရှမ်းပြည်မှ ဦးတင်အေး အစရှိသော လူငယ်ခေါင်းဆောင်များနှင့်အတူ တောခိုခဲ့ပါသည်။ ထိုနောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် စစ်တိုင်းအမှတ် (၆)မှ ဗိုလ်မှုးရဲထွတ် ဦးစီးသော ဘယကျော်ထင်တပ်ဖွဲ့တွင် တောင်ပိုင်းရှမ်းပြည်၊ ပျဉ်းမနားနယ်စပ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေးပြီး၍ ရန်ကုန်မြို့ရှိ ခေါင်းဆောင်များထံသို့ သတင်းပို့ပြီး မိုးကုတ်သို့အပြန် လမ်းခရီး၌ အဖမ်းဆီးခံရကာ ရွှေဘိုအကျဉ်းထောင်တွင် နှစ်လ အကျဉ်းကျခံခဲ့ရပါသည်။
ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းမှနေ၍ သက်ဆိုင်ရာအာဏာပိုင်များထံသို့ မေတ္တာရပ်ခံ တောင်းဆိုမှုအရ အနယ်နယ်အရပ်ရပ်တွင် ထောင်အကျဉ်းကျခံနေရသော သခင်နိုင်ငံရေးသမားများ လွတ်မြောက်လာခဲ့ကြသည်။

ဖဆပလ ခေတ် နိုင်ငံရေးလှုပ်ရှားမှု

၁၉၄၇- ခု ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ခေတ်တွင် သခင်သာခင်သည် မိုးကုတ်မြို့သို့ပြန်လာပြီး ဖဆပလ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မိုးကုတ်မြို့နယ် ဖဆပလ အဖွဲ့ကို စတင်ဖွဲ့စည်းရာ၌ ဥက္ကဌအဖြစ် သခင်ဘသိန်း၊ အတွင်းရေးမှုးအဖြစ် သခင်သာခင် တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် သခင်သာခင်အား ဖဆပလ ရန်ကုန်ဌာနချုပ်က ခေါ်ယူ၍ အထက်မြန်မာပြည် ဖဆပလ စည်းရုံးရေး တိုင်းမှုးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် ရန်ကုန်ဗဟိုဌာနချုပ်တွင် လက်ထောက်အတွင်းရေးမှုး တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။
၁၉၄၇-ခုနှစ်တွင် သခင်ဘသိန်းသည် ကသာခရိုင် မိုးကုတ်မဲဆန္ဒနယ်မှနေ၍ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံရပြီး သခင်သာခင်မှာမှု ပြည် ကျေးလက်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံခဲ့ပါသည်။ ထိုစဉ်က သခင်သာခင်သည် ယှဉ်ပြိုင်ဖက်မရှိပဲ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ တိုင်းပြုပြည်ပြုလွှတ်တော်အမတ် ဖြစ်လာခဲ့ပါသည်။ ထို့နောက် အစိုးရအဖွဲ့တွင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဌာနများနှင့် ၀န်ကြီးချုပ်ရုံးတို့တွင် ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်၊၊
၁၉၅၁-ခု ရွေးကောက်ပွဲတွင် သခင်သာခင်သည် မိုးကုတ်မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခံရသော ပါလီမန်အမတ် ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်ဖြန့်ဖြူးရေးနှင့် သမ၀ါယမ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၄- ခုနှစ် သြဂုတ်လတွင် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် အစိုးရအဖွဲ့မှ ခေတ္တနုတ်ထွက်ခဲ့ပါသည်။ ထိုနောက်ပိုင်း သခင်သာခင်သည် ဖဆပလ အဖွဲ့ချုပ်တွင် တွဲဖက်အထွေထွေအတွင်းရေးမှုး အနေဖြင့် အမြင့်ဆုံးတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထိုစဉ်က အထွေထွေအတွင်းရေးမှုးမှာ ဦးဗဆွေ ဖြစ်၍ ၄င်း၏လက်အောက်တွင် အရေးကြီးသော တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၆- ခု ရွေးကောက်ပွဲတွင် မိုးကုတ်မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ဆက်တိုက်အရွေးခံခဲ့ရပြီး အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းမကွဲမှီ အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇- ခု ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် သခင်နုသည် ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌဖြစ်လာခဲ့သည်။ သခင်နု ဖဆပလ ဥက္ကဌဖြစ်ပြီး (၁၁) နှစ်ကျော်အကြာ ၁၉၅၈- ခုနှစ် မေလလယ်တွင် ဖဆပလ အဖွဲ့ကြီးသည် နှစ်ခြမ်းကွဲခဲ့ရပါသည်။ ထိုစဉ်က ဖဆပလ အဖွဲ့ကြီးတွင် အဓိကခေါင်းဆောင်များမှာ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်တင်နှင့် ဦးဗဆွေတို့ ဖြစ်ကြသည်။ ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားပြီး သခင်သာခင်မှာ ဦးကျော်ငြိမ်း၏ ညာလက်ရုံး ဖြစ်ခဲ့သည်။ ဖဆပလ နှစ်ခြမ်းကွဲသွားသည့်နောက် ဦးနုနှင့် သခင်တင်၏ အုပ်စုကို သန့်ရှင်းဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ လူစုကို တည်မြဲဟု ပြည်သူလူထုက ကင်ပွန်းတပ်ခဲ့ကြသည်။
ထိုသို့ နှစ်ခြမ်းကွဲသွားပြီးနောက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ သန့်ရှင်းဖဆပလ အဖွဲ့က တည်မြဲဖဆပလ အဖွဲ့အပေါ် (၈)မဲအသာဖြင့် ကပ်၍ အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တည်မြဲဖဆပလ အဖွဲ့တွင်ပါဝင်သော သခင်သာခင်သည်လည်း ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။
ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော သန့်ရှင်းဖဆပလ လက်ထက်တွင် တိုင်းပြည်မှာ အဖက်ဖက်မှ ယိုယွင်းလာသည့်အတွက် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းအား အိမ်စောင့်အစိုးရကို တာဝန်ယူဖွဲ့စည်းနိုင်ရန် အာဏာလွှဲပြောင်း ပေးခဲ့ရသည်။ ထို့နောက် ၁၉၅၈ အောက်တိုဘာ (၂၉)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခဲ့သည်။ အိမ်စောင့်အစိုးရသည် ၁၉၆၀- ခု ဧပြီလ (၃)ရက်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။
၁၉၆၀- ခု ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် အိမ်စောင့်အစိုးရမှ ကျင်းပပေးသည့်ရွေးကောက်ပွဲ၌ တည်မြဲအဖွဲ့သည် သန့်ရှင်းအဖွဲ့ကို ရှုံးနိမ့်ခဲ့ပါသည်။ ၁၉၆၀- ခုနှစ်တွင်ကျင်းပသော ရွေးကောက်ပွဲ၌ သခင်သာခင်သည် မိုးကုတ်အမတ်အဖြစ် အနိုင်ရခဲ့ပြီး ပါလီမန်လွှတ်တော်တွင် တည်မြဲဖက်မှ အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။ ထိုစဉ်က အတိုက်အခံခေါင်းဆောင်အနေဖြင့် တာဝန်ယူခဲ့ရာတွင် အစိုးရ၀န်ကြီးအဖွဲ့ဝင်ကဲ့သို့ပင် လစာခံစားရရှိသည်။ ၁၉၅၈- ခုနှစ်မှစ၍ သခင်သာခင်သည် တည်မြဲဖဆပလ အဖွဲ့တွင် အထွေထွေအတွင်းရေးမှုးချုပ် ရာထူးကို ရရှိခဲ့ပြီး တော်လှန်ရေးကောင်စီ၏ အဖမ်းဆီးမခံရမှီ အချိန်တိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။ သခင်သာခင်သည် အတိုက်အခံခေါင်းဆောင်အဖြစ် ၁၉၆၀- ခုနှစ်မှစ၍ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီမှ ပြည်သူ့လွှတ်တော်ကို မဖျက်သိမ်းမှီ ၁၉၆၂- ခု မတ်လအထိ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၁- ခု ဇွန်လတွင် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သော အစိုးရကိုယ်စားလှယ် အဖွဲ့တွင် သခင်သာခင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။
သခင်သာခင်၏ နိုင်ငံရေးသမားဘ၀တွင် ၄င်းနှင့်အရင်းနှီးဆုံးသော ပုဂ္ဂိုလ်များ၌ ၀န်ကြီးချုပ်ဦးနု၊ ဒုတိယ၀န်ကြီးချုပ် ဦးကျော်ငြိမ်း၊ ၀န်ကြီး ဗိုလ်ခင်မောင်ကလေး၊ ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးဗဆွေ အစရှိသော ခေါင်းဆောင်ကြီးများလည်း ပါဝင်သည်။ သခင်သာခင်သည် ထိုခေါင်းဆောင်များ၏ နိုင်ငံရေးတပည့်မျိုး မဟုတ်ပဲ ထိုခေါင်းဆောင်များက ပေးအပ်သော တာဝန်များကို ယုံကြည်စွာ ထမ်းဆောင်ခဲ့သော ရဲဘော်ရဲဖက်ကောင်း တစ်ဦးသာ ဖြစ်ခဲ့ပါသည်။ သခင်သာခင်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အသိအမှတ်ပြုခြင်းကို ခံယူရရှိခဲ့သူ နိုင်ငံရေးကေဒါ တစ်ဦးလည်းဖြစ်ပါသည်။ ထို့ပြင် သခင်သာခင်သည် ကိုယ်ကျိုးမရှာသော နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။

တော်လှန်ရေးကောင်စီလက်ထက် နိုင်ငံရေးသမားဘဝ

၁၉၆၂- ခုနှစ် မတ်လ (၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ကို ဖျက်သိမ်းခဲ့ပါသည်။ ထိုအခါ ပြည်သူ့လွှတ်တော်တွင် အတိုက်အခံခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော သခင်သာခင်သည်လည်း ၄င်းရာထူးမှ ဖြုတ်ချခံရသည်။ သို့သော် တော်လှန်ရေးကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံရေးသမားများထဲတွင် မပါဝင်ခဲ့ပေ။ ထို့ကြောင့် သခင်သာခင်သည်လည်း မိမိနေအိမ်တွင် နေထိုင်ပြီး ရှုပ်ထွေးလာသော နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်လေ့လာနေခဲ့သည်။
သခင်သာခင်သည် ဗိုလ်ချုပ်ကြီးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံခြင်း မပြုခဲ့ပေ။ ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များအကြား စေ့စပ်ဆွေးနွေးရေးကိစ္စ ပျက်ပြားသွားသောအခါ တည်မြဲ ဖဆပလ ခေါင်းဆောင်အချို့ကို အစိုးရက လိုက်လံဖမ်းဆီးရာ သခင်သာခင်သည် အဖမ်းဆီးမခံပဲ တိမ်းရှောင်နေခဲ့ပါသည်။
တော်လှန်ရေးကောင်စီ အစိုးရမှ နိုင်ငံရေးပါတီများကို ဖျက်သိမ်းပစ်လိုက်ပြီးနောက် ၁၉၆၃-ခု အောက်တိုဘာလတွင် သခင်သာခင်သည် မြေအောက်လုပ်ငန်းသို့ ရောက်ရှိခဲ့ကာ အစိုးရကို ဆန့်ကျင်တော်လှန်သူအဖြစ် တံဆိပ်တပ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သခင်သာခင်သည် မိမိလုပ်ဆောင်လိုသော နိုင်ငံရေးလုပ်ငန်းများ အနှောင့်အယှက် ကင်းရှင်းစွာ လုပ်ဆောင်နိုင်ရန် ဗိုလ်ချုပ်ကြီးနေ၀င်း လက်လှမ်းမမှီနိုင်သော ဒေသများသို့ ရွေ့လျားပြီး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။ ထိုသို့ တိမ်းရှောင်လှုပ်ရှား ဆောင်ရွက်နေစဉ် ကာလအတွင်း ၁၉၆၃-ခု ပုပ္ပါး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွင် သခင်သာခင်သည် တောင်သူလယ်သမား ကိုယ်စားလှယ်အသွင်ဖြင့် နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပါသည်။ ထိုစဉ်က သခင်သာခင်သည် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ခုံတန်းသုံးတန်းအကွာတွင် ထိုင်နေခဲ့ပြီး တက်ရောက်လာသော ကိုယ်စားလှယ်များ အကြားတွင် ရှိနေခဲ့သည်။ ထိုသို့ ပုန်းရှောင်လှုပ်ရှားပြီး နိုင်ငံရေးဆောင်ရွက်နေစဉ် ၁၉၆၆-ခု ဧပြီလ (၁၄)ရက်နေ့တွင် စစ်ထောက်လှမ်းရေးအဖွဲ့မှ သတင်းရရှိကာ ဖမ်းဆီးခံခဲ့ရသည်။
၁၉၆၈-ခု ဒီဇင်ဘာလ (၄)ရက်နေ့တွင် တော်လှန်ရေးကောင်စီ အစိုးရသည် ပြည်တွင်းညီညွှတ်ရေး အကြံပေးအဖွဲ့အဖြစ် အဖွဲ့ဝင် (၃၃)ဦး ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ထို (၃၃)ဦး ကော်မတီအဖွဲ့တွင် သခင်သာခင်သည်လည်း အရွေးချယ်ခံရသည့်အတွက် ၁၉၆၈-ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ထောင်မှလွှတ်ပေးခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ကူညီခြင်း

မြန်မာနိုင်ငံသည် ၁၉၄၈-ခု ဇန်န၀ါရီလ (၄)ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သော်လည်း ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသည် ဒတ်ခ်ျ ကိုလိုနီလက်အောက်တွင် ကျရောက်နေခဲ့သည်။ ဒတ်ခ်ျကိုလိုနီအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော တော်လှန်ရေးသမားများထံသို့ မြန်မာအစိုးရမှနေ၍ ရှိစုမဲ့စု လက်နက်ခဲယမ်းများကို လေယာဉ်ပျံဖြင့် အခေါက်ခေါက် အခါခါ ပေးပို့ခဲ့ရသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသို့ လက်နက်အကူအညီများ သွားရောက်ပေးပို့ရာတွင် မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင်ခဲ့သူမှာ သခင်သာခင်ဖြစ်သည်။
သခင်သာခင်သည် ပြည်သူ့အရေးတော်ပုံပါတီတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် အထက်မြန်မာနိုင်ငံ၏ မြေအောက်လုပ်ငန်းများကို တာဝန်ခံလုပ်ဆောင်စဉ် စွန့်လွှတ်စွန့်စားမှုများစွာ ပြုလုပ်ခဲ့ဖူးသည်။ ဂျပန်ခေတ် ခရိုင်ရဲဝန်ရာထူးဖြင့် ဂျပန်ကင်ပေတိုင် စစ်ပုလိပ်များ မျက်စိအောက်မှာပင် လျှို့ဝှက်တော်လှန်ရေး မြေအောက်လုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။ ထိုသို့ အတွေ့အကြုံရှိပြီး၊ အစမ်းသပ်ခံပြီး ၀ါရင့်တော်လှန်ရေးသမား တစ်ဦးဖြစ်သည့်အတွက် မြန်မာအစိုးရကိုယ်စား အင်ဒိုနီးရှားနိုင်ငံသို့ လျှို့ဝှက်သွားရောက်ရန် စေလွှတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် သခင်သာခင်သည် မြန်မာနိုင်ငံမှ စစ်လက်နက်ပစ္စည်းများကို တင်ဆောင်ပြီး လေယာဉ်ပျံဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ လျှို့ဝှက်ပျံသန်းကာ ပို့ဆောင်ပေးခဲ့ရသည်။ ထိုစဉ်က အသုံးပြုခဲ့ရသော လေယာဉ်များမှာ ဒီစီ-၃၊ ဒီစီ-၆ လေယာဉ်အမျိုးအစားများ ဖြစ်ကြသည်။ ထိုသို့ မြန်မာနိုင်ငံက လက်နက်များ လျှို့ဝှက်ကူညီနေကြောင်းကို ဒတ်ခ်ျကိုလိုနီအစိုးရက သိရှိသွားခဲ့ရာ တစ်ကြိမ်တွင် သခင်သာခင် စီးနင်းလိုက်ပါလာသော လေယာဉ်အား ဒတ်ခ်ျလေယာဉ်များက လိုက်လံပစ်ခတ်ရာ မနီလာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရလေသည်။ သခင်သာခင်သည်လည်း ကံကောင်း၍ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်။
မြန်မာနိုင်ငံအစိုးရသည် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးရာအရ အထောက်အကူပေးခဲ့သည်။ ၁၉၄၈-ခု ဒီဇင်ဘာလတွင် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအရ လွတ်လပ်သော အင်ဒိုနီးရှားပြည်ထောင်စုသမ္မတနိုင်ငံ ပေါ်ထွန်းလာခဲ့သည်။

မွေးရပ်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်

သခင်သာခင်သည် အစိုးရအဖွဲ့တွင် ပါဝင်ပြီး ၀န်ကြီးဌာနအသီးသီး၌ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မွေးရပ်ဇာတိမြေဖြစ်သော မိုးကုတ်မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ ရပ်ရေးရွာရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၇-ခု ဇန်န၀ါရီလ (၂၆)ရက်နေ့တွင် အင်္ဂလိပ်အစိုးရက မိုးကုတ်ပတ္တမြားကျောက်တွင်းနယ်ကို ရှမ်းပြည်တောင်တန်းနယ် အတွင်းသို့ သွတ်သွင်းရန် စီမံခဲ့ရာ မြို့လူထုက ကန့်ကွက်ဆန္ဒပြကြပြီး ရွှေဘိုခရိုင်အတွင်းသို့ ထည့်သွင်းရန် အရေးဆိုခဲ့ကြသည်။ ထိုကန့်ကွက်ဆန္ဒပြပွဲတွင် မြို့လူထု (၃၀၀၀)ကျော် စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ မိုးကုတ်နယ်ကို ရှမ်းပြည်အတွင်းသို့ မသွတ်သွင်းပဲ မြန်မာပြည်မနှင့် ပူးပေါင်းစေရန် လူထုဆန္ဒပြပွဲကြီးကို ဆင်နွှဲရာတွင် သခင်သာခင်သည် ခေါင်းဆောင်မှုပေးခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ၁၉၄၇-ခု ဇူလိုင်လ (၁၇)ရက်တွင် မိုးကုတ်နယ်ကို ကသာခရိုင်မှ ရွှေဘိုခရိုင်အပါအ၀င်အဖြစ် အသိအမှတ်ပြုခဲ့သည်။
၁၉၅၈-၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် မိုးကုတ်မြို့ ရေပေးဝေမှု အဆင်ပြေလွယ်ကူစေရေး အတွက် သခင်သာခင်မှ ဦးစီးဦးဆောင်ပြုကာ မြို့မိမြို့ဖများနှင့် ပူးပေါင်းပြီး အုန်းကိုင်းရွာအထက် ရေထွက်ဦးနေရာမှ ယခုရေလှောင်ကန်အထိ ပေ(၇၀၀၀) ကျော်ရှည်သော ဒုတိယ ရေပိုက်လိုင်းကို သွယ်ယူနိုင်ခဲ့ပါသည်။
သခင်သာခင်သည် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း၌ မိုးကုတ်-မန္တလေးကားလမ်း ဖောက်လုပ်ရေး အကောင်အထည်ဖော်နိုင်ရန် မိုးကုတ်ဒေသခံ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်နေစဉ် ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်စောင့်အစိုးရ တက်လာ၍ လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် သခင်သာခင် စပြီး အကောင်အထည်ဖော်ခဲ့သော မိုးကုတ်-မန္တလေးကားလမ်း စီမံကိန်းကို အိမ်စောင့်အစိုးရ လက်ထက်တွင် စတင်ဖောက်လုပ်ခဲ့ပါသည်။
ထို့နောက် သန့်ရှင်း ဖဆပလ အဖွဲ့ အာဏာပြန်လည် ရရှိခဲ့ပြီး မိုးကုတ်-မန္တလေးလမ်းကို ဆက်လက် အကောင်အထည်ဖော်ခဲ့ပါသည်။ ၁၉၆၀-ခုနှစ်တွင် မိုးကုတ်-မန္တလေးကားလမ်းကို သယ်ယူပို့ဆောင်ရေးနှင့် စာတိုက်ကြေးနန်းဌာန၀န်ကြီး သတိုးသီရိသုဓမ္မ ဗိုလ်မှုးအောင်က ဖွင့်လှစ်ပေးခဲ့ပါသည်။


နိဂုံး
အိမ်စောင့်အစိုးရလက်ထက် ၁၉၆၀-ခု ဒီဇင်ဘာလတွင် သခင်သာခင်သည် လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ် (ပထမဆင့်)ကို ချီးမြှင့်ခြင်းခံရပြီး ၁၉၈၀-ပြည့်နှစ် ဇွန်လ (၇)ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ၏ နိုင်ငံတော်ကောင်စီက နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ကို ချီးမြှင့်အပ်နှင်းခြင်းခံရသည်။
သခင်သာခင်သည် မိုးကုတ်သူ ဒေါ်ခင်ရွှေနှင့် ၁၉၃၆-ခု တွင် လက်ထပ်ခဲ့ပြီး ဒေါ်ခင်ပြုံး၊ ဦးညီညီ၊ ဒေါ်ရီရီ၊ ဦးအောင်ခင်၊ ဒေါ်ညိုညို တို့ကို ဖွားမြင်ခဲ့ကာ ၁၉၅၅-ခု ဧပြီလတွင် ကွာရှင်းခဲ့ပါသည်။ ဒုတိယအိမ်ထောင်အဖြစ် ဒေါ်မြသန်းတင်နှင့် ၁၉၅၉-ခု မေလ (၁၁)ရက်နေ့တွင် လက်ထပ်ခဲ့ပြီး ဒေါ်ဥမ္မာသာခင်နှင့် ဦးနန္ဒာသာခင်တို့ကို မွေးဖွားခဲ့ပါသည်။
ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်၊ ယခင် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာန ဒုတိယညွှန်ကြားရေးမှုး၊ ဗဟိုနိုင်ငံရေးသိပ္ပံ သင်တန်းမှုးချုပ်) သည် သခင်သာခင်နှင့် ယောက်ဖတော်စပ်ပါသည်။ သခင်သာခင်သည် ၁၉၈၆-ခု ဧပြီလ (၁၉)ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် ၆၀(ခ)၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ပါသည်။


ကိုးကားချက်

(၁) ဦးနုရေး တာတေစနေသား။
(၂) မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း၊ ဦးသိန်းလွင် (ဘီအေ)၊ စာပြီးရက်စွဲ- ၁၉၅၀ ခု ဒီဇင်ဘာ (၂၈)ရက်၊ ထုတ်ဝေသည့်နှစ် မပါရှိ။
(၃) ကမ္ဘာကသိတဲ့ မြန်မာ့ပတ္တမြားမြေ၊ မောင်ထွန်းဦး (မိုးကုတ်)၊ ၂၀၀၁ ခုနှစ် သြဂတ်လ။
(၄) မိုးကုတ်မြို့၊ မြို့တွင်းသောက်သုံးရေပေးဝေရေး သမိုင်းမှတ်တမ်း၊ မြို့ရေပေးဝေရေးနှင့် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ၂၀၀၃ ခုနှစ် ဇွန်လ။
(၅) သခင်သာခင်၏ ၁၉၆၀ ရွေးကောက်ပွဲအတွက် မဲဆွယ်လက်ကမ်းကြော်ငြာ။
(၆) ဗမာပြည်က အကူအညီပေးခဲ့ခြင်း၊ ဦးဗဆွေ၊ ရွှေတူဂျာနယ် အတွဲ (၂) အမှတ် (၁၀)၊ ၁.၇.၁၉၇၂.။
(၇) မြန်မာ အင်ဒိုနီးရှား နယ်ချဲ့ဆန့်ကျင်ရေး သွေးစည်းညီညွတ်မှု၊ ကိုသန်း (ကြည့်မြင်တိုင်)၊ မိုးဂျာနယ်၊ ၁၉၆၆ ခု မတ်လ။
(၈) ယောက်ဖတော်စပ်သူ ဦးချစ်လှိုင်၏ ပြောပြချက်။
(၉) သမီးဖြစ်သူ ဒေါ်ခင်ပြုံး၏ ပြောပြချက်၊ (၂၇ မေ ၂၀၀၉)။
(၁၀) သားဖြစ်သူ ဦးနန္ဒာသာခင်၏ ပြောပြချက်၊ (၂၈ ဒီဇင်ဘာ ၂၀၀၈)။

STA

1 comment:

Thein Lwin said...

အလွန်နှစ်သက်သဘောကျသည်။
ဘဘဦးချစ်လှိုင်အကြောင်းလည်းရေးပေးစေလိုပါ
သည်။