Friday, August 8, 2008

၈.၈.၈၈ နှင့် ဒီမိုကရေစီ

၈.၈.၈၈ ကို ကျနော် ကြုံခဲ့ရပါသည်။ သို့သော် ဆိုရှယ်လစ်ဆိုတာ ဘာမှန်း ... ၊ ဒီမိုကရေစီ ဆိုတာ ဘာမှန်း... မသိတတ်သေးခင် အရွယ်ကဖြစ်သည်။ ၈.၈.၈၈ ဟု ဆိုလိုက်ရင်ဖြင့် ကျနော့် အာရုံထဲတွင် အနီရောင်များ၊ အဖြူအစိမ်းများ၊ ကြယ်များ စပါးနှံများနှင့် အလံများ၊ ခမောက်များ၊ ဓာတ်ပုံပိုစတာများ အစရှိသဖြင့် တဖျတ်ဖျတ် ပေါ်လာစမြဲပင် ဖြစ်သည်။ လက်ခုပ်သံများ၊ ဒီမိုကရေစီ ... ဒီမိုကရေစီ ဆိုသော အသံများလည်း ကြားလာမိသည်။ ရင်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားမှုများ ဖြစ်ပေါ်မိပါသည်။
ထိုအချိန်မှစ၍ မှတ်မှတ်ထင်ထင် ကြားခဲ့ဖူးရသော ဒီမိုကရေစီ ၏ အနက်အဓိပ္ပါယ်ကိုကား အတိအကျ နားမလည်ခဲ့ပါ။ ယခုလက်ရှိထက် ပိုမိုကောင်းမွန်သော စနစ်တစ်ခု ဖြစ်မည်ဟုသာ ထင်ခဲ့ပါသည်။

ဤသို့ဖြင့်
၈.၈.၈၈ မှစတင် အော်ဟစ်ခဲ့ကြသော ဒီမိုကရေစီ သည် အနှစ်နှစ်ဆယ်ကြာ ယခုအချိန် ရောက်သည်အထိ အော်ဟစ်နေကြဆဲ၊ အော်ဟစ်နေရဆဲ ဖြစ်နေပါသည်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတုန်းက တတပ်တအား ပါဝင်ခဲ့ကြပြီး ယခုချိန်တိုင် တိုင်းပြည်အပေါ် စေတနာကောင်းများ ထားလျှက် ရှိနေကြသည့် အဖိုးအိုကြီးများသည်လည်း ဒီမိုကရေစီ …။


လူငယ်သဘာဝ အင်းလျားကန်နှင့် ကံ့ကော်တောတို့၌ ရင်ခုန်ကြည်နူးဖွယ် အတွေ့အကြုံများကို စွန့်လွတ်ခဲ့ရပြီးအေးစက်မှောင်မိုက်၍ု ထူထဲသော အုတ်နံရံ အခန်းများထဲတွင် ဆယ်စုနှစ်များတိုင်အောင် အချိန် ကုန်လွန်ခဲ့ကြရသော ပုဂ္ဂိုလ်များသည်လည်း ဒီမိုကရေစီ…။


၈.၈.၈၈
ကို မကြုံဖူး၊ မမှီဖူးခဲ့ကြသော်လည်း ယနေ့ လွတ်လပ်ပွင့်လင်းသော သတင်းမီဒီယာခေတ်ကြီးတွင် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့နေကြသော လူငယ်အပေါင်းသည်လည်း ဒီမိုကရေစီ…။

လက်ရှိ နိုင်ငံတော်တာဝန်ကို ယူထားသော ပုဂ္ဂိုလ်များ၊ အတိုက်အခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားများ သည်လည်း ဒီမိုကရေစီ…။


စသဖြင့် အားလုံး အားလုံး ဒီမိုကရေစီ နေကြပါလျှက် ဘာကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် မလျှောက်လှမ်းနိုင်ကြသေးသနည်း။


ကျနော် ဥာဏ်မှီသလောက် စဉ်းစားကြည့်ပါသည်။
၈.၈.၈၈ မှ ယခု ကာလအထိ ကျနော်တို့နှင့် အနီးစပ်ဆုံးဖြစ်သော အာရှမြင်ကွင်းကို လှမ်းမြင်ကြည့်မိသည်။ သဘောထား အတင်းမာဆုံး၊ အနီဆုံးဟု ဆိုကြသော အိမ်နီးချင်းပေါက်ဖော် တရုတ်ကြီးသည်ပင် ချမ်းသာခြင်းသည် ဖောက်ပြန်မှု၊ ရွံ့ရှာဖွယ်ကောင်းမှု ဆိုသည်၏ ပြောင်းပြန်.. ချမ်းသာခြင်းသည် ကောင်းသည်ဟု ဆိုကာ တိုင်းသူ ပြည်သားများအား ကြွယ်ဝချမ်းသာမှု လမ်းကြောင်းပေါ် ရောက်ရှိစေရန် အစွမ်းကုန် ကြိုးစားလျှက် ရှိနေပါသည်။ ဟောင်ကောင်ကျွန်းကိုလည်း တစ်နိုင်ငံ စနစ်နှစ်မျိုးဟု ဆိုကာ ပြန်လည် ရယူပေါင်းစည်းနိုင်ခဲ့ပါသည်။ ထို့နောက် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောတတ်ပြီး အောက်စို့ဆင်းများနှင့် ရှေ့တန်းရောက်လာသော အိန္ဒိယ။ အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး တချိန်က ရန်ဘက်အမေရိကန်နှင့် ရင်းရင်းနှီးနှီးပွေ့ဖက်ကာ စီးပွားရေးကျားတစ်ကောင်အဖြစ် တက်လှမ်းနေသည့် ဗီယက်နမ်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ မောင်းနှင်နေသည်ဆိုသော စင်ကာပူ။ အီလက်ထရောနစ် ပရောဒတ်များနှင့် မလေးရှား။ အချိန်တိုတွင်း ဒီမိုကရေစီနိုင်ခဲ့ကြသော အင်ဒိုနီးရှား၊ နီပေါလ်။ စသည်ဖြင့် မိမိတို့နိုင်ငံ နောက်တန်း မကျရအောင် ဖွံ့ဖြိုးရေးအတွက် အားကျိုးမာန်တက် လျှောက်လှမ်းနေကြသော နိုင်ငံများကို မြင်မိပါသည်။

ကျနော်တို့မှာမူကား.. ယခုချိန်ထိ အော်ဟစ်နေရဆဲ အဆင့်မှ မတက်နိုင်သေး။ မိမိ တစ်ဦးတည်း အဆိုးမြင်နေသလားဟု ထင်ကာ ပတ်ဝန်းကျင် လူပုဂ္ဂိုလ်များ၏ သဘောထားကို တီးခေါက်ကြည့်ပါသည်။ သူတို့၏ အမြင်များ၊ ညွှန်းကိန်းများသည်လည်း အထူးအထွေ ကွဲပြားခြားနားမှု မရှိကြပဲ တူညီနေကြပါသည်။

ထိုကြောင့် ပြဿနာများကို အချို့မှ တိုင်းပြည်နှင့်ဝေးရာ ရေကြည်ရာ မြက်နုရာကို ရှာခြင်းဖြင့် ဖြေရှင်းကြပါသည်။ ကံကိုသာအမိ ကံကိုသာအဖဟု စိတ်ပျက်လက်ပျက်ဖြင့် ဆိုသူများက တစ်မျိုး…၊ ဖြစ်ပျက်သမျှ အားလုံးကို တာဝန်ရှိသူများအား အပစ်ပုံချကာ ဆဲဆိုနေကြသူများက တစ်ဖုံ…၊ ဘယ်လိုဖြစ်ဖြစ် တရားသည် မတရားသည် မစဉ်းစားပဲ လောလောဆယ် ကိုယ်ကျိုးအတွက် အခွင့်အရေးဟူသမျှကို ရနိုင်သလောက် ယူနေကြသူများက တစ်ဘာသာ… စသည်ဖြင့် ကိုယ်သန်ရာ ကိုနားလည်ရာကို ဆုတ်ကိုင်လျှက်သာ ရှိကြသည်။ တတ်ထားသော ပညာများဖြင့် ရနိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်မည် ဆိုသော လေးစားဖွယ် ပုဂ္ဂိုလ် အနည်းအကျဉ်းလည်း ရှိကြပါသည်။

လူငယ်များဘက်တွင်လည်း ကျနော်တို့လူငယ်များသည် နိုင်ငံတကာမှ လူငယ်များနည်းတူ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ ဖွံ့ဖြိုးမှု အသီးအပွင့်များကို ခံစားလိုကြပါသည်။ စမတ်ကျကျ၊ အဆင့်အတန်းရှိရှိ ပညာသင်ကြားပြီး နေထိုင် လုပ်ကိုင် စားသောက် လိုကြပါသည်။ နေရာတကာ အရေးမပါသော အခက်အခဲများကို ဖြေရှင်းနေရခြင်းကြောင့် အချိန်ကုန် လူပန်း ဖြစ်နေရသော ဘ၀များမှ လွတ်ကင်းလိုကြပါသည်။ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး ဘ၀ခရီးလမ်းကို တက်တက်ကြွကြွဖြင့် လျှောက်လှမ်းလိုကြပါသည်။

သို့သော် အနာဂတ်လမ်းကြောင်းကို ကြည့်လိုက်ရင်ဖြင့် ထင်ထင်ရှားရှား မမြင်တွေ့ရသေး။ အလင်းရောင်ရေးရေးလေး ပေါ်လာလိုက်၊ ရုတ်ချည်း မှောင်မိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေဆဲပင်။

၈.၈.၈၈
မှ ပေါက်ဖွားလာသော ဒီမိုကရေစီ ခရီးမှာကား အနှစ်နှစ်ဆယ် တိုင်ခဲ့လေပြီ။ အိမ်နီးချင်း တိုင်းပြည်တွေက ကျနော်တို့ကို ကျော်ဖြတ်ကုန်ကြပြီ။ ကျနော်တို့တိုင်းပြည်ကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှ မလွတ်မြောက်နိုင်သေး။ နိုင်ငံတကာအဆင့်မီ ပညာရေး ရရှိရေးမှသည် သယံဇာတ မကုန်ခမ်းရေး၊ စားဝတ်နေမှု ပြေလည်စေရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူ ဆက်ဆံနိုင်ရေး၊ ကမ္ဘာ့အလည် ဂုဏ်သိက္ခာဝင့်ထည်စွာ ရပ်တည်နိုင်သည့် အစိုးရ ပေါ်ပေါက်ရေး အဆုံး စစ်မှန်သော ဒီမိုကရေစီ ကသာလျှင် ဆောင်ကြဉ်းပေးနိုင်ပေလိမ့်မည်။

ထို့ကြောင့် နိုင်ငံသူနိုင်ငံသားအားလုံး မျှော်လင့်တောင့်တလျှက်ရှိသော၊ မရပ်မနား တစိုက်မတ်မတ် တောင်းဆိုနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေး သည် ယနေ့ခေတ်လူငယ်များ အပေါ်တွင်သာမကပဲ လူတန်းစားအလွှာအသီးသီးမှလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့မည်ဆိုလျှင် ပန်းတိုင်သို့ မလွဲမသွေ ရောက်ရှိမည်ဖြစ်ကြောင်း အလေးအနက် ယုံကြည်မိပါသည်။

TP

(၈.၈.၈၈ မှသည် ယနေ့အချိန်ထိ စွန့်လွတ်အနစ်နာခံ၍ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသော အကိုကြီး အမကြီးများသို့ …)

3 comments:

Khin said...

very nice article

kay said...

ဗမာပြည် အတွက်- ဒီနေ့ရက်က ..ဘာလို့များ ဒီလောက် ရှည်ကြာ နေ သလဲ ဆိုတာ.. မေးခွန်း ရှိသင့်..အဖြေ ရှိသင့် နေ ပါပြီ။

မိုးကုတ်မီဒီယာ အား လေးစားလျက်-

Khin said...

sadu sadu sadu