Friday, December 26, 2008

တောင်ကြီး ဖ၀ါးအောက်...

မိုးကုတ်မှာ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီရောက်ရင် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းနွမ်းနယ်နေတာကို အပန်းဖြေတဲ့သဘောဖြစ်ဖြစ် တောင်တက်ကြလေ့ရှိတယ်။ အထူးသဖြင့် ဒီဇင်ဘာလဆို တောင်တက်ရာသီလို့ ပြောရမလားမသိဘူး။ အစုလိုက် အဖွဲ့လိုက် ယောင်္ကျား၊ မိန်းမ၊ ကလေး၊ လူကြီး အစုံ တောင်တက်ကြတယ်။ အမြဲတမ်း တက်နေကြတောင်တွေကတော့ မိုးကုတ်-မိုးမိတ် နယ်စပ် လွယ်ဆာရွာ အနီးမှာရှိတဲ့ အံ့ဘွယ်တောင် (လွယ်ဆာတောင်)ပြောင်ခေါင်းရွာ အနီးမှာရှိတဲ့ တောင်မင်းတောင် ( တောင်မဲတောင်လို့လည်း ခေါ်ဝေါ်ကြတယ်) တို့ဖြစ်ပါတယ်။ ကျနော်တို့အဖွဲလည်း ဒီနှစ်တော့ တောင်မဲတောင်တက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ အမြင့်ပေကတော့ ၇၅၄၄-ပေ ရှိတယ်။ နေ့ကတော့ ဒီဇင်ဘာ (၂၅)ရက်နေ့၊ ခရစ္စမတ် နေ့လေ။ အမှတ်တရ ခရီးစဉ်လေးပဲပေါ့ ......။


တောင်ထိပ် စောစောရောက်ပြီး အချိန်ဖြုန်းနိုင်အောင် မနက်ပိုင်း ၃-နာရီခွဲလောက်က စတက်မယ်ဆိုပြီး ဈေးသစ်ရပ်၊ ဖောင်တော်ဦးဘုရားအောက်နားက ကိုအောင်မင်းသန့် အိမ်မှာလူစုကြပါတယ်။ တက်မယ့်လူက စုစုပေါင်း (၂၂)ယောက်တောင်ရှိတယ်။ ၄နာရီခွဲလောက် လူတွေစုံတော့ စံပြ မုန့်တိုက် (SP) က ကိုတေ့တေ က သူ့ ဟိုင်းလတ်စ်ကားနဲ့ တောင်ခြေနားက (တောင်ခြေဆိုပေမယ့် နှစ်တောင်၊ သုံးတောင်လောက် ထပ်ကျော်ဖြတ်ရသေးတယ်) ၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းတစ်ခုနားထိ သွားပြီး အဲဒီကနေမှ တောင်တက်ခရီးစဉ် စတင်ကြပါတယ်။ နာရီကြည့်လိုက်တော့ မနက် ၅နာရီ ဆယ်မိနစ်။


မနက်စောစော၊ နေမထွက်သေးတော့ လမ်းတွေက မဲမှောင်ပြီး ဘာမှ မမြင်ရသေးဘူး။ ဆိုင်မှာ ကျနော် စက်နှိုက်ရင် သုံးဖို့ဆို ၀ယ်ထားတဲ့ မိုင်းနင်းတွေမှာသုံးတဲ့ ခေါင်းစွပ်တဲ့ ဓာတ်မီးလေးယူလာလို့ တော်သေးတယ်။ တအားဟန်ကျလို. အားလုံး ကျေးဇူးတင်နေကြတယ်။ ဒီကြားထဲ ရှေ့က တစ်ယောက်က ဖြတ်လမ်းထင်ပြီး လမ်းမှားပြီး ခေါ်သွားတယ်။ မဲမဲမှောင်မှောင်နဲ့ မပြုတ်ကျအောင် အပင်တွေ ခြုံတွေကို ကုတ်ကပ်ဆွဲ၊ ခြေလှမ်းတွေ သတိထားပြီး ဆယ့်ငါးမိနစ်လောက် တက်လိုက်ရတယ်။ တစ်ဖွဲ့လုံး ဟူးဟူး ဟဲဟဲနဲ့။ လမ်းညွှန်တဲ့တစ်ယောက်ကိုလည်း ၀ိုင်းပြီး ထောပနာပြုကြတယ်။ လမ်းကြောင်းပေါ် ပြန်ရောက်တော့ ရောင်နီလေးက ပျို့နေပြီ။ လှလိုက်တဲ့ ရှုခင်းလေးတွေ။ မြို့ထဲကို လှမ်းကြည့်တော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရသေးဘူး။ မြင်ကွင်းရှင်းအောင် ခြုံတွေကိုဖြဲရှင်းပြီး ဓာတ်ပုံရိုက်တယ်။


သွားရင်း တက်ရင်းနဲ့ နေထွက်လာလည်း တိမ်တွေရှိနေသေးတော့ သိပ်မလင်းသေးဘူး။ လမ်းတလျှောက် တစ်ယောက်နဲ့တစ်ယောက် စလိုက်-နောက်လိုက်၊ စောင့်လိုက်-နားလိုက်နဲ့ တက်ခဲ့ကြတာ ဗိုက်ဆာလာတော့ ကိုတေ့တေ ဝေပေးထားတဲ့ စံပြ ပူတင်းပေါင်မုန့်တွေကို မနက်စာအဖြစ် စားကြတယ်။ ရေသောက်ရတာလဲ သောက်ဖူးသမျှတွေထဲမှာ အချိုဆုံးပဲထင်တယ်။

တောင်မဲတောင်ခြေကိုရောက်တော့ ခုနှစ်နာရီကျော်ပြီ။ အားလုံးလဲ တော်တော်လေး ပြိုင်းနေကြတယ်။ ကိုအောင်မျိုးသန့်တစ်ယောက်ကတော့ တော်ပြီ.. နောက်နှစ်ကျရင် မတက်တော့ဘူး ဆိုပြီးနောင်တသံနဲ. ငြီးတွားနေလေတယ်။ ခဏနားပြီးတော့ စတက်ကြတယ်။ တက်ရတာ တော်တော်လေးမတ်တယ်ဗျာ။ တချို့ဆို ဒူးတုန်နေကြတယ်။ အောက်ကို လှမ်းကြည့်လိုက်တော့ တစ်မြို့လုံးကို အပေါ်စီးကနေမြင်နေရတယ်။

လေကလဲ တဟူးဟူးနဲ့။ ရှူရတာလဲ မြို့ထဲကနဲ့ ဘာမှ မဆိုင်ဘူး၊ ကောင်းလိုက်တာ။ တိမ်တွေကလည်း ဘေးမှာကော၊ အောက်မှာကော၊ အပေါ်မှာကောပဲ။ ဓာတ်ပုံတွေကိုလည်း အပေါ် တောင်ပေါ်ကိုရိုက်လိုက်၊ အောက်ရှုခင်းတွေကို ရိုက်လိုက်၊ ဘေးဘက်ကိုရိုက်လိုက်နဲ့ ၃၆၀ဒီဂရီပဲရှိလို့ တော်သေးတာပေါ့။ ဒီကြားထဲ မင်းသားတွေကလဲ တစ်ယောက်ပြီးတစ်ယောက် ပို့စ်အမျိုးမျိုးနဲ့ ရိုက်ခိုင်းနေသေးတယ်။ ပုံတွေ လိုက်ရိုက်နေတယ်ဆိုတဲ့ ကိုလွင်မိုးကြီးကိုလည်း သတိရသွားမိတယ်။ သူ့ကိုလည်း ဒီမြင်ကွင်းတွေ ရိုက်စေချင်လိုက်တာ၊ ကင်မရာအကောင်းစားကြီးနဲ့။ သူ မိုးကုတ်ကို တစ်ခါမှ မရောက်ဖူးသေးဘူး။

ကျနော်လည်း ရောက်တုန်း ဓာတ်ပုံကောင်းကောင်းလေးတွေရအောင် ရိုက်ထားမှဆို ရိုက်ရင်း-တက်ရင်းနဲ့ တက်တဲ့လူတွေနောက် တော်တော်လေးကျန်ခဲ့တယ်။ မှီအောင် ခပ်သွက်သွက်လေး တက်ရင်း ခြေထောက် ကြွက်တက်မလိုတောင် တစ်ခါဖြစ်သေးတယ်။ ရောက်ပါပြီ တောင်ထိပ်ကို။ စောင့်နေကြတယ်။ ဒီတောင်မဟုတ်သေးဘူးတဲ့ နောက်ဟိုတစ်တောင်မှရောက်မှာတဲ့ အမောပြေအောင် ဆီးပြောကြတယ်။ ကျနော်တို့ဆီမှာလည်း တောင်မြင့်မြင့်ဆို စေတီတစ်ဆူဆူတော့ အမြဲတည်ထားတတ်တယ်။ စေတီမြင်တော့ ရောက်ပြီထင်တာပေါ့။ အဲဒါနဲ့ပဲ ဆက်ချီတက်ကြတယ်။

အဲဒီတောင်ကနေ ပြေပြေလေးဆင်းသွားတော့ တောင်မဲတောင်ထွတ်ကြီးကို ထီးထီး မြင်နေရပြီ။ ကျောက်သားအတိကြီးပဲ။ တောင်နှစ်တောင်ကြားထဲကနေ နှစ်ဖက်စလုံး လှည့်ပတ် ကြည့်မိတယ်။ ၀ူခုန်းကားတွေထဲကအတိုင်းပဲဗျာ။ ကျောက်တောင်တွေကော၊ အပင်တွေကော၊ တိမ်တွေကော။ လူတောင် ၀ူခုန်းလို ဆီးဖော် ဆီးဖော်ဆို အော်အော်ပြီး ခုန်လိုက်ချင်တယ်။ အဲဒီတောင်ပေါ်ရောက်မှပဲ လူဟာမျောက်နဲ. အမျိုးတော်တယ်ဆိုတာ လုံးဝယုံလိုက်ပြီ။



အမောတော့ တော်တော်လေးပြေသွားပြီ။ ကျနော်လည်း ထုံးစံအတိုင်း လူတွေကိုရော၊ ရှုခင်းတွေကိုရော တဖြတ်ဖြတ်နဲ့ ဓာတ်ပုံ လိုက်ရိုက်တယ်။ စိတ်ထဲမှာလည်း ဒီထက်ကောင်းတဲ့ ကင်မရာလေးတစ်လုံးလောက် ရချင်နေမိတယ်။ ဟိုးဘက်တောင်ပေါ်တက်နေကြတဲ့ လူလေးတွေကိုလည်း ရေးရေးလေး မြင်နေရတယ်။ ကောင်းကင်ပြာပြာကြီးနဲ့ ကျောက်တောင်ထီးထီးကြီးကလည်း ဟာမိုနီ ကိုက်နေလိုက်တာ။ စိတ်တိုင်းကျ ရိုက်ပြီးတာနဲ့ တောင်ထိပ် ဆက်တက်တယ်။ တက်ရတာ အသဲယားစရာကောင်းတယ်။ ကျောက်တောင်ထီးထီးကြီးမှာ အပင်ကြီးတွေ မရှိပဲ မြက်ခြောက်တွေလောက်ပဲ ရှိတယ်။ သတိထားပြီး ဖြည်းဖြည်းချင်း တက်သွားတယ်။ ရောက်ပါပြီ... တောင်ပေါ်ကို...။ မနက် ရှစ်နာရီခွဲကျော်ကျော်လောက်ပါ။



တောင်ပေါ်မှာ ကျနော်တို့ထက်အရင် ရောက်နေကြတဲ့ အဖွဲ့လည်း ရှိတယ်ဗျ။ ဆယ်ယောက်ကျော်လောက်ရှိမယ်။ ကျနော်တို့လည်း ညာဘက် တောင်ထွတ်နေရာဦးပြီး စတည်းချကြတယ်။


အားလုံးလည်းပင်ပန်းပြီး ဗိုက်ဆာနေကြတယ်။ တောင်စတက်တုန်းက ဝေထားတဲ့ ထမင်းကြော်ထုတ်တွေ ဖြည်ပြီး အာဟာရ ဖြည့်တင်းကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အမြဲအကွက်စိတဲ့ ကိုအောင်မျိုးသန့်က သူယူခဲ့တဲ့ ဘီတာဒိုင်းလိမ်းဆေးတွေ၊ ဟန်ဆာပလတ်စ်တွေ၊ လန်းဆန်းတွေ၊ တစ်ခြားလိမ်းစရာဆေးတွေကိုကြည့်ပြီး ဘယ်သူမှလည်း ဘာမှ မဖြစ်ကြဘူး... ငါ့ဟာတွေတော့ အလကားဖြစ်ကုန်ပါပြီ ဆို ပြောလို့ အားလုံး ၀ိုင်းအော်ကြသေးတယ်။ ကိုတေ့တေကတော့ သူ့ဆိုင်ကယူခဲ့တဲ့ ပါဖက်လိမ္မော်ထုပ်တွေ၊ ဝေဖာထုပ်တွေ အချိုပွဲအဖြစ် ဝေတယ်။ အားလုံး စားပြီး သောက်ပြီးကြတော့ တစ်ရေးတမော အိပ်တဲ့လူက အိပ်၊ တောင်ပေါ် ဟိုကြည့် သည်ကြည့် ကြည့်တဲ့လူကကြည့်၊ ဆော့နေကြတဲ့ လူတွေက ဆော့၊ မျောက်လို ကမြင်းတဲ့သူက ကမြင်းနေကြနဲ့...။


ကျနော်ကတော့ ပုံတွေပဲ ထပ်လိုက်ရိုက်နေတယ်။ နောက်ထပ် တောင်တက်တဲ့အဖွဲ့တွေလည်း တဖွဲဖွဲနဲ့ ထပ်ရောက်လာကြတယ်။ စုစုပေါင်း သုံးဖွဲ့။
တောင်ထိပ်စေတီဘေးမှာ အရင် မိုးကြိုးပစ်ပြီး ပြိုကျနေတဲ့ စေတီဟောင်း တစ်ပိုင်းလည်း တွေ့ရတယ်။ စေတီအုတ်ခုံမှာ ရောက်တုန်းရောက်ခိုက် ရေးထားခြစ်ထားတဲ့ မှတ်တမ်းတွေ၊ နေ့စွဲတွေလည်း တွေ့ရတယ်။ ဘုန်းကြီးသီတင်းသုံးတဲ့ ကျောင်းတွေ ဘာတွေတော့မရှိဘူး။



တောင်ပေါ်ကနေ အောက်ခြေက ပြောင်ခေါင်းရွာ၊ မိုးကုတ် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ စီဒီအမ်အေ တာဝါတိုင်ကြီး၊ မိုးမိတ်မြို့ဘက် အကုန်မြင်ရတယ်။ ခါတိုင်း ဧရာဝတီမြစ်ကြီးကို မြင်ရတယ်လို့တော့ ပြောကြတယ်။ ခုတော့ မြူတွေ၊ တိမ်တွေ ဆိုင်းနေတော့ ခပ်ဝေးဝေးအဲသည်ထိ မမြင်ရဘူး။ မှန်ဘီလူးလဲ ဘယ်သူမှ မပါလာကြဘူး။




တောင်ပေါ်မှာ ရာသီဥတု သုံးမျိုးပြောင်းတယ် ဆိုတာ မှန်သားပဲ။ ခဏနေတုန်း တိမ်တွေ မည်းတက်လာတယ်။ ရာသီဥတု ချက်ခြင်း ပြောင်းသွားတယ်။ နေမပွင့်တော့ လေတိုက်တာနဲ့ တော်တော်အေးတယ်ဗျ။ ဒါနဲ့ စတည်းချတဲ့နေရာ ပြန်လာတယ်။ အမယ် အေးလို့ဆို မိုးကုတ်ကနေ မန်းလေးကို ဆောင်းခိုသွားကြတဲ့သူတွေလည်း ရှိသဗျ။ ကျနော်အင်္ကျီထူထပ်၊ ဦးထုပ်ဆောင်း၊ နေရာလွတ် တနေရာရှာပြီး ခဏ လှဲနားတယ်။ ပြီးတော့ ဟိုဘက်တောင်စွန်းထိပ် ပြန်သွားရိုက်တယ်။

ဟိုဘက်က ကောင်တွေကတော့ သတိထားဦးနဲ့ စိုးရိမ်တကြီး အော်ဖော်ရကြတယ်။ အဲသည်ဘက်မှာ နာရီဝက်ကျော်ကျော်လောက် အချိန်ဖြုန်းပြီးမှ ပြန်လာခဲ့တယ်။ ဟိုပြောသည်ပြော ဟိုစားသည်စား ဟိုကြည့်ဒီကြည့်နဲ့ ၁၂နာရီလောက်ကျတော့ တောင်အောက်ပြန်ဆင်းမယ်ဆိုပြီး လူစုကြတယ်။ အမှတ်တရ ဓာတ်ပုံတွေလည်း ထပ်ရိုက်ကြတာပေါ့။


ပြီးမှ အားလုံး အနောက်ဖက်လမ်းကနေ ပတ်ပြီး ပြန်ဆင်းခဲ့ကြတယ်။ အလာလမ်းနဲ့ မတူပဲ အဲဒီလမ်းလည်း ဆင်းရ တော်တော်လေးခက်တယ်။ လျှိုတွေထဲ ပတ်ဆင်းရတယ်။ ဒီနေရာမှာ ဒူးကောင်းမကောင်း စကားပြောတယ် ဆို စ-နေကြသေးတယ်။လမ်းမှာ ထင်းခုတ်တဲ့ လူတွေကိုလည်း တွေ့ရတယ်။ မေးကြည့်တော့ ဒီဇင်ဘာ တစ်လလုံး နေ့တိုင်း တောတက်ကြတယ်တဲ့။ ဂေါ်ရခါး အမျိုးသမီးကြီးတွေကော ကလေးတွေကော။ (ကင်မရာတော့ ဓာတ်ခဲကုန်သွားလို့ မရိုက်နိုင်တော့ဘူး) ထင်းထမ်းတဲ့ ကလေးတွေ ကျောင်းမတက်နိုင်၊ ပညာမသင်ကြားနိုင်ကြတာကိုတော့ သနားမိတယ်။ ငါလည်း အဲဒီလိုမျိုး မိဘက မွေးခဲ့ရင် ထမ်းနေရမှာပဲဆို ကိုယ်ချင်းစာမိတယ်ဗျာ။ ကိုအောင်မျိုးသန့်ကတော့ သူတို့ကို မသုံးလိုက်ရတဲ့ ဆေးဝါးတွေ ဒါနပြုသလိုလိုနဲ့ ကြေငြာနေပြန်တယ်။ ညနေ သုံးနာရီမထိုးခင် မူလ ကားရပ်ထားတဲ့နေရာ အားလုံး ပြန်ရောက်ကြတယ်။ အပြန် ကားလမ်းခရီးမှာ အရင်ဆင်းသွားခဲ့တဲ့အဖွဲ့က သူတွေနဲ့ သွားပြန်တွေ့တော့ အပြန်အလှန် စကြ၊ နောက်ကြ၊ တ၀ါးဝါးနဲ့ ပျော်စရာကြီး။

မြို့ထဲရောက်တော့ ဒကာတော် ကိုတေ့တေက အစားအသောက်ကောင်းတယ်ဆိုတဲ့ ရွှေကံ့ကော် စားသောက်ဆိုင်ကို ခေါ်သွားပြီး ကျွေးမွေးပြုစုပြန်ပါသေးတယ်။ အဲဒီကနေ စားသောက်ပြီးမှ အားလုံး ကိုအောင်မျိုးသန့် အိမ်မှာဆင်းပြီး နှုတ်ဆက်ကာ လူစုခွဲခဲ့ကြပါတယ်။ နောက်နှစ်ဆို မတက်တော့ဘူး လို့ တောင်တက်တုန်းက ပြောခဲ့တဲ့ ကိုအောင်မျိုးသန့်ကတော့ နောက်နှစ်လည်း တက်ဦးမယ်... တဲ့။
TP

3 comments:

cho said...

ကျွန်တော်တို့မြို့မှာလဲ အများမသိသေးတဲ့ သဘာဝ အလှလေးတွေ အများကြီးကျန်နေသေးတယ်ဗျနော်...ဓါတ်ပုံတွေက ခရီးလမ်းတစ်ခုလုံးရဲ့ သဘာဝအလှတွေကို အသေးစိတ်ပြောသွားနိုင်တယ်။ ပုံကောင်းလေးတွေ နဲ့ စာအရေးအသားကို ချီးကျူးတယ်ဗျာ...

အပင်ပန်းခံပီး သေချာရိုက်ပေးထားတဲ့ အတွက် မရောက်ဖူးတဲ့ နေရာလေးကို ကိုယ်တိုင်ရောက်သွားသလိုပဲ...ကျေးဇူးပါ

May Burma said...

ကျေးဇူးတင်ပါတယ်။ ရောက်အောင်လာခဲ့ပါဦးမယ်။

စိုးဇေယျထွန်း said...

မိုက်ပါ့ဗျာ။ ကျွန်တော်လည်း တက်ချင်လိုက်တာ။ နောက်ကြုံတဲ့အခါကျတော့ တက်ကြတာပေါ့