Tuesday, November 18, 2008

သဟာယစာကြည့်တိုက် သမိုင်းအကျဉ်း

သဟာယစာကြည့်တိုက် ကို ၁၉၃၅-ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မှီ စစ်ကြိုခေတ်အချိန်က မြန်မာနိုင်ငံ ဗုဒ္ဓကလျာဏယုဝအသင်း (ခေါ်) ၀ိုင်အမ်ဘီအေ အသင်းကြီးသည် နိုင်ငံတ၀ှမ်းသို့ လှည့်လည်ပြီး စာကြည့်အသင်း၊ စာဖတ်သင်းများကို ထူထောင်လျှက်ရှိရာ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်သို့ ရောက်ရှိလာခဲ့ပြီး စာဖတ်သင်းကို ထူထောင်ဖွင့်လှစ်ပေးသွားခဲ့ပါသည်။

ထိုအချိန်မှစပြီး ကျပ်ပြင်မြို့မရပ်ရှိ လူကြီးများဖြစ်ကြသော ဦးနန္ဒ၊ ဦးကျော် တို့မှ ကမကထပြုဆော်သြကာ လူငယ်များဖြစ်ကြသော ကိုချစ်စိန်၊ ကိုသာရင် တို့ကို ဦးဆောင်စေ၍ တို့ဗမာသဟာယ စာကြည့်အသင်းကို ကိုသာရင်၏ နေအိမ်၌ စတင်ထူထောင်ဖွင့်လှစ်ခဲ့ကြသည်။။ ၁၉၄၂-ခုနှစ် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်လာချိန်တွင် စာကြည့်သင်းရှိ စာအုပ်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကျပ်ပြင်မြို့မရပ်ကွက်မှနေ၍ ဘေးလွတ်ကင်းရာ ကျပ်ပြင်တောင်ပေါ်ကုန်းရပ်သို့ ပြောင်းရွှေ့ခဲ့ပြီး တို.ဗမာသဟာယစာကြည့်အသင်းကို စစ်အတွင်းမှာပင် လူငယ်များက စာဖတ်ရင်း ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။

၁၉၄၈-ခုနှစ် လွတ်လပ်ရေးခေတ်တွင် စာကြည့်အသင်းအား ကျပ်ပြင်မြို့မရပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြသည်။ ထိုကာလတွင် မြန်မာနိုင်ငံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပေးပို့သော ဘာသာပြန်စာအုပ်များနှင့် အင်္ဂလိပ်စာအုပ်များကိုလည်း စာကြည့်သင်းက လက်ခံရရှိခဲ့ရာ စာအုပ်များ တိုးပွားခဲ့ပါသည်။

၁၉၅၃-ခုနှစ်တွင် ပြည်တော်သာစံမံကိန်းအရ နိုင်ငံတော်က စာကြည့်တိုက်များဆောက်လုပ်ရန်အတွက် ချမှတ်ပေးသော ရံပုံငွေဖြင့် သဟာယစာကြည့်တိုက်ကို ဆောင်လုပ်ခဲ့ပါသည်။ ထိုစဉ်က အဆောက်အဦးဆောက်လုပ်ရာတွင် ကျပ်ပြင်မြို့မ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ ဥက္ကဌဖြစ်သော ဦးစံခင်က ကြီးကြပ်ကာ လူငယ်အများက လုပ်အားပါဝင်ခဲ့ကြသည်။ ၁၉၅၈-ခုနှစ် ဇွန်လတွင် သဟာယစာကြည့်တိုက်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစပြီး စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျဖြစ်စေရန်အတွက် အမှုဆောင်ကော်မတီများ ဖွဲ့စည်းကာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

၁၉၉၀-ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် စာကြည့်တိုက်အဆောက်အဦးမှာ လမ်းနယ်မြေနှင့် မလွတ်ကင်းသည့်အတွက် ဖယ်ရှားပေးခဲ့ရပါသည်။ စာကြည့်တိုက်အဆောက်အဦးကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း စာအုပ်များကို မပျက်စီးမပျောက်ပျက်စေရန် စာရင်းဇယားများပြုလုပ်ကာ သိမ်းဆည်းခဲ့ကြပါသည်။

၂၀၀၅-ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် ကျပ်ပြင်မြို့မ လူမှုရေးအသင်းမှ လူကြီးများ၏ အမြော်အမြင်နှင့် စေတနာတို့ဖြင့် ကျပ်ပြင်မြို့မ လူမှုရေးအဖွဲ့ရံပုံငွေ၊ ကျပ်ပြင်မြို့မ ရေကော်မတီ၏ ရံပုံငွေ၊ သဟာယစာကြည့်တိုက်၏ ရံပုံငွေတို့အပြင် သီးခြားအလှူရှင်များ၏ ပံ့ပိုးငွေတို့ကို စုပေါင်း၍ ယခုလက်ရှိ ဖွင့်လှစ်လျှက်ရှိသော သဟာယစာကြည့်တိုက် အဆောက်အဦးကို ၀ယ်ယူပိုင်ဆိုင်နိုင်ခဲ့ပါသည်။

ကနဦးမူလ သဟာယစာကြည့်တိုက်ကို ၁၉၅၃-ခုနှစ်မှ ၁၉၉၀-ခုနှစ်အထိ ကျပ်ပြင်မြို့မရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုနေရာသစ်သို့ မပြောင်းရွှေ့နိုင်မှီအချိန်အထိ သဟာယစာကြည့်တိုက်အပေါ် သံယောဇဉ်ကြီးသူများ၏ ဦးဆောင်မှုဖြင့်သာ စာကြည့်တိုက်ကို ယာယီဖွင့်လှစ်၍ ဖြတ်သန်းခဲ့ကြသည်။

သဟာယစာကြည့်တိုက်ကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပင် မပျက်စီးအောင် ထိန်းသိမ်းနိုင်ခဲ့သလို မျိုးဆက်အသီးသီးကလည်း လက်ဆင့်ကမ်းလျှက် တည်တံ့အောင် ထူထောင်ခဲ့ကြသည်။ ယခုမျက်မှောက်ခေတ် လူငယ်မျိုးဆက်သစ်များကလည်း ဆက်လက်၍ တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်လျှက် ရှိကြသည်ကိုလည်း အားရဖွယ်ရာ တွေ့မြင်ရပါသည်။

ယခုကဲ့သို့ လူငယ်များ၏ ကိုယ်ကျိုးမဖက် ဆောင်ရွက်မှုများကြောင့် သဟာယစာကြည့်တိုက်အနေဖြင့် နံရံကပ်စာစောင် ပြပွဲများသာမက စာပေဟောပြောပွဲများ၊ စာပေဆုများကို ချီးမြှင့်ပေးအပ်လာနိုင်သည်အထိ စည်ပင်ဖွံ့ဖြိုးခဲ့ပါသည်။ ၁၉၉၈-ခုနှစ် ဇန်န၀ါရီလတွင် သဟာယစာကြည့်တိုက်မှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲသို့ စာရေးဆရာကြီးများ ဖြစ်ကြသော မြသန်းတင့်နှင့် အောင်သင်းတို့ လာရောက်၍ စာပေဟောပြောခဲ့ကြသည်။

နှစ်စဉ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်န၀ါရီလ (၄)ရက်နေ့ရောက်တိုင်း သဟာယစာပေဆုကို ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှနေ၍ ၂၀၀၇-ခုနှစ်မှ စတင်ပြီး သတင်းထုတ်ပြန်ကြေငြာလေ့ ရှိသည်။ သဟာယစာပေဆုကို ၂၀၀၇-ခုနှစ်မှ စတင်ပြီး ပေးအပ်ချီးမြှင့်နိုင်ခဲ့ရာ ပထမအကြိမ် သဟာယစာပေဆုကို စာရေးဆရာညီပုလေး၏ ငြိမ်သက်တစ်မိနစ်နှင့်အခြားဝတ္ထုတိုများ စာအုပ်ကို လည်းကောင်း၊ ဒုတိယအကြိမ် စာပေဆုကို The Wave မဂ္ဂဇင်း အားလည်းကောင်း၊ တတိယအကြိမ် စာပေဆုကို အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အားလည်းကောင်း ဆုရွေးချယ်ရေးကော်မတီက ရွေးချယ်ခဲ့ကြပါသည်။

သဟာယစာကြည့်တိုက်သည် မိုးကုတ်မြို့နယ်အတွင်း၌ရှိသော စာကြည့်တိုက် (၁၀)ခုကျော်အနက် သက်တမ်းအရှည်ကြာဆုံး၊ စာအုပ်အစုံလင်ဆုံးနှင့် လူသိအများဆုံး စာကြည့်တိုက်အဖြစ် ရပ်တည်လျှက်ရှိပြီး ၂၀၁၀-ခုနှစ်တွင် စိန်ရတုကာလသို့ ရောက်ရှိတော့မည် ဖြစ်သည်။

သဟာယစာကြည့်တိုက်တွင် ထားရှိသော ဧည့်သည်တော်မှတ်တမ်းအရ သဟာယစာကြည့်တိုက်သို့ မြသန်းတင့်၊ အောင်သင်း၊ နေ၀င်းမြင့်၊ သိပ္ပံမှူးတင်၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ တင့်တယ်၊ ရေနံမြေခင်စု၊ စောပြည့်ချမ်းသာ စသည့် စာရေးဆရာများလည်း လာရောက်လည်ပတ်ခဲ့ဖူးကြောင်း သိရပါသည်။
STA

1 comment:

Unknown said...

သမိုင်းအကျဉ်းကိုသိရတဲ့အတွက် တင်ထားသူများကိုအရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်.....
သဟာယစာကြည့်တိုက်မှသတင်းများအားလုံးကိုအမြဲစောင့်မျှော်နေပါတယ်ရှင့်.

သဟာယအဓွန့်ရှည်ပါစေ
သဟာယရဲ့ စိန်ရတုကို ကြိုဆိုလျက်
ချစ်သမီး(ကျပ်ပြင်သူ)