Wednesday, December 31, 2008
Bye Bye 2008
Posted by မိုးကုတ်မီဒီယာ at 6:22 PM 0 comments
Labels: Greeting
Friday, December 26, 2008
တောင်ကြီး ဖ၀ါးအောက်...
တောင်ထိပ် စောစောရောက်ပြီး အချိန်ဖြုန်းနိုင်အောင် မနက်ပိုင်း ၃-နာရီခွဲလောက်က စတက်မယ်ဆိုပြီး ဈေးသစ်ရပ်၊ ဖောင်တော်ဦးဘုရားအောက်နားက ကိုအောင်မင်းသန့် အိမ်မှာလူစုကြပါတယ်။ တက်မယ့်လူက စုစုပေါင်း (၂၂)ယောက်တောင်ရှိတယ်။ ၄နာရီခွဲလောက် လူတွေစုံတော့ စံပြ မုန့်တိုက် (SP) က ကိုတေ့တေ က သူ့ ဟိုင်းလတ်စ်ကားနဲ့ တောင်ခြေနားက (တောင်ခြေဆိုပေမယ့် နှစ်တောင်၊ သုံးတောင်လောက် ထပ်ကျော်ဖြတ်ရသေးတယ်) ၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းတစ်ခုနားထိ သွားပြီး အဲဒီကနေမှ တောင်တက်ခရီးစဉ် စတင်ကြပါတယ်။ နာရီကြည့်လိုက်တော့ မနက် ၅နာရီ ဆယ်မိနစ်။
မနက်စောစော၊ နေမထွက်သေးတော့ လမ်းတွေက မဲမှောင်ပြီး ဘာမှ မမြင်ရသေးဘူး။ ဆိုင်မှာ ကျနော် စက်နှိုက်ရင် သုံးဖို့ဆို ၀ယ်ထားတဲ့ မိုင်းနင်းတွေမှာသုံးတဲ့ ခေါင်းစွပ်တဲ့ ဓာတ်မီးလေးယူလာလို့ တော်သေးတယ်။ တအားဟန်ကျလို. အားလုံး ကျေးဇူးတင်နေကြတယ်။ ဒီကြားထဲ ရှေ့က တစ်ယောက်က ဖြတ်လမ်းထင်ပြီး လမ်းမှားပြီး ခေါ်သွားတယ်။ မဲမဲမှောင်မှောင်နဲ့ မပြုတ်ကျအောင် အပင်တွေ ခြုံတွေကို ကုတ်ကပ်ဆွဲ၊ ခြေလှမ်းတွေ သတိထားပြီး ဆယ့်ငါးမိနစ်လောက် တက်လိုက်ရတယ်။ တစ်ဖွဲ့လုံး ဟူးဟူး ဟဲဟဲနဲ့။ လမ်းညွှန်တဲ့တစ်ယောက်ကိုလည်း ၀ိုင်းပြီး ထောပနာပြုကြတယ်။ လမ်းကြောင်းပေါ် ပြန်ရောက်တော့ ရောင်နီလေးက ပျို့နေပြီ။ လှလိုက်တဲ့ ရှုခင်းလေးတွေ။ မြို့ထဲကို လှမ်းကြည့်တော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရသေးဘူး။ မြင်ကွင်းရှင်းအောင် ခြုံတွေကိုဖြဲရှင်းပြီး ဓာတ်ပုံရိုက်တယ်။
သွားရင်း တက်ရင်းနဲ့ နေထွက်လာလည်း တိမ်တွေရှိနေသေးတော့ သိပ်မလင်းသေးဘူး။ လမ်းတလျှောက် တစ်ယောက်နဲ့တစ်ယောက် စလိုက်-နောက်လိုက်၊ စောင့်လိုက်-နားလိုက်နဲ့ တက်ခဲ့ကြတာ ဗိုက်ဆာလာတော့ ကိုတေ့တေ ဝေပေးထားတဲ့ စံပြ ပူတင်းပေါင်မုန့်တွေကို မနက်စာအဖြစ် စားကြတယ်။ ရေသောက်ရတာလဲ သောက်ဖူးသမျှတွေထဲမှာ အချိုဆုံးပဲထင်တယ်။
တောင်မဲတောင်ခြေကိုရောက်တော့ ခုနှစ်နာရီကျော်ပြီ။ အားလုံးလဲ တော်တော်လေး ပြိုင်းနေကြတယ်။ ကိုအောင်မျိုးသန့်တစ်ယောက်ကတော့ တော်ပြီ.. နောက်နှစ်ကျရင် မတက်တော့ဘူး ဆိုပြီးနောင်တသံနဲ. ငြီးတွားနေလေတယ်။ ခဏနားပြီးတော့ စတက်ကြတယ်။ တက်ရတာ တော်တော်လေးမတ်တယ်ဗျာ။ တချို့ဆို ဒူးတုန်နေကြတယ်။ အောက်ကို လှမ်းကြည့်လိုက်တော့ တစ်မြို့လုံးကို အပေါ်စီးကနေမြင်နေရတယ်။
လေကလဲ တဟူးဟူးနဲ့။ ရှူရတာလဲ မြို့ထဲကနဲ့ ဘာမှ မဆိုင်ဘူး၊ ကောင်းလိုက်တာ။ တိမ်တွေကလည်း ဘေးမှာကော၊ အောက်မှာကော၊ အပေါ်မှာကောပဲ။ ဓာတ်ပုံတွေကိုလည်း အပေါ် တောင်ပေါ်ကိုရိုက်လိုက်၊ အောက်ရှုခင်းတွေကို ရိုက်လိုက်၊ ဘေးဘက်ကိုရိုက်လိုက်နဲ့ ၃၆၀ဒီဂရီပဲရှိလို့ တော်သေးတာပေါ့။ ဒီကြားထဲ မင်းသားတွေကလဲ တစ်ယောက်ပြီးတစ်ယောက် ပို့စ်အမျိုးမျိုးနဲ့ ရိုက်ခိုင်းနေသေးတယ်။ ပုံတွေ လိုက်ရိုက်နေတယ်ဆိုတဲ့ ကိုလွင်မိုးကြီးကိုလည်း သတိရသွားမိတယ်။ သူ့ကိုလည်း ဒီမြင်ကွင်းတွေ ရိုက်စေချင်လိုက်တာ၊ ကင်မရာအကောင်းစားကြီးနဲ့။ သူ မိုးကုတ်ကို တစ်ခါမှ မရောက်ဖူးသေးဘူး။
ကျနော်လည်း ရောက်တုန်း ဓာတ်ပုံကောင်းကောင်းလေးတွေရအောင် ရိုက်ထားမှဆို ရိုက်ရင်း-တက်ရင်းနဲ့ တက်တဲ့လူတွေနောက် တော်တော်လေးကျန်ခဲ့တယ်။ မှီအောင် ခပ်သွက်သွက်လေး တက်ရင်း ခြေထောက် ကြွက်တက်မလိုတောင် တစ်ခါဖြစ်သေးတယ်။ ရောက်ပါပြီ တောင်ထိပ်ကို။ စောင့်နေကြတယ်။ ဒီတောင်မဟုတ်သေးဘူးတဲ့ နောက်ဟိုတစ်တောင်မှရောက်မှာတဲ့ အမောပြေအောင် ဆီးပြောကြတယ်။ ကျနော်တို့ဆီမှာလည်း တောင်မြင့်မြင့်ဆို စေတီတစ်ဆူဆူတော့ အမြဲတည်ထားတတ်တယ်။ စေတီမြင်တော့ ရောက်ပြီထင်တာပေါ့။ အဲဒါနဲ့ပဲ ဆက်ချီတက်ကြတယ်။
အဲဒီတောင်ကနေ ပြေပြေလေးဆင်းသွားတော့ တောင်မဲတောင်ထွတ်ကြီးကို ထီးထီး မြင်နေရပြီ။ ကျောက်သားအတိကြီးပဲ။ တောင်နှစ်တောင်ကြားထဲကနေ နှစ်ဖက်စလုံး လှည့်ပတ် ကြည့်မိတယ်။ ၀ူခုန်းကားတွေထဲကအတိုင်းပဲဗျာ။ ကျောက်တောင်တွေကော၊ အပင်တွေကော၊ တိမ်တွေကော။ လူတောင် ၀ူခုန်းလို ဆီးဖော် ဆီးဖော်ဆို အော်အော်ပြီး ခုန်လိုက်ချင်တယ်။ အဲဒီတောင်ပေါ်ရောက်မှပဲ လူဟာမျောက်နဲ. အမျိုးတော်တယ်ဆိုတာ လုံးဝယုံလိုက်ပြီ။
အမောတော့ တော်တော်လေးပြေသွားပြီ။ ကျနော်လည်း ထုံးစံအတိုင်း လူတွေကိုရော၊ ရှုခင်းတွေကိုရော တဖြတ်ဖြတ်နဲ့ ဓာတ်ပုံ လိုက်ရိုက်တယ်။ စိတ်ထဲမှာလည်း ဒီထက်ကောင်းတဲ့ ကင်မရာလေးတစ်လုံးလောက် ရချင်နေမိတယ်။ ဟိုးဘက်တောင်ပေါ်တက်နေကြတဲ့ လူလေးတွေကိုလည်း ရေးရေးလေး မြင်နေရတယ်။ ကောင်းကင်ပြာပြာကြီးနဲ့ ကျောက်တောင်ထီးထီးကြီးကလည်း ဟာမိုနီ ကိုက်နေလိုက်တာ။ စိတ်တိုင်းကျ ရိုက်ပြီးတာနဲ့ တောင်ထိပ် ဆက်တက်တယ်။ တက်ရတာ အသဲယားစရာကောင်းတယ်။ ကျောက်တောင်ထီးထီးကြီးမှာ အပင်ကြီးတွေ မရှိပဲ မြက်ခြောက်တွေလောက်ပဲ ရှိတယ်။ သတိထားပြီး ဖြည်းဖြည်းချင်း တက်သွားတယ်။ ရောက်ပါပြီ... တောင်ပေါ်ကို...။ မနက် ရှစ်နာရီခွဲကျော်ကျော်လောက်ပါ။
တောင်ပေါ်မှာ ကျနော်တို့ထက်အရင် ရောက်နေကြတဲ့ အဖွဲ့လည်း ရှိတယ်ဗျ။ ဆယ်ယောက်ကျော်လောက်ရှိမယ်။ ကျနော်တို့လည်း ညာဘက် တောင်ထွတ်နေရာဦးပြီး စတည်းချကြတယ်။
အားလုံးလည်းပင်ပန်းပြီး ဗိုက်ဆာနေကြတယ်။ တောင်စတက်တုန်းက ဝေထားတဲ့ ထမင်းကြော်ထုတ်တွေ ဖြည်ပြီး အာဟာရ ဖြည့်တင်းကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အမြဲအကွက်စိတဲ့ ကိုအောင်မျိုးသန့်က သူယူခဲ့တဲ့ ဘီတာဒိုင်းလိမ်းဆေးတွေ၊ ဟန်ဆာပလတ်စ်တွေ၊ လန်းဆန်းတွေ၊ တစ်ခြားလိမ်းစရာဆေးတွေကိုကြည့်ပြီး ဘယ်သူမှလည်း ဘာမှ မဖြစ်ကြဘူး... ငါ့ဟာတွေတော့ အလကားဖြစ်ကုန်ပါပြီ ဆို ပြောလို့ အားလုံး ၀ိုင်းအော်ကြသေးတယ်။ ကိုတေ့တေကတော့ သူ့ဆိုင်ကယူခဲ့တဲ့ ပါဖက်လိမ္မော်ထုပ်တွေ၊ ဝေဖာထုပ်တွေ အချိုပွဲအဖြစ် ဝေတယ်။ အားလုံး စားပြီး သောက်ပြီးကြတော့ တစ်ရေးတမော အိပ်တဲ့လူက အိပ်၊ တောင်ပေါ် ဟိုကြည့် သည်ကြည့် ကြည့်တဲ့လူကကြည့်၊ ဆော့နေကြတဲ့ လူတွေက ဆော့၊ မျောက်လို ကမြင်းတဲ့သူက ကမြင်းနေကြနဲ့...။
ကျနော်ကတော့ ပုံတွေပဲ ထပ်လိုက်ရိုက်နေတယ်။ နောက်ထပ် တောင်တက်တဲ့အဖွဲ့တွေလည်း တဖွဲဖွဲနဲ့ ထပ်ရောက်လာကြတယ်။ စုစုပေါင်း သုံးဖွဲ့။
တောင်ထိပ်စေတီဘေးမှာ အရင် မိုးကြိုးပစ်ပြီး ပြိုကျနေတဲ့ စေတီဟောင်း တစ်ပိုင်းလည်း တွေ့ရတယ်။ စေတီအုတ်ခုံမှာ ရောက်တုန်းရောက်ခိုက် ရေးထားခြစ်ထားတဲ့ မှတ်တမ်းတွေ၊ နေ့စွဲတွေလည်း တွေ့ရတယ်။ ဘုန်းကြီးသီတင်းသုံးတဲ့ ကျောင်းတွေ ဘာတွေတော့မရှိဘူး။
တောင်ပေါ်ကနေ အောက်ခြေက ပြောင်ခေါင်းရွာ၊ မိုးကုတ် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ စီဒီအမ်အေ တာဝါတိုင်ကြီး၊ မိုးမိတ်မြို့ဘက် အကုန်မြင်ရတယ်။ ခါတိုင်း ဧရာဝတီမြစ်ကြီးကို မြင်ရတယ်လို့တော့ ပြောကြတယ်။ ခုတော့ မြူတွေ၊ တိမ်တွေ ဆိုင်းနေတော့ ခပ်ဝေးဝေးအဲသည်ထိ မမြင်ရဘူး။ မှန်ဘီလူးလဲ ဘယ်သူမှ မပါလာကြဘူး။
တောင်ပေါ်မှာ ရာသီဥတု သုံးမျိုးပြောင်းတယ် ဆိုတာ မှန်သားပဲ။ ခဏနေတုန်း တိမ်တွေ မည်းတက်လာတယ်။ ရာသီဥတု ချက်ခြင်း ပြောင်းသွားတယ်။ နေမပွင့်တော့ လေတိုက်တာနဲ့ တော်တော်အေးတယ်ဗျ။ ဒါနဲ့ စတည်းချတဲ့နေရာ ပြန်လာတယ်။ အမယ် အေးလို့ဆို မိုးကုတ်ကနေ မန်းလေးကို ဆောင်းခိုသွားကြတဲ့သူတွေလည်း ရှိသဗျ။ ကျနော်အင်္ကျီထူထပ်၊ ဦးထုပ်ဆောင်း၊ နေရာလွတ် တနေရာရှာပြီး ခဏ လှဲနားတယ်။ ပြီးတော့ ဟိုဘက်တောင်စွန်းထိပ် ပြန်သွားရိုက်တယ်။
ဟိုဘက်က ကောင်တွေကတော့ သတိထားဦးနဲ့ စိုးရိမ်တကြီး အော်ဖော်ရကြတယ်။ အဲသည်ဘက်မှာ နာရီဝက်ကျော်ကျော်လောက် အချိန်ဖြုန်းပြီးမှ ပြန်လာခဲ့တယ်။ ဟိုပြောသည်ပြော ဟိုစားသည်စား ဟိုကြည့်ဒီကြည့်နဲ့ ၁၂နာရီလောက်ကျတော့ တောင်အောက်ပြန်ဆင်းမယ်ဆိုပြီး လူစုကြတယ်။ အမှတ်တရ ဓာတ်ပုံတွေလည်း ထပ်ရိုက်ကြတာပေါ့။
ပြီးမှ အားလုံး အနောက်ဖက်လမ်းကနေ ပတ်ပြီး ပြန်ဆင်းခဲ့ကြတယ်။ အလာလမ်းနဲ့ မတူပဲ အဲဒီလမ်းလည်း ဆင်းရ တော်တော်လေးခက်တယ်။ လျှိုတွေထဲ ပတ်ဆင်းရတယ်။ ဒီနေရာမှာ ဒူးကောင်းမကောင်း စကားပြောတယ် ဆို စ-နေကြသေးတယ်။လမ်းမှာ ထင်းခုတ်တဲ့ လူတွေကိုလည်း တွေ့ရတယ်။ မေးကြည့်တော့ ဒီဇင်ဘာ တစ်လလုံး နေ့တိုင်း တောတက်ကြတယ်တဲ့။ ဂေါ်ရခါး အမျိုးသမီးကြီးတွေကော ကလေးတွေကော။ (ကင်မရာတော့ ဓာတ်ခဲကုန်သွားလို့ မရိုက်နိုင်တော့ဘူး) ထင်းထမ်းတဲ့ ကလေးတွေ ကျောင်းမတက်နိုင်၊ ပညာမသင်ကြားနိုင်ကြတာကိုတော့ သနားမိတယ်။ ငါလည်း အဲဒီလိုမျိုး မိဘက မွေးခဲ့ရင် ထမ်းနေရမှာပဲဆို ကိုယ်ချင်းစာမိတယ်ဗျာ။ ကိုအောင်မျိုးသန့်ကတော့ သူတို့ကို မသုံးလိုက်ရတဲ့ ဆေးဝါးတွေ ဒါနပြုသလိုလိုနဲ့ ကြေငြာနေပြန်တယ်။ ညနေ သုံးနာရီမထိုးခင် မူလ ကားရပ်ထားတဲ့နေရာ အားလုံး ပြန်ရောက်ကြတယ်။ အပြန် ကားလမ်းခရီးမှာ အရင်ဆင်းသွားခဲ့တဲ့အဖွဲ့က သူတွေနဲ့ သွားပြန်တွေ့တော့ အပြန်အလှန် စကြ၊ နောက်ကြ၊ တ၀ါးဝါးနဲ့ ပျော်စရာကြီး။
မြို့ထဲရောက်တော့ ဒကာတော် ကိုတေ့တေက အစားအသောက်ကောင်းတယ်ဆိုတဲ့ ရွှေကံ့ကော် စားသောက်ဆိုင်ကို ခေါ်သွားပြီး ကျွေးမွေးပြုစုပြန်ပါသေးတယ်။ အဲဒီကနေ စားသောက်ပြီးမှ အားလုံး ကိုအောင်မျိုးသန့် အိမ်မှာဆင်းပြီး နှုတ်ဆက်ကာ လူစုခွဲခဲ့ကြပါတယ်။ နောက်နှစ်ဆို မတက်တော့ဘူး လို့ တောင်တက်တုန်းက ပြောခဲ့တဲ့ ကိုအောင်မျိုးသန့်ကတော့ နောက်နှစ်လည်း တက်ဦးမယ်... တဲ့။
TP
Posted by မိုးကုတ်မီဒီယာ at 3:49 PM 3 comments
Labels: travel
Monday, December 22, 2008
ဦးဇင်း ဦးကျော် မိုးကုတ်လာမည်
တရားပွဲအစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
နေ့ရက် - ၁၃၇၀-ပြည့်နှစ် နတ်တော်လဆုပ် (၁၃)ရက်မှ ပြာသိုလဆန်း (၄)ရက်နေ့အထိ။
(၂၅.၁၂.၂၀၀၈ မှ ၃၀.၁၂.၂၀၀၈)
နေရာ - မိုးကုတ်မြို့ အနောက်ပိုင်း၊ ပန်းမလယ်ပြင်ကျောင်းတိုက်။
အချိန် - ညနေ (၆း၃၀)
TP
Posted by မိုးကုတ်မီဒီယာ at 1:31 PM 0 comments
Labels: News
အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခတ်သွား
မြန်မာနိုင်ငံ မိုးလေ၀သနှင့်ဇလဗေဒဌာန၏ သတင်းထုတ်ပြန်ချက်အရ ငလျင်၏ အင်အားမှာ ၅.၂ ရစ်ချက်တာစကေးရှိပြီး ကမ္ဘာအေးမြေငလျင်တိုင်းတာရေးစခန်း၏ အရှေ့မြောက်ဖက် မိုင်(၃၈၀)ခန့် အကွာအဝေးကို ဗဟိုပြု၍ နံနက်(၅)နာရီ (၅၇)မိနစ် (၂၂)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားကြောင်း သိရသည်။ ထို့ပြင် ည (၉)နာရီ (၅၄)မိနစ် အချိန်တွင်လည်း ငလျင်တစ်ကြိမ် ထပ်မံ၍ လှုပ်ခတ်သွားပါသည်။ အဆိုပါငလျင်ကို မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ တချို့တွင်လည်း သိရှိခံစားလိုက်ရသည်ဟု ဒေသခံများက ဆိုပါသည်။ ယခု ငလျင်ဒဏ်ကြောင့် အပျက်အစီး အထိအခိုက် မရှိခဲ့ပါ။ ပြီးခဲ့သော ၂၀၀၄-ခုနှစ်တုန်းကလည်း ယခုကဲ့သို့သော နှစ်ဟောင်းမကုန်ဆုံးမှီ ဒီဇင်ဘာလ (၂၅)ရက် ခရစ္စမတ်နေ့ နံနက်ပိုင်းအချိန်တွင် အရှေ့တောင်အာရှဒေသ၌ အင်အားပြင်းထန်သော ဆူနာမီငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး လူအသေအပျောက်များစွာ ရှိခဲ့ပါသည်။
ရှေးက မိုးကုတ်မြို့တွင် လှုပ်ခတ်သွားခဲ့သော ထင်ရှားသည့် ငလျင်များကို သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရပါသည်။ ဗြိတိသျှခေတ် ၁၉၁၂-ခု မေလ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်ကြမ်းဒေသတ၀ိုက်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် မိုးကုတ်မြို့တွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် သမိုင်းဝင် ရွှေဂူကြီးစေတီတော် ပြိုကျပျက်စီးခဲ့ရပါသည်။ လွတ်လပ်ရေးခေတ် ၁၉၄၆-ခုနှစ် စက်တင်ဘာလ (၁၂)ရက် ကြာသပတေးနေ့ ည (၉)နာရီ (၄၃)မိနစ် အချိန်တွင် လှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် မင်းဘုရားတောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည့် ချမ်းသာကြီးစေတီတော်မှာ ပြိုကျပျက်စီးခဲ့ရပါသည်။ ချမ်းသာကြီးစေတီတော်ကို ပြန်လည်ပြုပြင်မွမ်းမံပြီးနောက် ၁၉၄၇-ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ ည(၉)နာရီ (၃၀)မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် စေတီတော်မှာ ထပ်မံ၍ မြေခခဲ့ရပြန်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်ကြမ်းဒေသတ၀ိုက်သည် ပြင်းထန်သော ငလျင်များ လှုပ်ရှားလေ့ရှိသည့် ငလျင်ရပ်ဝန်းဒေသဖြစ်သည်။ ထိုငလျင်ကြောတွင် မိုးကုတ်မြို့သည်လည်း ပါဝင်သည်ဟု ယူဆနိုင်သည်။ ကျောက်ကြမ်းပြတ်ရွေ.ကြောသည် ရှမ်းပြည်နယ် နောင်ချြိုမို.အနီးမှ တောင်မြောက်အနေအထား ဖြတ်သွားလျက်ရှိသည်ဟုသိရသည်။
KT
Posted by မိုးကုတ်မီဒီယာ at 1:13 PM 0 comments
Labels: News
Saturday, December 13, 2008
တတိယအကြိမ် သဟာယစာပေဆုအား တိုးချဲ့ချီးမြှင့်ခြင်း
ဂျူး Profile
အမည်ရင်း တင်တင်ဝင်း၊ ၁၉၅၈ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် မကွေးတိုင်း ရေနံချောင်းမြို့၌ ဖွားမြင်ခဲ့။ မွေးချင်း (၅)ယောက်တွင် အလတ်ဖြစ်၊ မန္တလေး ဆေးတက္ကသိုလ်မှ ၁၉၈၃-ခုနှစ်တွင် ဆရာဝန်ဘွဲ့ (M.B.B.S) ရရှိခဲ့။ ပထမဆုံးဝတ္ထုမှာ သက်ငင်ချစ် (၁၉၈၁-ခု ဇွန်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် ဖော်ပြခံရ)၊ ပထမဆုံးလုံးချင်းဝတ္ထု စာအုပ်မှာ အမှတ်တရ (၁၉၈၇) ဖြစ်သည်။
ဂျူးသည် ကျောင်းနေစဉ်ကာလကပင် မိခင်၏စေ့ဆော်မှုဖြင့် စာရေးဆရာ ဓူဝံ၏ မာလာဝတ္ထုရှည် ကိုစတင်ဖတ်ရင်း စာရေးဆရာဖြစ်ချင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အခါတွင်လည်း မိခင်၏တိုက်တွန်းချက်ကြောင့်ပင် ဆေးတက္ကသိုလ်သို. တက်ရောက်သင်ကြားခဲ့သည်။ ရေနံချောင်းဒေသကောလိပ် နှစ်လည်မဂ္ဂဇင်းတွင် ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့ ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားဖော်ပြခံရသည်။ မန္တလေးဆေးတက္ကသိုလ် မဂ္ဂဇင်းတွင်လည်း ၀တ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရှုမ၀ရုပ်စုံမဂ္ဂဇင်း၊ ချစ်ကိုယ်တွေ.ကဏ္ဍတွင် သက်ငင်ချစ် ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားပြီး မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ခြေချလာသည်။ ရှုမ၀ရုပ်စုံမဂ္ဂဇင်း၌ ကဗျာ၊ ၀တ္ထုတိုများရေးသားဖွဲ.ဆိုလာရင်း မျိုးဆက်သစ် အမျိုးသမီးစာရေးဆရာအဖြစ် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူဘ၀မှာပင် ထင်ရှားလာသည်။ နောက် ပေဖူးလွှာမဂ္ဂဇင်းတွင်လည်း ၀တ္ထုတိုများနှင့် မဂ္ဂဇင်းဝတ္ထုရှည်(အမှတ်တရ) စာပေလက်ရာများဖြင့် ကျော်ကြားလာခဲ့သည်။ ဒဂုန်၊ စံပယ်ဖြူ၊ ချယ်ရီ၊ မဟေသီ၊ ကလျာ၊ ဟန်သစ် မဂ္ဂဇင်းများတွင် ၀တ္ထုတိုလက်ရာများအပြင် စာပေဆောင်းပါးများ၊ ရုပ်ရှင်ခံစားမှုဆောင်းပါးများ ရေးသားတင်ပြခဲ့သည်။
ပထမဆုံးလုံးချင်းဝတ္ထု စာအုပ်ထွက်ပြီးနောက်ပိုင်း ဆက်လက်ရေးသားထုတ်ဝေလာသော လုံးချင်းဝတ္ထုများမှာလည်း ထင်ရှားအောင်မြင်ခဲ့သည်။ ကြာတော့သည်လည်းမောင့်စကား (၁၉၈၆)၊ ကြေမွသွားသောတိမ်တိုက်များအကြောင်း (၁၉၉၁)၊ မရှိမဖြစ်မိုး (၁၉၉၂)၊ မြစ်တို့၏မာယာ ၊ နံရံ၏အခြားတစ်ဖက်မှာ (၁၉၉၃)၊ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက် (၁၉၉၄)၊ ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉၉၅)၊ ပင်လယ်နှင့်တူသော မိန်းမများ (၁၉၉၆)၊ မြစ်တို့၏မာယာ (၁၉၉၉)၊ ကျွန်မ၏သစ်ပင် (၁၉၉၇)၊ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ (၁၉၈၀)၊ ချစ်သူလေလား... စကားတစ်ပွင့် ပွင့်ခဲ့တယ် (၂၀၀၃)၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ၊ လရောင်အောက်ဖက် မိုင်အဝေးမှာ ၊ တိမ်နှင့်ချည်တဲ့ကြိုး ၊ စောင့်နေမယ်လို့ မပြောလိုက်ဖူး၊ ကြယ်ကြွေတို့ရဲ့ အတောင်ပံ စသဖြင့်… ။
ဝတ္ထုတို လုံးချင်းစာအုပ် ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉၈၈)၊ ကောင်းကင်မပါသောညနှင့် အခြားဝတ္ထုတိုများ (၁၉၉၁) စသဖြင့်… ။
ဂျူး၏ အမှတ်တရ လုံးချင်းဝတ္ထုသည် မြန်မာစာပေလောကအတွင်း အဝေဖန်ခံရဆုံးသော စာပေလက်ရာဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ပြောစမှတ်ပြုခံရသော ၀တ္ထုရှည်လက်ရာများဖြင့် သုံးသပ်ဖော်ကြူးခံရသည်။ ဥပမာ- မလိခ၏ မြန်မာဝတ္ထုအညွှန်းတွင် ပင်လယ်နှင့်တူသောမိန်းမ အား အကောင်းဆုံးလက်ရာ (Masterpiece) အဖြစ် ညွှန်းဆိုဖော်ပြထားသည်။ လုံးချင်းဝတ္ထုရှည်များသည်လည်း ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်းခံရသည်။
ဂျူးသည် ၀တ္ထုရေးဆရာမ (Novelist) စစ်စစ် ဖြစ်ပါသည်။ ၀တ္ထုတို၊ ၀တ္ထုလတ် (Novelette)၊ မဂ္ဂဇင်း ၀တ္ထုရှည်များနှင့် လုံးချင်းဝတ္ထုရှည်များ တခုတ်တရ ရေးသားတင်ဆက်နေသူပင်။ ထို့ပြင် ကလျာမဂ္ဂဇင်းတွင် ကျွန်မဖတ်ခဲ့သောစာအုပ်များ (လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်) ဆောင်းပါးများနှင့် ဟန်သစ်မဂ္ဂဇင်းမှ ဗွီဒီယိုရုပ်ရှင်ခံစားမှု ( မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်း အမည်ဖြင့် လုံးချင်းစာအုပ် ထုတ်ဝေခဲ့သည်)၊ ဂျူး၏ ဆောင်းပါးများသည် စာဖတ်ပရိသတ် မပြတ် ဖတ်ခဲ့ရသော ဆောင်းပါးလက်ရာ များဖြစ်ခဲ့သည်။ ယခု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးလက်ရာများ ရေးသားလျှက် ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးဆိုင်ရာပြဿနာ၊ နိုင်ငံတကာရေးရာ၊ မြို့ပြရေးရာဆိုင်ရာ ဆောင်းပါးများ ရေးသားနေရာ စာဖတ်ပရိသတ်များ အဆက်မပြတ် ဖတ်နေရဆဲဖြစ်သည်။ ဥပမာ- အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ၊ ကျွန်မချစ်သောမြို့ စသဖြင့် လုံးချင်းစာအုပ်များအဖြစ် ထုတ်ဝေလျှက်ရှိသည်။
ထင်ရှားသောဆောင်းပါးလက်ရာ စာအုပ်များအနက် မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်းမှ အော်လန်ဒို ရုပ်ရှင်ခံစားမှု ဆောင်းပါးတွင် (အော်လန်ဒိုကို ကြည့်ပြီးသည့်အခါ ကဗျာတစ်ပုဒ်၏ လှပမှုကို ရလိုက်သည်။ စိတ်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ရလိုက်သည်။ မိန်းမ-ယောက်ျားဟူသော သတ်မှတ်ချက်ထက် လူသားဟူသော ပေါင်းစည်းမှုကို တွေ့ရသည်) ဟု ရုပ်ရှင်ကားအပေါ် ခံစားတင်ပြခဲ့ပါသည်။
အခြား စာရေးဆရာ ဆရာမများနှင့် တွဲဖက်၍ ၀တ္ထုစာစဉ်များတွင်လည်း ပါဝင်ရေးသားခဲ့သည်။ ဥတ္တရလမင်း ခံစားသူအကြိုက် ၀တ္ထုတိုများ၊ မြန်မာဝတ္ထုတိုအဖွင့်၊ ရာစုသစ်သို့ ပျံသန်းခြင်း၊ နားကြပ်ကိုကိုင် ကလောင်ကို ကိုင်ဆွဲ၊ ပန်းတို့ရဲ့ရနဲ့၊ မြန်မာဝတ္တုတို (၂၀၀၁-၂၀၀၅)၊ အခြားစာစဉ်များတွင်လည်း ပါဝင်ရေးသားသည်။
ထို့ပြင် ဂျူး၏ ရေမျောသီး ၀တ္ထုတိုကို အဆိုတော် ဟေမာနေ၀င်း ကလည်းကောင်း၊ မြရဲ့လ ၀တ္ထုတိုကို အဆိုတော် ထူးအိမ်သင် ကလည်းကောင်း ဖတ်ကြားအသံသွင်းကာ တိတ်ခွေအဖြစ် (၁၉၉၇)တွင် ဖြန့်ချီခဲ့ပါသည်။
ဝတ္ထုရေးဆရာမ (Novelist) အဖြစ် မြန်မာစာပေလောကတွင် ထင်ရှားအောင်မြင်နေသော ဂျူး၏ စာရေးဆရာမ ဘ၀အတွေ့အကြုံများမှာ စိတ်ဝင်စားစရာပင်။
ကျွန်မ ကြည်အေးရဲ့ ၀တ္ထု ကဗျာ တော်တော်များများကို သဘောကျတယ်။ တစ်ခါတလေမှာ (Style) ချင်း သွားတူတာကို ကျွန်မကိုယ်တိုင်လည်း သတိထားမိလိုက်တယ်။ အခုနောက်ပိုင်း ကျွန်မရဲ့ ၀တ္ထုတွေမှာ ကြည်အေးရဲ့ (Style) နဲ့ လုံးဝကင်းရှင်းပြီး သီးသန့်ဖြစ်အောင် ကြိုးစားနေပါတယ်။
ကျွန်မဟာ စာမရေးဘဲ မနေနိုင်လို့ ရေးတာပါ။ ကျွန်မရဲ့ဦးနှောက်ကို အလိုလိုက်တဲ့ လက်ရဲ့ ဖန်တီးမှုသက်သက်သာ ဖြစ်ပါတယ်လို့ ကျွန်မရေးခဲ့ပါတယ်။ ဒါ ကျွန်မရဲ့ ရိုးသားပွင့်လင်းစွာ ၀န်ခံမှုပါ။
ဂျုး သည် နိုင်ဝင်းဆွေ ၏ နွေတစ်ည လုံးချင်းဝတ္ထုကို နှစ်ခြိုက်သလို ဖြစ်တည်မှုပဓာနစာရေးဆရာ ဖရန့်ကာဖကာ (Frank Kafka) ၀တ္ထုတိုများကိုလည်း နှစ်ခြိုက်သူဖြစ်သည်။
ဂျူးနှင့်ပတ်သက်၍ စာဖတ်ပရိသတ်တစ်ဦးဖြစ်သော အင်န်ဂျီအို အဖွဲ့တစ်ဖွဲ့မှ သားသည်မိခင်တစ်ဦးက ဤသို့ သုံးသပ်ခဲ့ကြောင်း စောကျော်မြတ်ငြိမ်း ၏ မြန်မာလူမှုရှုခင်း (ဂျူးကို သူ၏ ပရိသတ်တွေ ဘယ်လိုသဘောထားကြသလဲ ဆောင်းပါး၊ သင့်ဘ၀မဂ္ဂဇင်း၊ ၁၉၉၉-ခုနှစ် အမှတ်(၁၁)တွင်) ကျွန်မကတော့ ဂျူးရဲ့စာတွေကို ဖတ်သင့်တယ် ထင်လို့ ဖတ်နေတယ်။ သူ့ရဲ့ဝတ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးအားလုံးကို ဖတ်တယ်။ ကျွန်မနဲ့ သဘောထားချင်း မတိုက်ဆိုင်တာ တစ်ခုနှစ်ခုလောက်ကလွဲရင် အများစုကိုတော့ သဘောကျတယ်။ ကျွန်မသဘောမကျတာက သူ့ဝတ္ထုတွေထဲမှာ အတ္တချင်းပြိုင်ကြတာ၊ အဲဒါမျိုးတွေ အများကြီး တွေ့ရတယ်။ ဒီသေးသေးမွှားမွှားအားနည်းချက်ကလွဲရင် ဂျူးဟာ သိပ်ကို ထက်မြက်ပါတယ်။ အနုပညာအား သိပ်ကောင်းတယ်။ သူကောင်းတာတွေက အများကြီးပဲ။ ဥပမာ… ပညာတန်ဖိုးထားတာ… နောက်ပြီး အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားမာန်၊ အတွေးအခေါ်လွတ်လပ်မှု အဲဒါတွေ တင်ပြထားတယ် ဟု ဖတ်ရှုရသည်။
ယခုအခါ ဂျူးသည် စာပေအနုပညာများ ရေးသားဖန်တီးရင်း ဂျူး စာအုပ်တိုက် ကိုထူထောင်ကာ စာအုပ်များ ထုတ်ဝေဖြန့်ချီရင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းတွင် မိသားစု၊ ညီအကိုမောင်နှမများနှင့်အတူ နေထိုင်ကာ စာပေလက်ရာများကို ရေးသားဖန်တီးလျှက် ရှိပါသည်။
STA
ဂျူး Profile မှ အချက်အလက်များကို စံပယ်ဖြူမဂ္ဂဇင်း (အမှတ်၆ ၊ ၂၀၀၈ နိုဝင်ဘာ) တွင်ပါရှိသော လေးကိုတင်၏ ဧရာဝတီရုပ်ပုံလွှာမှ ကူးယူဖော်ပြထားကြောင်း ၀န်ခံပါသည်။
Posted by မိုးကုတ်မီဒီယာ at 7:11 PM 0 comments
Labels: Literature
Thursday, November 20, 2008
Happy Shan New Year
ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးအကြောင်း သိကောင်းစရာ
ခရစ်သက္ကရာဇ် ၂၀၀၈-ခုနှစ် နိုဝင်ဘာလ (၂၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ် နတ်တော်လဆန်း(၁)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိပြီဖြစ်ပါသည်။ ယခုလာမည့်နှစ်သစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၃-နှစ်မြောက် ဖြစ်ပါသည်။ ရှမ်းနှစ်သစ်ကူးကို ပီမောင်တိုင်း ဟု ခေါ်ပါသည်။ ပီမောင်တိုင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖော်ပြရသော်…
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ဂန္ဓလရာဇ်တိုင်း ဟုခေါ်သော ယခု တရုတ်ပြည် ယူနန်နယ် ၏ အနောက်ဖက်နှင့် မြောက်ဖက် ရွှေလီမြစ်ဝှမ်းဒေသတွင် အင်အားစုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နေထိုင်ခဲ့ကြသည်။ ထို့နောက် အင်အားတောင့်တင်းခိုင်မာသော နန်ချိုလက်နက်နိုင်ငံတော် (Nan Chao AD 649-1253) ကို တည်ထောင်ခဲ့ကြသည်။
သာသနာသက္ကရာဇ် ၄၅၀ (BC 94) တွင် စော(၀်)ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည်ကိုးကွယ်လိုသည်ဖြစ်၌ သားတော် စော(၀်)ခွန်စိုင်း အား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ်သုံးပုံကို ပင့်ဆောင်စေခဲ့ပါသည်။
ဗုဒ္ဓသာသနာတော်ကြီး နန်ချိုပြည်သို့ စတင်ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ)မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁၀၃-ခုသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ရှေးအခါက ရှမ်းနက္ခတ္တပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ် တို့ကိုကြည့်ပြီး အချိန်နာရီအတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း(၁)ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကြပါသည်။
ရှေးက ဤနှစ်သစ်ကူးအခါသမယ ကျရောက်တိုင်း ပွဲလမ်းသဘင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များချီးမြှင့်ခြင်း၊ စာပေ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရ၀ပြုခြင်း အစဉ်အလာများ ရှိခဲ့ပါသည်။
ရှေးရိုးရာ ထုံးတမ်းအရ နှစ်သစ်ကို ကြိုဆိုရာတွင် အချက်(၄)ချက် ပါဝင်ရပါသည်။
(၁) နှစ်သစ်ကို ကြိုဆိုခြင်း
(၂) နှစ်သစ်ကို ဂါရ၀ပြုခြင်း
(၃) ရိုးရာအစားအစာဖြင့် ဧည့်ခံခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း
(၄) ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဟူ၍ ဖြစ်ပါသည်။
ထို့အတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်း သည်လည်း အိမ်ရှင်ကို ဂါရ၀ပြုခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက်တောင်းပေးခြင်း၊ ဆွေမျိုးသားချင်းသဘောဆောင်ခြင်း ဟူသော အနက်ကိုဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။
STA
Posted by မိုးကုတ်မီဒီယာ at 1:18 PM 0 comments
Labels: Culture
Tuesday, November 18, 2008
သဟာယစာကြည့်တိုက် သမိုင်းအကျဉ်း
ထိုအချိန်မှစပြီး ကျပ်ပြင်မြို့မရပ်ရှိ လူကြီးများဖြစ်ကြသော ဦးနန္ဒ၊ ဦးကျော် တို့မှ ကမကထပြုဆော်သြကာ လူငယ်များဖြစ်ကြသော ကိုချစ်စိန်၊ ကိုသာရင် တို့ကို ဦးဆောင်စေ၍ တို့ဗမာသဟာယ စာကြည့်အသင်းကို ကိုသာရင်၏ နေအိမ်၌ စတင်ထူထောင်ဖွင့်လှစ်ခဲ့ကြသည်။။ ၁၉၄၂-ခုနှစ် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်လာချိန်တွင် စာကြည့်သင်းရှိ စာအုပ်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကျပ်ပြင်မြို့မရပ်ကွက်မှနေ၍ ဘေးလွတ်ကင်းရာ ကျပ်ပြင်တောင်ပေါ်ကုန်းရပ်သို့ ပြောင်းရွှေ့ခဲ့ပြီး တို.ဗမာသဟာယစာကြည့်အသင်းကို စစ်အတွင်းမှာပင် လူငယ်များက စာဖတ်ရင်း ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။
၁၉၄၈-ခုနှစ် လွတ်လပ်ရေးခေတ်တွင် စာကြည့်အသင်းအား ကျပ်ပြင်မြို့မရပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြသည်။ ထိုကာလတွင် မြန်မာနိုင်ငံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပေးပို့သော ဘာသာပြန်စာအုပ်များနှင့် အင်္ဂလိပ်စာအုပ်များကိုလည်း စာကြည့်သင်းက လက်ခံရရှိခဲ့ရာ စာအုပ်များ တိုးပွားခဲ့ပါသည်။
၁၉၅၃-ခုနှစ်တွင် ပြည်တော်သာစံမံကိန်းအရ နိုင်ငံတော်က စာကြည့်တိုက်များဆောက်လုပ်ရန်အတွက် ချမှတ်ပေးသော ရံပုံငွေဖြင့် သဟာယစာကြည့်တိုက်ကို ဆောင်လုပ်ခဲ့ပါသည်။ ထိုစဉ်က အဆောက်အဦးဆောက်လုပ်ရာတွင် ကျပ်ပြင်မြို့မ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ ဥက္ကဌဖြစ်သော ဦးစံခင်က ကြီးကြပ်ကာ လူငယ်အများက လုပ်အားပါဝင်ခဲ့ကြသည်။ ၁၉၅၈-ခုနှစ် ဇွန်လတွင် သဟာယစာကြည့်တိုက်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစပြီး စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျဖြစ်စေရန်အတွက် အမှုဆောင်ကော်မတီများ ဖွဲ့စည်းကာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
၁၉၉၀-ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် စာကြည့်တိုက်အဆောက်အဦးမှာ လမ်းနယ်မြေနှင့် မလွတ်ကင်းသည့်အတွက် ဖယ်ရှားပေးခဲ့ရပါသည်။ စာကြည့်တိုက်အဆောက်အဦးကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း စာအုပ်များကို မပျက်စီးမပျောက်ပျက်စေရန် စာရင်းဇယားများပြုလုပ်ကာ သိမ်းဆည်းခဲ့ကြပါသည်။
၂၀၀၅-ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် ကျပ်ပြင်မြို့မ လူမှုရေးအသင်းမှ လူကြီးများ၏ အမြော်အမြင်နှင့် စေတနာတို့ဖြင့် ကျပ်ပြင်မြို့မ လူမှုရေးအဖွဲ့ရံပုံငွေ၊ ကျပ်ပြင်မြို့မ ရေကော်မတီ၏ ရံပုံငွေ၊ သဟာယစာကြည့်တိုက်၏ ရံပုံငွေတို့အပြင် သီးခြားအလှူရှင်များ၏ ပံ့ပိုးငွေတို့ကို စုပေါင်း၍ ယခုလက်ရှိ ဖွင့်လှစ်လျှက်ရှိသော သဟာယစာကြည့်တိုက် အဆောက်အဦးကို ၀ယ်ယူပိုင်ဆိုင်နိုင်ခဲ့ပါသည်။
ကနဦးမူလ သဟာယစာကြည့်တိုက်ကို ၁၉၅၃-ခုနှစ်မှ ၁၉၉၀-ခုနှစ်အထိ ကျပ်ပြင်မြို့မရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုနေရာသစ်သို့ မပြောင်းရွှေ့နိုင်မှီအချိန်အထိ သဟာယစာကြည့်တိုက်အပေါ် သံယောဇဉ်ကြီးသူများ၏ ဦးဆောင်မှုဖြင့်သာ စာကြည့်တိုက်ကို ယာယီဖွင့်လှစ်၍ ဖြတ်သန်းခဲ့ကြသည်။
သဟာယစာကြည့်တိုက်ကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပင် မပျက်စီးအောင် ထိန်းသိမ်းနိုင်ခဲ့သလို မျိုးဆက်အသီးသီးကလည်း လက်ဆင့်ကမ်းလျှက် တည်တံ့အောင် ထူထောင်ခဲ့ကြသည်။ ယခုမျက်မှောက်ခေတ် လူငယ်မျိုးဆက်သစ်များကလည်း ဆက်လက်၍ တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်လျှက် ရှိကြသည်ကိုလည်း အားရဖွယ်ရာ တွေ့မြင်ရပါသည်။
ယခုကဲ့သို့ လူငယ်များ၏ ကိုယ်ကျိုးမဖက် ဆောင်ရွက်မှုများကြောင့် သဟာယစာကြည့်တိုက်အနေဖြင့် နံရံကပ်စာစောင် ပြပွဲများသာမက စာပေဟောပြောပွဲများ၊ စာပေဆုများကို ချီးမြှင့်ပေးအပ်လာနိုင်သည်အထိ စည်ပင်ဖွံ့ဖြိုးခဲ့ပါသည်။ ၁၉၉၈-ခုနှစ် ဇန်န၀ါရီလတွင် သဟာယစာကြည့်တိုက်မှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲသို့ စာရေးဆရာကြီးများ ဖြစ်ကြသော မြသန်းတင့်နှင့် အောင်သင်းတို့ လာရောက်၍ စာပေဟောပြောခဲ့ကြသည်။
နှစ်စဉ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်န၀ါရီလ (၄)ရက်နေ့ရောက်တိုင်း သဟာယစာပေဆုကို ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှနေ၍ ၂၀၀၇-ခုနှစ်မှ စတင်ပြီး သတင်းထုတ်ပြန်ကြေငြာလေ့ ရှိသည်။ သဟာယစာပေဆုကို ၂၀၀၇-ခုနှစ်မှ စတင်ပြီး ပေးအပ်ချီးမြှင့်နိုင်ခဲ့ရာ ပထမအကြိမ် သဟာယစာပေဆုကို စာရေးဆရာညီပုလေး၏ ငြိမ်သက်တစ်မိနစ်နှင့်အခြားဝတ္ထုတိုများ စာအုပ်ကို လည်းကောင်း၊ ဒုတိယအကြိမ် စာပေဆုကို The Wave မဂ္ဂဇင်း အားလည်းကောင်း၊ တတိယအကြိမ် စာပေဆုကို အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အားလည်းကောင်း ဆုရွေးချယ်ရေးကော်မတီက ရွေးချယ်ခဲ့ကြပါသည်။
သဟာယစာကြည့်တိုက်သည် မိုးကုတ်မြို့နယ်အတွင်း၌ရှိသော စာကြည့်တိုက် (၁၀)ခုကျော်အနက် သက်တမ်းအရှည်ကြာဆုံး၊ စာအုပ်အစုံလင်ဆုံးနှင့် လူသိအများဆုံး စာကြည့်တိုက်အဖြစ် ရပ်တည်လျှက်ရှိပြီး ၂၀၁၀-ခုနှစ်တွင် စိန်ရတုကာလသို့ ရောက်ရှိတော့မည် ဖြစ်သည်။
သဟာယစာကြည့်တိုက်တွင် ထားရှိသော ဧည့်သည်တော်မှတ်တမ်းအရ သဟာယစာကြည့်တိုက်သို့ မြသန်းတင့်၊ အောင်သင်း၊ နေ၀င်းမြင့်၊ သိပ္ပံမှူးတင်၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ တင့်တယ်၊ ရေနံမြေခင်စု၊ စောပြည့်ချမ်းသာ စသည့် စာရေးဆရာများလည်း လာရောက်လည်ပတ်ခဲ့ဖူးကြောင်း သိရပါသည်။
STA
Posted by မိုးကုတ်မီဒီယာ at 6:41 PM 1 comments
Labels: History
မိုးကုတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း
အသင်းအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒနှင့်အညီ စာမတတ်သူပပျောက်ရေး စီမံချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မြို့နယ်အဆင့် ရှမ်းစာပေ၊ မ ငါးလုံး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက် ရှိပါသည်။ ထို့အပြင် အခါအားလျော်စွာ ဆရာဖြစ်မွမ်းမံ သင်တန်း များကိုလည်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မြန်မာနိုင်ငံ) ၏ ပံ့ပိုးမှုနှင့်အတူ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။ အသင်းအနေဖြင့် မိုးကုတ်နှင့် မိုင်းလုံ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆရာများ စေလွှတ်ကာ ရှမ်းစာပေသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျှက် ရှိသည်။ ထို့အပြင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုအဖွဲ့နှင့် ဆက်သွယ်၍ စာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များကိုလည်း အခြားမြို့နယ်များနှင့် လက်တွဲကာကျယ်ပြန့်စွာ ဆောင်ရွက်လျှက် ရှိပါသည်။
အသင်းအနေဖြင့် ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းလျှက်ရှိရာ နှစ်စဉ် နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်မြဲဖြစ်သော နှစ်သစ်ကူးအခါသမယတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးသို့ အိုးစည်ဗုံမောင်း ယဉ်ကျေးမှုအကများဖြင့် မီးဆုခံရောက်ရှိမြဲဖြစ်သည်။ နှစ်သစ်ကူး မီးဆုခံထွက်ခြင်းသည် အလှူငွေရရှိရေးကို အဓိကထားခြင်းမဟုတ်ပဲ အိမ်ရှင်ကို ဂါရ၀ပြုကန်တော့ခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက်တောင်းပေးခြင်း၊ ဆွေမျိုးသားချင်းသဘောကို ဆောင်ခြင်း ဟူသော အနက်ကိုဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။ ရရှိလာသော အလှူငွေများကို အသင်းတိုက်ဖြစ်မြောက်ရေး၊ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ပိတ်စွယ်၊ သဲဖြူဝိုင်းရပ်ကွက်အတွင်းတွင် တစ်ဧကနီးပါးရှိသော အသင်းပိုင်မြေကွက်ကို ၀ယ်ယူထားပြီး အနှစ်(၃၀) မြေဂရံကိုလည်း ရရှိပြီးဖြစ်သည်။ အသင်းအနေဖြင့် အဆောက်အဦးဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
မိုးကုတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သည် စတင်တည်ထောင်ခဲ့သည့် ၁၉၇၂-ခုနှစ်မှစ၍ ယခုလက်ရှိ အချိန်ကာလအထိ အမှုဆောင်ကော်မတီများဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး အသင်းတာဝန်များကို ဆောင်ရွက်လျှက်ရှိရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။ မိုးကုတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း အသင်း၏ဆောင်ရွက်မှုအပေါ် အပြုသဘော ဝေဖန်ခြင်း၊ အကြံပြုခြင်းများကို ကြိုဆိုလျှက်ရှိကြောင်း သိရသည်။ မြို့သူမြို့သားများအနေဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်းကိုလည်း မိုးကုတ်မီဒီယာသို့ သတင်းပါးရင်း ဖိတ်ခေါ်ထားပါသည်။
STA
Source: TLCC (MGK)
Posted by မိုးကုတ်မီဒီယာ at 6:37 PM 0 comments
Labels: Culture
Saturday, November 8, 2008
တတိယအကြိမ်မြောက် သဟာယ စာပေဆု
အတွေးအမြင်စာစောင်၏ သမိုင်းကြောင်း
အတွေးအမြင် စာစဉ်များသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လစဉ်ထုတ် အတွေးအခေါ်စာစောင် ဖြစ်သည်။ အတွေးအမြင်စာစောင် အမှတ်(၁)ကို ၁၉၈၄-ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့ပါသည်။ အတွေးအမြင်ကို စတင် မွေးဖွားသန့်စင်ခဲ့ကြသူများမှာ မောင်ဝံသ နှင့် မောင်ကောင်းမြင့် တို့ ဖြစ်ကြသည်။ ထို့နောက် အယ်ဒီတာအဖွဲ့တွင် ကြည်သာဦး (မောင်မြင့်ဦး-ညောင်လေးပင်) ပါဝင်လာကာ အတွေးအမြင်ကို ဆက်လက်ထိန်းကျောင်းခဲ့ကြသည်။ နောက်ပိုင်းတွင် သီရိဝံသ၊ ကျော်ကြီး၊ ရဲမြင့်၊ ဇော်ဝင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် ပဲ့ကိုင်လာခဲ့ကြရာ ယခုလက်ရှိ အတွေးအမြင် အုပ်နှစ်ရာမြောက်တွင် အယ်ဒီတာအဖွဲ့ဝင်များမှာ ဦးသိန်းဝင်း၊ သီရိဝံသ၊ လွတ်လပ်စိုး၊ ဦးရဲမြင့်၊ နောင်နောင်စိုး ဟူ၍ စည်စည်ကားကား ပါရှိသည်။
အတွေးအမြင်စာအုပ် စတင် ထုတ်ဝေစဉ်ကတည်းက စီစဉ်သူများ၏ ဦးတည်ချက်တွင် မိမိဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက် ဟူ၍ ပါရှိခဲ့ပါသည်။ အတွေးအမြင်စာစောင်သည် ကနဦးကတည်းကပင် အရုပ်မပါ၊ ပန်းချီ ဓာတ်ပုံတွေမပါ၊ ၀တ္ထုမပါ၊ ကဗျာမပါပဲ အခြားသော ရုပ်စုံမဂ္ဂဇင်းများ စာစောင်များကြားဝယ် နှစ်ကာလရှည်ကြာစွာ ရပ်တည်နေနိုင်ခဲ့ပြီး သီးသန့်စာဖတ်ပရိသတ်များအတွက် သီးသန့်စာစောင်အဖြစ် ရှင်သန်ခဲ့ပါသည်။
အတွေးအမြင်သည် တာထွက်ကောင်းခဲ့ပါသည်။ သီးသန့်စာဖတ်ပရိသတ်ကြီး၏ တစိုက်မတ်မတ် အားပေးမှုကြောင့် အရှိန်ကောင်းလာခဲ့သည်။ အတွေးအမြင် အမှတ်(၂)ကို ပုံနှိပ်နေချိန်တွင် အမှတ်(၁)မှာ လက်ကျန်မရှိအောင် ကုန်သွားခဲ့ရသည်။ နယ်များမှ အမှာစာများ ထပ်မံရောက်ရှိလာ၍ အမှတ်(၁၃) ပုံနှိပ်ပြီးသည့်နောက် အမှတ်(၁)နှင့်(၂)ကို ဒုတိယအကြိမ် ထပ်မံ၍ပုံနှိပ်ခဲ့ရပါသည်။ လုံးချင်းစာအုပ်မဟုတ်သော စာစောင်တစ်ခုကို ဒုတိယအကြိမ်ပုံနှိပ်ရခြင်းမှာ ထိုခေတ် စာနယ်ဇင်းလောက၀ယ် မရှိသလောက်ရှားသည့် ထူးခြားသော ဖြစ်ရပ်တစ်ခုပင်။ အတွေးအမြင်စာစောင် အမှတ်(၁) ထွက်ရှိပြီးနောက် တုံ့ပြန်ရိုက်ခတ်လာသော ဂယက်များကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။
ထိပ်တန်းစာရေးဆရာကြီးများနှင့် ပညာရှင်ကြီးများ၏ ဆောင်းပါးများချည်းသာ သီးသီးသန့်သန့် ဖော်ပြထားခြင်း၊ ဆောင်းပါးများမှာလည်း ပညာတတ်အ၀န်းအ၀ိုင်းကသာ စိတ်ဝင်စားမည့် လေးလေးပင်ပင် အရေးအသားများက အများစုဖြစ်နေခြင်း၊ အရောင်အသွေး အဆင်တန်ဆာ လုံးဝမပါပဲ ဆောင်းပါးခေါင်းစီးများကိုပင် ခဲစာလုံးပွိုင့်များ ကစား၍ ဖော်ပြထားခြင်း၊ စာအုပ်အရွယ်မှာ ပုံမှန်မဂ္ဂဇင်းအရွယ်မဟုတ်ပဲ ၁၀ချိုးဆိုဒ်ဖြစ်ပြီး Reader's Digest ပုံစံအတိုင်း မျက်နှာဖုံးတွင် မာတိကာတင်ထားခြင်း၊ ပန်းချီဆရာကြီး ဦးဘရင်ကလေး ၏ နွဲ့ပျောင်းသော အတွေးအမြင် စာလုံးဒီဇိုင်းကအစ ဆန်းသစ်နေခြင်း စသည့် ထူးခြားချက်များကြောင့် အတွေးအမြင်ဟူသော စာစောင်သစ်ကလေးကို ဆရာမောင်စွမ်းရည် စသည့် စာပေဝေဖန်ရေးဆရာများကပင် ချီးကျူးကြိုဆိုကာ ရေးသားကြလေသည်။
ဆရာကြီးတက်တိုး ကလည်း ယခုလို အတွေးအမြင်စာစောင်မျိုး စောင်ရေ ငါးထောင်ကျော် ထုတ်ဝေဖြန့်ချီနိုင်ပြီဆိုလျှင် မြန်မာနိုင်ငံတွင် ခေတ်ကြီး ပြောင်းလဲတော့မည်ဟု ပြောဝံ့သည် ဟူ၍ စာအုပ်ထွက်ရှိပြီး ငါးအုပ်မြောက်အချိန်က မှတ်ချက်ပြုခဲ့သည်။
အတွေးအမြင်တွင် ဆောင်းပါးချည်းသက်သက်သာ ဖော်ပြခဲ့ရာ စာဖတ်ပရိသတ်အတွက် တခုပ်တရ သိမ်းဆည်းထားရမည့် အဖိုးတန်ဆောင်းပါးများ မြောက်မြားစွာ ပါရှိခဲ့သည်။ အတွေးအမြင်၏ ရှေ့ပိုင်း စာစောင်များတွင် တစ်လလျှင် ဆောင်းပါးပုဒ်ရေ (၃၀)ခန့် ပါရှိသည်။ နောက်ပိုင်းတွင် လစဉ်ဆောင်းပါးပုဒ်ရေ (၄၀)ခန့် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ယခုအုပ်ရေ (၂၀၀)မြောက်ပြည့်သည်အထိ ၂၄-နှစ်တာကာလအတောအတွင်း အတွေးအမြင်ဆောင်းပါးပေါင်း ၆၀၀၀မှ ၈၀၀၀ကြား ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အတွေးအမြင်စာစောင်သည် မူလက ခဲစာလုံး မှုံတိမှုံဝါး၊ စာရွက်စာသား ခပ်ညံ့ညံ့သာ ရှိခဲ့ရာမှ ၁၉၉၃-ခုနှစ် မေလထုတ် (စာစဉ်-၉၀)မှ စတင်၍ ကွန်ပျူတာစာလုံး၊ အော့ဖ်ဆက်ဖြင့် ပြောင်းလဲပုံနှိပ်ခဲ့ပါသည်။ စာရွက်စာသားမှာလည်း ယခင်ကထက် တိုးတက်ကောင်းမွန်လာခဲ့ပြီး အနည်းငယ် ဖြူဖွေးလာခဲ့သည်။
အတွေးအမြင်၏ မူဝါဒ
ရှုထောင့်အသီးသီးမှ အတွေးအမြင်အသီးသီးကို ဖော်ထုတ်ရန်
အတွေးအမြင်၏ ရည်ရွယ်ချက်
တွေးခေါ်မျှော်မြင်ခြင်းကို အလုပ်တစ်ခုဟု ထင်မြင်၍ စဉ်းစားဥာဏ် ရင့်သန်လိုသူများအတွက်
မိမိ၏ဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက်
အလုပ်သုံးပါးအနက် မနောကံအလုပ်ဟု ဆိုအပ်သော စိတ်ကူးခြင်း၊ ဆင်ခြင်စဉ်းစားခြင်းကို အာရုံဝင်စားသူများအတွက်
အတွေးအမြင်၏ အမှတ်တံဆိပ်
အတွေးအမြင်စာစောင်၏ အမှတ်တံဆိပ်လိုဂိုအဖြစ် ကမ္ဘာကျော် ပန်းပုဆရာကြီး Rodin ၏ အတွေးရှင် The Thinker ပန်းပုရုပ်ပုံကို ရွေးချယ်ခဲ့သည်။
အတွေးအမြင်၏ စာလုံးဒီဇိုင်း
အတွေးအမြင်စာစောင်၏ မျက်နှာဖုံးခေါင်းစီး စာလုံးဒီဇိုင်းကို ပန်းချီဆရာကြီး ဦးဘရင်ကလေးက ရေးဆွဲခဲ့သည်။
အတွေးအမြင်နှင့် မှတ်တိုင်များ
အတွေးအမြင် အမှတ်(၁) စာစောင်ကို ၁၉၈၄-ခု အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၅) ငွေရတုစာစောင်ကို ၁၉၈၇-ခု ဇွန်လတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၅၀) ရွှေရတုစာစောင်ကို ၁၉၈၉-ခု ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၇၅) စိန်ရတုစာစောင်ကို ၁၉၉၂-ခု ဇန်န၀ါရီလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၁၀၀) ရာပြည့်စာစောင်ကို ၁၉၉၄-ခု မေလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၀၀)ကို ၂၀၀၈-ခု နိုဝင်ဘာလတွင် ထုတ်ဝေခဲ့
အတွေးအမြင် ရာပြည့်စကား
အတွေးချင်း အမြင်ချင်း တူတာတွေ ရှိကြမည်။ မတူတာတွေ ရှိကြမည်။ ကိုယ့်အတွေး ကိုယ့်အမြင်ကို ဖြောင့်မှန်စွာ တင်ပြခွင့် ရှိရပေမည်။ မတူတာတွေကို ညှိနှိုင်းပြီး အဖြေရှာဖို့ ကြိုးစားကြရပေမည်။ ကမ္ဘာကြီးသည် ဗဟုဝါဒခေတ်သို့ ရောက်နေပေပြီ။ အတွေးအမြင်အသီးသီးကို အပြန်အလှန် လေးစားသမှုဖြင့် ညှိနှိုင်းအဖြေထုတ်သော တိုင်းနိုင်ငံများသည် ငြိမ်းချမ်းသာယာ တိုးတက် စည်ပင်နေကြပေပြီ…. ဟူ၍လည်း အတွေးအမြင်စာစောင်၏ မာလိန်မှူးကြီး ဆရာမောင်ဝံသက အတွေးအမြင်အုပ်တစ်ရာမြောက် စာစောင်တွင် အမှတ်တရ ရေးသားခဲ့သည်။
အတွေးအမြင် အုပ်နှစ်ရာမြောက် ဥဒါန်း
စဉ်းစားဆင်ခြင်ခြင်းသည် လူ၏တန်ဘိုးတစ်ခု ဖြစ်သည်။ လူ၏အရည်အသွေးလည်း ဖြစ်သည်။ လူနှင့်တိရစ္ဆာန်အကြား အဓိက ကွာခြားချက်မှာ လူက စဉ်းစားဆင်ခြင်တတ်ခြင်းဖြစ်သည်။ သို့စဉ်လျှက် စဉ်းစားခြင်းကို အလေ့အကျင့်မလုပ်သော လူမည်ကာမတ္တများစွာ ရှိနေသေးရာ ထိုသူများအား အတွေးအမြင် အပါအ၀င် စာအုပ်စာပေများက စဉ်းစားကြပါ၊ တွေးခေါ်ကြပါ၊ ဆင်ခြင်ကြပါ ဟု အခါမလပ် နှိုးဆော်နေရပေသည်။
လူသည် မစဉ်းစားပဲနေသည့်အကျင့် ကြာမြင့်လာသောအခါ မစဉ်းစားတတ်တော့ချေ။ စဉ်းစားခြင်းသည် မိမိတို့အလုပ်မဟုတ် ဟူ၍ပင် ထင်မြင်လာတတ်ကြသည်။ အချို့ကမူ စဉ်းစားလျှင် ဦးနှောက်ခြောက်လာသည်ဟု ဆိုသည်အထိ လူ၏ အရည်အသွေးများ ပျောက်ပျက်ကုန်တော့သည်။ အတွေးအမြင်စာစောင်သည် အမှတ်(၂၀၀) ပြည့်မြောက်ခဲ့လေပြီ။ အတွေးအမြင်အနေဖြင့် ပိတ်ထားသော အသိဥာဏ်တံခါးများကို အကြိမ်(၂၀၀) ဖွင့်ခဲ့လေပြီ။
အတွေးအမြင်နှင့် ပရိသတ်
တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် ခံယူနှလုံးသွင်းလျှက် စာဖတ်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း အားဖြင့် စဉ်းစားဥာဏ် ရင့်သန်လိုသူများ၏ အစဉ်တစိုက် အားပေးချီးမြှောက်မှုကြောင့် အတွေးအမြင်သည်ကား အရှိန်အဟုန်မပျက် ခရီးဆက်လျှက် ရှိနေပေပြီ။
အတွေးအမြင် စတင်ထုတ်ဝေခဲ့ချိန်မှစ၍ စီစဉ်သူများ၏ ရည်ရွယ်ချက်မှာ တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် လုပ်သည့်အကျင့်ကို အားပေးရန်ဖြစ်သည်။ အတွေးအမြင်သည် အပျင်းပြေ၊ အပျော်ဖတ်စာပေများနှင့် အရောင်အသွေး၊ အမွမ်းအမံ၊ အခြယ်အသများကို နေရာမပေးပဲ စာကောင်းပေမွန်သန့်သန့်ချည်း ဖော်ပြသော စာစောင်အဖြစ် ရပ်တည်နိုင်သည်မှာ အတွေးအမြင်စာစောင်၏ ဦးတည်ချက်ဖြစ်သော စာကို အလေးအနက် ဖတ်၍ အတွေးနက်နက် ဖြန့်ကြက်လိုသူများအတွက် ဆိုသည့် ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်ခြင်းပင် ဖြစ်သည်ဟု မိုးကုတ်မီဒီယာကလည်း ယုံကြည်သည်။
သို့သော်ငြားလည်း အတွေးအမြင်ကို လေးလေးစားစား တန်ဘိုးထားပြီး ဖတ်ရှုအားပေးသူများ ရှိသလို မြန်မာနိုင်ငံတွင် အတွေးအမြင်ဟူသော စာစောင် ထုတ်ဝေခဲ့သည်မှာ သက်တမ်းအားဖြင့် (၂၅)နှစ် တိုင်တော့မည် ဆိုသည့်တိုင် လုံးဝမသိ၊ ကြားတောင် မကြားဖူးဘူး ဆိုသူတွေများကလည်း ဒုနှင့်ဒေးပင်။
အတွေးအမြင်ဟူသော လှေကြီးသည်ကား အတွေးအခေါ်အယူအဆများစွာကို တင်ဆောင်လျှက် လှိုင်းလုံးကြီးများကြားဝယ် မလွန့်မလူး၊ မနစ်မမြုပ် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရွက်လွှင့်နေဆဲ…
အတွေးအမြင်အတွက် မုဒိတာစကား
အတွေးအမြင်သည်ကား အုပ်(၂၀၀)မြောက်ခဲ့လေပြီ။ အတွေးအမြင်၏ တံခါးမှူးကြီးများက အသိဥာဏ်တံခါး အကြိမ်(၂၀၀) ဖွင့်နိုင်ခဲ့ပြီ။ သက်တမ်းအားဖြင့်ဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်နီးပါး တိုင်ခဲ့ပေပြီ။ အတွေးအမြင်၏ ဖွားဖက်တော် ကလေးငယ်တစ်ယောက်သည်ပင်လျှင် ယခုအချိန်တွင် သမ္မတ လုပ်နိုင်လောက်သည့် အရွယ်ပင် ရောက်နေရော့ပြီ။ ယခုလို ထူးခြားသော အခါသမယ၀ယ် အတွေးအမြင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ခဲ့ကြသည့် ဥယျာဉ်မှူးကြီးများ၊ အတွေးအမြင်ကို လှိုင်းထန်လေဒဏ် အကြား မလွန့်မလူး မနစ်မမြှုပ်ရလေအောင် ပဲ့ကိုင်မောင်းနှင်ခဲ့ကြသော မာလိန်မှူးကြီးများ၊ အတွေးအမြင်၏ မူဝါဒများ၊ ရည်ရွယ်ချက်များကို မတိမ်းမစောင်း မယိမ်းမယိုင်ရလေအောင် တည်ဆောက်ခဲ့ကြသော ဗိသုကာကြီးများအား မိုးကုတ်မြို့မှနေ၍ သဟာယစာပေဆုကို ဂုဏ်ယူအပ်နှင်း ချီးမြှင့်ခြင်းခံရသည် ဖြစ်သည့်အတွက် မိုးကုတ်မီဒီယာကလည်း ဤနေရာမှနေ၍ မုဒိတာစကားကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မြွက်ကြား ဖော်ပြအပ်လေသတည်း။
S.T.A
Posted by မိုးကုတ်မီဒီယာ at 9:45 AM 1 comments
Labels: Literature
Saturday, October 25, 2008
နိုင်ငံရေး လူတိုင်းနှင့်ဆိုင်သည်
ပုဒ်မ ၅၀၅(ခ) - အစိုးရကို အကြည်ညိုပျက်စေမှု
ပုဒ်မ ၂၉၇(က) - သာသနာကို ညှိုးနွမ်းစေမှု
ပုဒ်မ ၁၄၅ - ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု
ပုဒ်မ ၁၄၇ - ရုံးရင်းဆန်ခတ်မှုတွင် ပါဝင်ကျူးလွန်မှု
ပုဒ်မ ၁၅၂ - တာဝန်ဝတ္တရား နှောင့်ယှက်မှု တို့ ဖြစ်ကြသည်။
၎င်း၏အမှုကို မန္တလေး အိုးဘို ထောင်တွင်းတရားရုံးက စစ်ဆေးခဲ့ပြီး တရားခွင်တွင် မိသားစုဝင်များ လာရောက်ကြားနာခွင့် မရရှိပဲ စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကိုမင်းသူအား ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက ၂၀၀၇-စက်တင်ဘာလ (၂၅)ရက်နေ့ ည(၁၁)နာရီအချိန်တွင် ၄င်း၏နေအိမ်၌ အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
ယခုလို ကိုမင်းသူအား ဖမ်းဆီးထောင်ချလိုက်ခြင်းသည် ယခင်က ဖဆပလ ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်သာခင် အား ဖမ်းဆီးထောင်ချပြီးသည့်နောက်ပိုင်း နိုင်ငံရေးလုပ်ဆောင်မှုဖြင့် ထောင်ကျသည့် မိုးကုတ်မြို့၏ ထင်ရှားသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ သခင်သာခင်သည် ဖဆပလ အဖွဲ့ချုပ်တွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် နိုင်ငံရေးအမြင်တွင်လည်း ထိုခေတ်အခါက ရှေ့တန်းရောက်ခဲ့သူတစ်ဦးဖြစ်သည်။ သခင်သာခင်ကို မိုးကုတ်မြို့နယ် ကင်းရွာတွင် မွေးဖွားခဲ့သည်။
ကိုမင်းသူ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
ကိုမင်းသူအား မိုးကုတ်မြို့နယ် ရေပူကျေးရွာတွင် ရှမ်းတိုင်းရင်းသားများဖြစ်ကြသော အဖ ဦးလှအောင်နှင့် အမိ ဒေါ်ခင်ကြည် တို့မှ ၁၉၆၁-ခုနှစ် သြဂတ်လ (၁၀)ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၇၇-ခုနှစ်တွင် မိုးကုတ် အထက(၁)မှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ၁၉၈၁-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ နိုင်ငံရေးလှုပ်ရှားမှုတွင် မိုးကုတ်မြို့၌ ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၈၈-ခု နိုဝင်ဘာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သို့ဝင်ရောက်ခဲ့ပါသည်။
၁၉၈၉-ခု ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့မှုကြောင့် မန္တလေးထောင်၌ (၂)နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။ ၂၀၀၂-ခုနှစ်တွင် NLD မြို့နယ်စည်းရုံးရေးကော်မတီ၏ တာဝန်ပေးချက်အရ မြို့နယ်စည်းရုံးရေးကော်မတီဝင်နှင့် လူငယ်ရေးရာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၃-ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်ခရီးစဉ်အပြီးတွင် ခြောက်လနီးပါးခန့် ထိန်းသိမ်းခံခဲ့ရပါသည်။ လက်ရှိတွင် မိုးကုတ်မြို့နယ် NLD စည်းရုံးရေးကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ထပ်မံ ဖမ်းဆီးခံခဲ့ရပါသည်။ ယခု အကျဉ်းကျခံနေရချိန်တွင် အသက် (၄၇)နှစ်ရှိပြီဖြစ်သည်။ ဇနီးဖြစ်သူမှာ မနန်း(ခေါ်)မခင်ကြည်ဝင်း ဖြစ်ပြီး သမီး(၂)ယောက်၊ သား(၁)ယောက် ရှိပါသည်။
KT
Posted by မိုးကုတ်မီဒီယာ at 10:53 AM 0 comments
Labels: News
Thursday, October 16, 2008
သီတင်းကျွတ်မြင်ကွင်း
ဤကား ကလေးနှစ်ယောက် ပူဆာလွန်းသဖြင့် ဖခင်ဖြစ်သူက လိုက်ပို့သော သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းပင်တည်း။
ယခုနှစ် သီတင်းကျွတ်အခါသမယသည် မိုးလေမကင်းလွှတ်ပဲ မိုးတဖွဲဖွဲ ကျပါသည်။ လမ်းမများတွင်ကား မိုးရေတစက်စက်၊ ဗွက်တဗြက်ဗြက် ဖြစ်နေလေသည်။ ယခုနှစ်တွင် မိုးကုတ်သီတင်းကျွတ်သည် သိပ္ပံခေတ်သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်နှင့်အညီ ရှေးကနှင့်မတူပဲ လျှပ်စစ်မီးများဖြင့် ထိန်ညီးအောင် အလှဆင်ကြပါသည်။ သို့သော် လျှပ်စစ်မီးမလာသော ရပ်ကွက်များတွင်ကား မှောင်နှင့်မည်းမည်း အခက်ကြုံရလေသည်။ ဖယောင်းတိုင်ထွန်းရအောင်မူကား ခေတ်ကာလကုန်ဈေးနှုံးအရ မတတ်နိုင်။ မီးစက်ခုတ်ရအောင်မူကား တွက်ခြေမကိုက် ဖြစ်ကြရလေသည်။ အရေးထဲအရာပေါ်ဆိုသလို လေကလည်း တဖြူးဖြူး ဖြစ်နေ၍ အခက်တွေ့ကြရလေသည်။
လူငယ်လူရွယ် မြီးကောင်ပေါက်များမှာကား အ၀တ်အစားအသစ်ဝတ်၍ ဟန်ရေးပြစရာ နေရာကမရှိ။ ချစ်သူရည်းစားရှိသူတို့ အဖို့ကား စတိတ်ရှိုးကြည့်ရန် အကြောင်းပြပြီး အိမ်ကထွက်ရန်ကလည်း ဆင်ခြေမပေးနိုင်၍ ယောင်ချာချာ ဖြစ်ကြရလေသည်။
ကလေးများအဖို့မူကား သွားစရာ လည်စရာ နေရာကမရှိ၊ ကြည့်စရာပွဲကလည်း မရှိ ဖြစ်ရကား အဘိုးအဘွားများကို ကန်တော့၍ ရရှိလာသော မုန့်ဘိုးအကုန်လုံးကို မီးရှူးမီးပန်းများ ၀ယ်၍ အသားကုန် လွှတ်ကြသည်။ ဗြောက်များ လိမ့်ဖောက်ကြသည်။ အသံမြည်လျှင် မျောက်အုပ်အော်သကဲ့သို. ၀ိုင်းအော်ကြသည်။ ဤကား ကလေးငယ်များ၏ ပျော်ရွှင်နည်းတည်း။
သို့သော်ငြားလည်း ကလေးများ၏ အပူဆာခံရသော မိဘများမှာမူကား လက်တွင် ထီးကို ကိုင်ဆွဲလျှက် ကလေးငယ်များကို ကျောပိုးတန်ပိုးပြီးသကာလ ဦးတည်ရာမဲ့ လမ်းသလားလျှက် ရှိနေကြသည်ကိုလည်း အတိုင်းသားမြင်ခဲ့ရသည်။ ယခုနှစ် မိုးကုတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည်ကား သံသယဖြစ်ဖွယ် မလိုအောင် ပျင်းခြောက်ခြောက်ကြီး ဖြစ်လေ၏။
STA
Posted by မိုးကုတ်မီဒီယာ at 9:20 AM 0 comments
Labels: Feeling
Wednesday, October 8, 2008
ရေကြီးပြန်ပြီ
တကယ်တော့ မိုးကုတ်ဆိုတဲ့မြို့ဟာ မြစ်တွေနဲ့လည်း မနီး၊ မြေပြန့်ဒေသလည်း မဟုတ်ပြန်။ တောင်တန်းပေါ်မှာ ရေတွေ ကြီးနေတာရယ်၊ နောက်ပြီး လူတွေ ဆိုးရွားစွာ ခံနေရတဲ့ ဒုက္ခတွေအပေါ်မှာ ဒါဟာ မကြာခဏဖြစ်တတ်တဲ့ ကိစ္စပါ…၊ ထုံးစံပါပဲ…၊ ၀ဋ်ကြွေးပဲပေါ့… ဆိုပြီး ကျနော်တို့ မီဒီယာအနေနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သိရှိအောင်၊ နိုင်ငံကို အုပ်ချုပ်နေကြတဲ့ လူကြီးလူကောင်းတွေ သိရှိအောင်၊ အဝေးတစ်နေရာကို ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေ သိရှိအောင် မဆောင်ရွက် မတင်ပြပဲ လျစ်လျူရှုခဲ့မယ်ဆိုရင် ရေဘေးဒဏ်ကို အမြဲခံနေရတဲ့ လူတွေရဲ့ ဒုက္ခကို မစာနာရာ ရောက်တယ်လို့ ယူဆမိပါတယ်…။
ဒီတခေါက် ရေကြီးရတာလည်း အရင်အတိုင်းလိုပါပဲ…။
မိုးသည်းထန်စွာရွာတယ်။
ရေနီချောင်းတလျှောက် တာရိုးတွေ မခံနိုင်လို့ ကျိုးတဲ့နေရာ ကျိုးတယ်။
ရေကြီးတယ်။
ဒါပါပဲ…။
မိုးရွာရင် ရေကြီးမှာပေါ့။ မထူးဆန်းပါဘူး။ ဒါပေမယ့် ရေကြီးတိုင်း လူနေရပ်ကွက်တွေ နစ်မြှုပ်ကုန်တာ…၊ ကတ္တရာလမ်းမကြီးတွေ ပျက်စီးကုန်တာ…၊ မြို့ရဲ့ အလှအပတွေကို ထိခိုက်ကုန်တာ…၊ ဒါ့အပြင် လူတွေ ရေထဲမျှောပါပြီး သေဆုံးရတာတွေတောင် ရှိပါတယ်။ ဒီတစ်ခေါက်တော့ လူမသေပါဘူး။ ဒါပေမယ့် ရေတွေ တဟုန်ထိုး ၀င်ဆောင့်လို့ တစ်ထပ်တိုက်တစ်လုံးတော့ လုံးဝ ပျက်စီးသွားတယ်။
မနေ့ညက အိပ်ယာဝင်ခါနီးအချိန်မှာ မိုးတွေ သည်းသည်းမဲမဲကို ရွာလာတယ်။ နာရီကို ကြည့်လိုက်တော့ ဆယ်နာရီဝန်းကျင်။ ဒီလို မိုးသည်းတာ သုံးလေးနာရီ ဆက်သွားပြီဆိုရင် ဗေဒင်မေးစရာတောင် မလိုဘူး။ ဖားအော်သံလည်း နားထောင်စရာ မလိုဘူး။ မနက်ကျရင် ဘယ်နေရာမှာ ရေနစ်တော့မယ်ဆိုတာ မြို့သူမြို့သားတွေက အတပ်သိပြီးသား။ ဒီအတွက်ကြောင့်လည်း ည အိပ်ယာဝင်ရတာ စိတ်တထင့်ထင့်နဲ့ပဲပေါ့။
မြေကြီးလက်ခတ် မလွှဲပါပဲ။ မနက်လင်းတော့ တာရိုးတွေကျိုးပေါက်ပြီး ရေတွေ လျှံထွက်လာလို့ ကတ္တရာလမ်းမကြီးပေါ်ကို ရေနီတွေ အူယားဖားယား ပြေးလွှားနေတာကို မြင်ရတော့တာပါပဲ။
ရေတွေ ပေါက်ထွက်ကုန်ပြီဟေ့ လို့လည်း တစ်ယောက်နဲ့တစ်ယောက် မိုးရွာနေတဲ့ကြားက အသံမြှင့်ပြီး အော်ပြောနေကြတယ်။ သတင်းတွေ လက်ဆင့်ကမ်းနေကြတယ်။ ရေကြီးတဲ့နေရာတွေကို အပြေးအလွှား ရောက်လာကြတယ်။ ခပ်များများက ကြည့်မယ့်သူတွေ၊ စနည်းနာမယ့်သူတွေ။ ရဲလိုလို ကြံ့ဖွံ့လိုလို လူတွေလည်း ပါရဲ့။ သူတို့လက်ထဲမှာ ကိုင်ထားတာက စကားပြောစက် ကိုယ်စီ။ ရဲတွေကလည်း ရထား… ရထား… ရေကြီးနေတယ်… ဒါပဲ…။ ကြံ့ဖွံ့ကလည်း ရေကြီးနေတယ်…၊ ဆက်လုပ်… ဒါပဲ…။ ခါတိုင်း ဆိုင်ကယ်တစ်စီးနဲ့ ပိုက်ဆံလိုက်ကောက်နေကျ စည်ပင်ဆိုတာကြီးလည်း မမြင်။ လူတွေကလည်း ဘယ်ကစပြီး ဘာလုပ်ရမှာလည်း မသိ။ ကျီးကြည့်… ကြောင်ကြည့်…။ သဲတွေကို အိပ်ထဲ စထည့်နေတာက ကြက်ခြေနီ…။ တိုင်တွေကို ငုတ်ရိုက်နေတာက မီးသတ်…။
တကယ်ဆိုရင် ကိုယ်သိနေတာက ကြက်ခြေနီဆိုတာ လူနာကို ပြုစုပေးရမည့်သူ။ ပတ်တီးနဲ့ ဂွမ်းတွေကို အိတ်ထဲ ထည့်ထားပြီး အနာကို အရက်ပျံနဲ့ လောင်းပေးမယ့်သူ။ မီးသတ် ဆိုတာကလည်း မီးလောင်နေရင် ခေါ်စရာမလိုပဲ လာပြီး ငြိမ်းပေးမယ့်သူ။ မီးသတ်ကားကို မောင်းနေတုန်း လူတွေ လန့်ပြီး လမ်းဖယ်အောင် ဥသြဆွဲတဲ့သူ။ ဒီလောက်ပဲ သိသည်။
အခုတော့ ကြံ့ဖွံ့ ဆိုတာလည်း မမြင်မိ။ စွမ်းအားဆိုတဲ့ဟာလည်း ဒီနေရာမှာ လာမစွမ်း။ အမျိုးသမီးရေးရာကတော့ ထားတော့။ ဒါမျိုးက ယောင်္ကျားတွေအလုပ်။ ရဲတွေကလည်း ၀င်မပါ။ စစ်သားလည်း မလာ။ ရဲတွေခမျာတောင် အလုပ်ရှုပ်ဟန်ဆောင်ဖော် ရသေးသည်။ အထက်ကို အချိန်နှင့်တပြေးညီလည်း တင်ပြနေကြသည်။ စကားပြောစက်သံကလည်း တရှီးရှီး တရှဲရှဲ။ ဒီနေရာမှာ ကိုယ်သာ သမ္မတဖြစ်ကြည့်။ သူတို့ကို ဦးဆုံး ရေထဲ ဒိုင်ဗင်ထိုးခိုင်းမည်။ ယောင်ပေပေလုပ်နေတဲ့ သူကို နောက်နား တိတ်တိတ်လေးသွားပြီး ဆောင့်ကန်ကာ လုပ်နေသူကို ကူခိုင်းမည်။
အခုတော့ မြို့လူထုခမျာ ဘာမဆို ကိုယ်ထူကိုယ်ထ၊ ကိုယ်ဖြစ်ကိုယ်ခံ။ ကတ္တရာလမ်းဆိုရင်လည်း ရပ်ကွက်ထဲ ခွဲတမ်းနဲ့ ထည့်ရ။ ဓာတ်တိုင် ဆိုပြန်တော့လည်း ကိုယ့်အိတ်ထဲက စိုက်ရ။ ထရမ်စဖော်မာအိုး ဆိုပြန်တော့လည်း လှည့်အလူခံရသေး။ မီးသတ်ကားဆိုပြန်တော့လည်း စုပြီး စိုက်ဝယ်လိုက်ရ။ ဆေးရုံဆိုတော့လည်း လူထု။ စာသင်ကျောင်း ဆိုလည်း လူထု။ လာပြန်ပြီ မာတီမီဒီယာ၊ ဒါလည်း လူထု။ ၀န်ကြီးလာသွားတုန်း လှူသွားတာက ဂျပ်ဖာပုံး။ ကျောင်းအိမ်သာကအစ၊ ရပ်ကွက်ရုံးအလယ်၊ တယ်လီဖုန်းအဆုံး ဘယ်အရာမဆို မြို့လူထုက ကုန်ကျရ။ ကုန်ကျရ။ ကုန်ကျရ။
ကြာလာတော့ မြို့လူထုက စီးပွားရေးလည်း တဖြည်းဖြည်း ကျပ်တည်းလာ။ လုပ်စား ကိုင်စားရတာကလည်း အဆင်မပြေ။ ရှာစားဖွေစားရတာကလည်း ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ ဆိုတော့ ကိုယ်ထူကိုယ်ထရတာ ပင်ပန်းလာတော့သည်။ မထူချင် မထချင်၊ မထူနိုင် မထနိုင်တော့။
စိုင်းထီးဆိုင်သီချင်းထဲက စာသားတချို့ကိုသာ ပြန်ကြားယောင်လာမိသည်…
ခေါင်မိုးကမလုံတော့ xxx မိုးဒဏ်ကို xxx ခံနေရတာ xx ကိုယ်တစ်ယောက်တည်းကြောင့် မဟုတ်ဘူး xxx
ဒီလိုပါပဲ…
မိုးသည်းလို့ ရေကြီးရတာ ဒီတစ်ချက်တည်းကြောင့် မဟုတ်ဘူး…။
STA
Posted by မိုးကုတ်မီဒီယာ at 2:12 PM 1 comments
Labels: Environment
Saturday, September 6, 2008
တမ်းတခြင်းရဲ့ ပဲ့တင်သံ
ကျမရဲ့ အမျိုးသားဟာ ကိုယ်ကျိုးအတွက် အနစ်နာခံပြီး အများပြည်သူ ကောင်းကျိုးအတွက် အမှန်တရားလမ်းကြောင်းပေါ် လျှောက်နေသူတစ်ဦးပါ။ သူဟာ (၈၈)အရေးအခင်းမှာလည်း ဖမ်းဆီးထောင်ချခံခဲ့ဘူးတယ်။ နောက် ဒီပဲရင်း အရေးအခင်းပြီးတော့လည်း အဖမ်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်းမှာလည်း ထပ်အဖမ်းခံရပြန်တယ်။ အဲဒီနေ့က… ၂၅ စက်တင်ဘာ ၂၀၀၇။ ည (၁၁)နာရီ။ အခုတော့ မန္တလေး အိုးဘိုထောင်အတွင်းမှာ…။
ကျမမှာ သားသမီး (၃)ယောက် ရှိပါတယ်။ သမီးကြီးက ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ သင်တန်းတက်နေရင်း ၂၆ ရက်နေ့ စက်တင်ဘာအရေးအခင်းတုန်းက ရွှေတိဂုံခြေရင်းမှာ ဖမ်းဆီးခံခဲ့ရလို့ အထဲမှာ တစ်ပတ်လောက် နေခဲ့ရပါတယ်။ သမီးလတ်က အလယ်တန်း၊ သားငယ်က မူလတန်းပါ။
၂၅ ဒီဇင်ဘာ ခရစ္စမတ် ညနေချမ်းမှာ ကျမတို့ သားအမိ ထမင်းဝိုင်းလေးအတွင်း သမီးကြီးက အဖေအတွက်၊ အမေအတွက် ဦးချပါတယ်။ အဖေဆိုတဲ့ အသံ ကြားလိုက်တာနဲ့ မွေးကတည်းက အဖေနဲ့ မခွဲပဲ အိပ်ခဲ့ရတဲ့ သမီးငယ်လေးက အမေ… ဒီနေ့ အဖေ့ကို ဖမ်းသွားတာ ၃လပြည့်ပြီ၊ လူချင်းလဲ မတွေ့ရဘူး။ အဖေ ဘယ်လိုခံစားနေရလဲ မသိဘူးနော်… တဲ့။ မထင်မှတ်တဲ့ မေးခွန်းမို့ ကျမ ရင်နင့်သွားခဲ့ရတယ်။ သမီးငယ်ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့လေ။ သမီးတို့ အဖေဟာ ထောင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ ကျမ ဘယ်လိုပြောပြရမှာလဲ။
ဒါနဲ့ ညပိုင်း အိပ်ချိန်ရောက်လာပြန်တယ်။ မိုးကုတ် ဆောင်းကလည်း ရေခဲလောက်အောင် အေးနေတော့ သားအမိလေးယောက်လုံး စောင်အထပ်ထပ်နဲ့ ကွေးနေကြတယ်။ ကလေးတွေ အတွေးကိုယ်စီနဲ့ သူတို့အဖေကို သတိရနေကြတယ်ဆိုတာ ကျမ သိနေခဲ့တယ်လေ။ ထင်တဲ့အတိုင်းပါဘဲ… သားငယ်လေးက ကျမ လည်ပင်းကိုဖက်ပြီး အမေ.. သား ငိုချင်တယ် တဲ့။ ဘာဖြစ်လို့လဲ လို့ မေးလိုက်တော့ သားတို့ အိမ်မှာ စောင်အထပ်ထပ်ခြုံပြီး အိပ်ရတာတောင် ဒီလောက် အေးနေတာ အဖေက ထောင်ထဲမှာ စောင်ပါးလေးတစ်ထည်နဲ့ အိပ်ရတော့ ဘယ်လောက် အေးနေရှာမလဲ တဲ့…။ မအေးပါဘူးသားရယ်… အင်္ကျီတွေ ထပ်ပြီး အိပ်မှာပေါ့ လို့ နှစ်သိမ့်ပေးလိုက်ရတယ်။ ဒါပေမယ့် သားငယ်လေးက အမေရယ်.. အဖေ့ကို ခေါ်သွားတုန်းက ဒီအတိုင်း လိုက်သွားခဲ့လိုက်ရတာ အင်္ကျီအပိုမှ ပါမသွားပဲ ဘာနဲ့ ထပ်ပြီး ၀တ်ရမှာလဲ တဲ့…။ အမေ ထောင်ထဲမှာဆိုရင် ထောင်ကျတဲ့ လူတွေကကော ဘယ်လို အိပ်ရသလဲ တဲ့..။ မေးခွန်းတွေ အထပ်ထပ် မေးနေရင်း အဖေကို သတိရနေရှာတဲ့ သားလေးရဲ့မျက်နှာကို ကြည့်ပြီး ကျမ ဘယ်လို ဖြေပြနိုင်မှာလဲ…။
ဒီလိုနဲ့ ကျမတို့ သားအမိတွေ အိပ်မပျော်ခင်မှာပဲ အိမ်ရှေ့လမ်းမပေါ်က အရက်မူးသမားတစ်ယောက် ဆူပူသောင်းကျန်းနေတဲ့အသံကို ကြားနေရတယ်။ ကျမရဲ့ သားငယ်လေးက အမေ အရက်မူးသမားက ဒီလောက် ဆူပူသောင်းကျန်းနေတာကို ဘာဖြစ်လို့ ရဲတွေ လာမဖမ်းတာလဲ တဲ့…။ သားတို့အဖေကျတော့ ဘာလို့ လာဖမ်းကြတာလဲ တဲ့…။ ဒါနဲ့ ကျမ သမီးကြီးက သူ့မောင်လေးကျေနပ်အောင် ဒီလို ပြောလိုက်တယ်။ ဒို့အဖေက အမှန်တရားနဲ့ အများကောင်းကျိုးအတွက် လုပ်နေလို့ပေါ့ တဲ့…။ သားလေးက ထပ်ပြီးမေးတယ်။ အမေ… ဒါဆိုရင် အရက်မူးသမားဆိုရင် မဖမ်းဘူးလား…။ အမှန်တရားလုပ်ရင် ဖမ်းသလား…။ အများကောင်းကျိုးလုပ်ရင် အဖမ်း ခံရသလား တဲ့…။ ဒီကလေးတွေရဲ့ အနာဂတ်အတွက် သူတို့ သိချင်တဲ့ အဖြေမှန်ကို ကျမ ဘယ်လို ဖြေပြရမှာလဲ…။
ကျမ ဘ၀မှာလည်း မိခင်တစ်ယောက်အနေနဲ့ အမှန်တရားကို ပြောပြနိုင်ဖို့ ဘယ်လောက်ထိဆက်ပြီး ရုန်းကန် ခံစားနေရဦးမယ်ဆိုတာ တွေးမိရင်းနဲ့ပေါ့…။
MN
(၂၀၀၇ စက်တင်ဘာအရေးအခင်းတွင် မတရား ဖမ်းဆီးခံရသော မိုးကုတ်မြို့မှ ထိပ်တန်းနိုင်ငံရေးသမား ကိုမင်းသူ သို့ …)
Posted by မိုးကုတ်မီဒီယာ at 10:00 AM 3 comments
Labels: memorial
Sunday, August 17, 2008
မိုးကုတ်မြို့တွင် မြေပြို၍ လူသေဆုံးမှုထပ်မံဖြစ်ပွား
ဘော်ဗဒန်းကျေးရွာသည်မိုးကုတ်နှင့် လေးမိုင်ခန့်ကွာဝေးပြီး တောင်ပေါ်အမြင့်တွင် တည်ထားသောရွာဖြစ်သည်။ ကျောက်မျက်လုပ်ကွက်အများစု ကြားထဲတွင် တည်ရှိနေသော ရွာတစ်ရွာဖြစ်သည်။ ကျောက်မျက်လုပ်ကွက်များမှာလည်း မြေအောက် ပေထောင်ချီအနက်တွင်ရှိသော ကျောက်တောင်များအတွင်းသို. လှိုဏ်ခေါင်းများတူးကာ လုပ်ကိုင်လျက်ရှိကြသည့် ခဲတွင်း များဖြစ်ကြပြီး မြေအနေအထားအရ အချိန်မရွေး အန္တရာယ်ရှိနိုင်သော နေရာဖြစ်သောကြောင့် ရွာသားများမှာ ထိတ်လန့်လျှက် ရှိနေကြသည်။ ၄င်းနေရာတွင် နာမည်ကျော် ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီကြီးသည်လည်း နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်လျှက် ရှိပါသည်။
TP
Posted by မိုးကုတ်မီဒီယာ at 5:34 PM 1 comments
Labels: News