စစ်ကိုင်းတောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ
ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (Ph.D) (D. Litt)
ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (Ph.D) (D. Litt)
သည် ၁၃၇၁-ခုနှစ် ကဆုန်လဆန်း (၉)ရက်နေ့မှ (၁၁)ရက်နေ့၊ (၂.၅.၂၀၀၉)မှ (၄.၅.၂၀၀၉)ရက်နေ့ထိ မိုးကုတ်မြို့သို့ ကြွချီကာ ချမ်းသာကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားခဲ့ပါသည်။ မေလ (၂)ရက်နေ့ ညနေ (၆း၃၀) ၌ မိုးကုတ်အရှေ့ပိုင်း ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမာန်တော်ကြီးပေါ်တွင် ဗုဒ္ဓ၏ ချမ်းသာကြောင်း တရားတော်မြတ်များကို ဟောကြားခဲ့သည်။ ဆရာတော်ကြီး၏ တရားပွဲကျင်းပရာ ဓမ္မဗိမာန် အပေါ်ထပ် အောက်ထပ်တွင်သာမက ဘုရားရင်ပြင်တော် အောက်ထပ် မြေကွက်လပ်များအထိ တရားနာသူ ပရိသတ်များပြည့်လျှံကာ အထူးပင် စည်ကားခဲ့ပါသည်။

မေလ (၃)ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် တောင်ကချင်ရပ်ရှိ မိုးကုတ် သီတဂူဓမ္မ၀ိဟာရ ကျောင်းတိုက် ၌ တပည့်သာဝက ဒါယိကာများအား ဆုံးမသြ၀ါဒပေးရန် အစီအစဉ် ပြုလုပ်ထားသော်လည်း ထိုကျောင်းတိုက်၌ နွေရာသီ အင်္ဂလိပ်စာသင်တန်း တက်နေကြသော ကျောင်းသားများအား အထူးဂရုဏာ ထားတော်မူသဖြင့် ဦးစားပေးကာ အသိဉာဏ်ဗဟုသုတ ဖွံ့ဖြိုးစေရေး၊ စိတ်ဓာတ်မြှင့်တင်ရေး အတွက် အချိန်ပေးကာ သင်တန်းပြသခဲ့ပါသည်။ ညနေဖက်ပိုင်းနှင့် နောက်တစ်နေ့ နံနက်ပိုင်းတွင် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်သို့ ကြွချီကာ တရားရေအေးများ တိုက်ကျွေးခဲ့ပါသည်။ မိုးကုတ်မြို့သို့ ဆရာတော် ကြွချီလာခဲ့သည်မှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်ပါသည်။

မိုးကုတ် သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက် သမိုင်းမှတ်တမ်းအကျဉ်း
မိုးကုတ်သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက်ကို မိုးကုတ်မြို့ တောင်ကချင်ရပ် ရသေ့တောင်ကုန်းပေါ်တွင် မြန်မာသက္ကရာဇ် ၁၃၆၆-ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ ကျောင်းတိုက် မတည်ထောင်မှီက ထိုတောင်တော်ပေါ်တွင် ရသေ့တစ်ပါး သီတင်းသုံးနေထိုင်ခဲ့ပြီး စေတီ၊ ပုထိုးများကို တည်ထားကိုးကွယ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ထိုရသေ့သည် သီတဂူဆရာတော်နှင့် တွေ့ဆုံပြီး ဆရာတော်ထံ မိုးကုတ်သီတဂူကျောင်းတိုက် တည်ထောင်ရန်အတွက် တောင်တော်နှင့် စေတီပုထိုးများအား ရေစက်သွန်းချကာ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယခုလက်ရှိကျောင်းထိုင်မှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်စန္ဒိမာဘိဝံသ ဖြစ်ပြီး ကျောင်းတိုက်တွင် တရားဓမ္မလုပ်ငန်းများအပြင် လူငယ်မောင်မယ်များအား နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများနှင့် အင်္ဂလိပ်စာ သင်တန်းများကို ပို့ချပေးလျက် ရှိပါသည်။
TP