သဟာယစာပေဆုကို ယခင်နှစ်များက တစ်နှစ်လျှင် ဆုတစ်ဆုစီသာ ချီးမြှင့်ခဲ့သော်လည်း ယခု တတိယအကြိမ်မြောက် သဟာယစာပေဆုတွင် ဆုနှစ်ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ တတိယအကြိမ် သဟာယစာပေဆုကို အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အား ပေးအပ်ချီးမြှင့်မည်ဖြစ်သည့်အကြောင်း ဆုရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုထပ်မံ၍ တိုးချဲ့ချီးမြှင့်မည့် သဟာယစာပေဆုကိုမူ စာရေးဆရာမ ဂျူး ၏ သူ မင်းကို ဘယ်တော့မှ… ဆိုသည့် စာအုပ်အား ရွေးချယ်လိုက်သည့်အကြောင်း ဆုရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါသည်။ ဆုရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်တွင် ၄င်းစာအုပ်နှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ… စာရေးဆရာ၏ ရှုထောင့်မှနေ၍ လက်ရှိကြုံတွေ့နေရသည့် မျက်မှောက်လူမှုဘ၀ အကျပ်အတည်း အနေအထားကို ၄င်း၏ ကလောင်စွမ်းဖြင့် ခြယ်မှုန်းပြသနိုင်သည်ဟု ယူဆသည့်အတွက် ရွေးချယ်ရခြင်းဖြစ်သည် ဟု ပါရှိသည်။
ဂျူး Profile
အမည်ရင်း တင်တင်ဝင်း၊ ၁၉၅၈ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် မကွေးတိုင်း ရေနံချောင်းမြို့၌ ဖွားမြင်ခဲ့။ မွေးချင်း (၅)ယောက်တွင် အလတ်ဖြစ်၊ မန္တလေး ဆေးတက္ကသိုလ်မှ ၁၉၈၃-ခုနှစ်တွင် ဆရာဝန်ဘွဲ့ (M.B.B.S) ရရှိခဲ့။ ပထမဆုံးဝတ္ထုမှာ သက်ငင်ချစ် (၁၉၈၁-ခု ဇွန်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် ဖော်ပြခံရ)၊ ပထမဆုံးလုံးချင်းဝတ္ထု စာအုပ်မှာ အမှတ်တရ (၁၉၈၇) ဖြစ်သည်။
ဂျူးသည် ကျောင်းနေစဉ်ကာလကပင် မိခင်၏စေ့ဆော်မှုဖြင့် စာရေးဆရာ ဓူဝံ၏ မာလာဝတ္ထုရှည် ကိုစတင်ဖတ်ရင်း စာရေးဆရာဖြစ်ချင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အခါတွင်လည်း မိခင်၏တိုက်တွန်းချက်ကြောင့်ပင် ဆေးတက္ကသိုလ်သို. တက်ရောက်သင်ကြားခဲ့သည်။ ရေနံချောင်းဒေသကောလိပ် နှစ်လည်မဂ္ဂဇင်းတွင် ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့ ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားဖော်ပြခံရသည်။ မန္တလေးဆေးတက္ကသိုလ် မဂ္ဂဇင်းတွင်လည်း ၀တ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရှုမ၀ရုပ်စုံမဂ္ဂဇင်း၊ ချစ်ကိုယ်တွေ.ကဏ္ဍတွင် သက်ငင်ချစ် ၀တ္ထုတိုတစ်ပုဒ် စတင်ရေးသားပြီး မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ခြေချလာသည်။ ရှုမ၀ရုပ်စုံမဂ္ဂဇင်း၌ ကဗျာ၊ ၀တ္ထုတိုများရေးသားဖွဲ.ဆိုလာရင်း မျိုးဆက်သစ် အမျိုးသမီးစာရေးဆရာအဖြစ် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူဘ၀မှာပင် ထင်ရှားလာသည်။ နောက် ပေဖူးလွှာမဂ္ဂဇင်းတွင်လည်း ၀တ္ထုတိုများနှင့် မဂ္ဂဇင်းဝတ္ထုရှည်(အမှတ်တရ) စာပေလက်ရာများဖြင့် ကျော်ကြားလာခဲ့သည်။ ဒဂုန်၊ စံပယ်ဖြူ၊ ချယ်ရီ၊ မဟေသီ၊ ကလျာ၊ ဟန်သစ် မဂ္ဂဇင်းများတွင် ၀တ္ထုတိုလက်ရာများအပြင် စာပေဆောင်းပါးများ၊ ရုပ်ရှင်ခံစားမှုဆောင်းပါးများ ရေးသားတင်ပြခဲ့သည်။
ပထမဆုံးလုံးချင်းဝတ္ထု စာအုပ်ထွက်ပြီးနောက်ပိုင်း ဆက်လက်ရေးသားထုတ်ဝေလာသော လုံးချင်းဝတ္ထုများမှာလည်း ထင်ရှားအောင်မြင်ခဲ့သည်။ ကြာတော့သည်လည်းမောင့်စကား (၁၉၈၆)၊ ကြေမွသွားသောတိမ်တိုက်များအကြောင်း (၁၉၉၁)၊ မရှိမဖြစ်မိုး (၁၉၉၂)၊ မြစ်တို့၏မာယာ ၊ နံရံ၏အခြားတစ်ဖက်မှာ (၁၉၉၃)၊ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက် (၁၉၉၄)၊ ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉၉၅)၊ ပင်လယ်နှင့်တူသော မိန်းမများ (၁၉၉၆)၊ မြစ်တို့၏မာယာ (၁၉၉၉)၊ ကျွန်မ၏သစ်ပင် (၁၉၉၇)၊ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ (၁၉၈၀)၊ ချစ်သူလေလား... စကားတစ်ပွင့် ပွင့်ခဲ့တယ် (၂၀၀၃)၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ၊ လရောင်အောက်ဖက် မိုင်အဝေးမှာ ၊ တိမ်နှင့်ချည်တဲ့ကြိုး ၊ စောင့်နေမယ်လို့ မပြောလိုက်ဖူး၊ ကြယ်ကြွေတို့ရဲ့ အတောင်ပံ စသဖြင့်… ။
ဝတ္ထုတို လုံးချင်းစာအုပ် ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉၈၈)၊ ကောင်းကင်မပါသောညနှင့် အခြားဝတ္ထုတိုများ (၁၉၉၁) စသဖြင့်… ။
ဂျူး၏ အမှတ်တရ လုံးချင်းဝတ္ထုသည် မြန်မာစာပေလောကအတွင်း အဝေဖန်ခံရဆုံးသော စာပေလက်ရာဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ပြောစမှတ်ပြုခံရသော ၀တ္ထုရှည်လက်ရာများဖြင့် သုံးသပ်ဖော်ကြူးခံရသည်။ ဥပမာ- မလိခ၏ မြန်မာဝတ္ထုအညွှန်းတွင် ပင်လယ်နှင့်တူသောမိန်းမ အား အကောင်းဆုံးလက်ရာ (Masterpiece) အဖြစ် ညွှန်းဆိုဖော်ပြထားသည်။ လုံးချင်းဝတ္ထုရှည်များသည်လည်း ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်းခံရသည်။
ဂျူးသည် ၀တ္ထုရေးဆရာမ (Novelist) စစ်စစ် ဖြစ်ပါသည်။ ၀တ္ထုတို၊ ၀တ္ထုလတ် (Novelette)၊ မဂ္ဂဇင်း ၀တ္ထုရှည်များနှင့် လုံးချင်းဝတ္ထုရှည်များ တခုတ်တရ ရေးသားတင်ဆက်နေသူပင်။ ထို့ပြင် ကလျာမဂ္ဂဇင်းတွင် ကျွန်မဖတ်ခဲ့သောစာအုပ်များ (လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်) ဆောင်းပါးများနှင့် ဟန်သစ်မဂ္ဂဇင်းမှ ဗွီဒီယိုရုပ်ရှင်ခံစားမှု ( မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်း အမည်ဖြင့် လုံးချင်းစာအုပ် ထုတ်ဝေခဲ့သည်)၊ ဂျူး၏ ဆောင်းပါးများသည် စာဖတ်ပရိသတ် မပြတ် ဖတ်ခဲ့ရသော ဆောင်းပါးလက်ရာ များဖြစ်ခဲ့သည်။ ယခု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးလက်ရာများ ရေးသားလျှက် ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးဆိုင်ရာပြဿနာ၊ နိုင်ငံတကာရေးရာ၊ မြို့ပြရေးရာဆိုင်ရာ ဆောင်းပါးများ ရေးသားနေရာ စာဖတ်ပရိသတ်များ အဆက်မပြတ် ဖတ်နေရဆဲဖြစ်သည်။ ဥပမာ- အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ၊ ကျွန်မချစ်သောမြို့ စသဖြင့် လုံးချင်းစာအုပ်များအဖြစ် ထုတ်ဝေလျှက်ရှိသည်။
ထင်ရှားသောဆောင်းပါးလက်ရာ စာအုပ်များအနက် မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်းမှ အော်လန်ဒို ရုပ်ရှင်ခံစားမှု ဆောင်းပါးတွင် (အော်လန်ဒိုကို ကြည့်ပြီးသည့်အခါ ကဗျာတစ်ပုဒ်၏ လှပမှုကို ရလိုက်သည်။ စိတ်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ရလိုက်သည်။ မိန်းမ-ယောက်ျားဟူသော သတ်မှတ်ချက်ထက် လူသားဟူသော ပေါင်းစည်းမှုကို တွေ့ရသည်) ဟု ရုပ်ရှင်ကားအပေါ် ခံစားတင်ပြခဲ့ပါသည်။
အခြား စာရေးဆရာ ဆရာမများနှင့် တွဲဖက်၍ ၀တ္ထုစာစဉ်များတွင်လည်း ပါဝင်ရေးသားခဲ့သည်။ ဥတ္တရလမင်း ခံစားသူအကြိုက် ၀တ္ထုတိုများ၊ မြန်မာဝတ္ထုတိုအဖွင့်၊ ရာစုသစ်သို့ ပျံသန်းခြင်း၊ နားကြပ်ကိုကိုင် ကလောင်ကို ကိုင်ဆွဲ၊ ပန်းတို့ရဲ့ရနဲ့၊ မြန်မာဝတ္တုတို (၂၀၀၁-၂၀၀၅)၊ အခြားစာစဉ်များတွင်လည်း ပါဝင်ရေးသားသည်။
ထို့ပြင် ဂျူး၏ ရေမျောသီး ၀တ္ထုတိုကို အဆိုတော် ဟေမာနေ၀င်း ကလည်းကောင်း၊ မြရဲ့လ ၀တ္ထုတိုကို အဆိုတော် ထူးအိမ်သင် ကလည်းကောင်း ဖတ်ကြားအသံသွင်းကာ တိတ်ခွေအဖြစ် (၁၉၉၇)တွင် ဖြန့်ချီခဲ့ပါသည်။
ဝတ္ထုရေးဆရာမ (Novelist) အဖြစ် မြန်မာစာပေလောကတွင် ထင်ရှားအောင်မြင်နေသော ဂျူး၏ စာရေးဆရာမ ဘ၀အတွေ့အကြုံများမှာ စိတ်ဝင်စားစရာပင်။
ကျွန်မ ကြည်အေးရဲ့ ၀တ္ထု ကဗျာ တော်တော်များများကို သဘောကျတယ်။ တစ်ခါတလေမှာ (Style) ချင်း သွားတူတာကို ကျွန်မကိုယ်တိုင်လည်း သတိထားမိလိုက်တယ်။ အခုနောက်ပိုင်း ကျွန်မရဲ့ ၀တ္ထုတွေမှာ ကြည်အေးရဲ့ (Style) နဲ့ လုံးဝကင်းရှင်းပြီး သီးသန့်ဖြစ်အောင် ကြိုးစားနေပါတယ်။
ကျွန်မဟာ စာမရေးဘဲ မနေနိုင်လို့ ရေးတာပါ။ ကျွန်မရဲ့ဦးနှောက်ကို အလိုလိုက်တဲ့ လက်ရဲ့ ဖန်တီးမှုသက်သက်သာ ဖြစ်ပါတယ်လို့ ကျွန်မရေးခဲ့ပါတယ်။ ဒါ ကျွန်မရဲ့ ရိုးသားပွင့်လင်းစွာ ၀န်ခံမှုပါ။
ဂျုး သည် နိုင်ဝင်းဆွေ ၏ နွေတစ်ည လုံးချင်းဝတ္ထုကို နှစ်ခြိုက်သလို ဖြစ်တည်မှုပဓာနစာရေးဆရာ ဖရန့်ကာဖကာ (Frank Kafka) ၀တ္ထုတိုများကိုလည်း နှစ်ခြိုက်သူဖြစ်သည်။
ဂျူးနှင့်ပတ်သက်၍ စာဖတ်ပရိသတ်တစ်ဦးဖြစ်သော အင်န်ဂျီအို အဖွဲ့တစ်ဖွဲ့မှ သားသည်မိခင်တစ်ဦးက ဤသို့ သုံးသပ်ခဲ့ကြောင်း စောကျော်မြတ်ငြိမ်း ၏ မြန်မာလူမှုရှုခင်း (ဂျူးကို သူ၏ ပရိသတ်တွေ ဘယ်လိုသဘောထားကြသလဲ ဆောင်းပါး၊ သင့်ဘ၀မဂ္ဂဇင်း၊ ၁၉၉၉-ခုနှစ် အမှတ်(၁၁)တွင်) ကျွန်မကတော့ ဂျူးရဲ့စာတွေကို ဖတ်သင့်တယ် ထင်လို့ ဖတ်နေတယ်။ သူ့ရဲ့ဝတ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးအားလုံးကို ဖတ်တယ်။ ကျွန်မနဲ့ သဘောထားချင်း မတိုက်ဆိုင်တာ တစ်ခုနှစ်ခုလောက်ကလွဲရင် အများစုကိုတော့ သဘောကျတယ်။ ကျွန်မသဘောမကျတာက သူ့ဝတ္ထုတွေထဲမှာ အတ္တချင်းပြိုင်ကြတာ၊ အဲဒါမျိုးတွေ အများကြီး တွေ့ရတယ်။ ဒီသေးသေးမွှားမွှားအားနည်းချက်ကလွဲရင် ဂျူးဟာ သိပ်ကို ထက်မြက်ပါတယ်။ အနုပညာအား သိပ်ကောင်းတယ်။ သူကောင်းတာတွေက အများကြီးပဲ။ ဥပမာ… ပညာတန်ဖိုးထားတာ… နောက်ပြီး အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားမာန်၊ အတွေးအခေါ်လွတ်လပ်မှု အဲဒါတွေ တင်ပြထားတယ် ဟု ဖတ်ရှုရသည်။
ယခုအခါ ဂျူးသည် စာပေအနုပညာများ ရေးသားဖန်တီးရင်း ဂျူး စာအုပ်တိုက် ကိုထူထောင်ကာ စာအုပ်များ ထုတ်ဝေဖြန့်ချီရင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းတွင် မိသားစု၊ ညီအကိုမောင်နှမများနှင့်အတူ နေထိုင်ကာ စာပေလက်ရာများကို ရေးသားဖန်တီးလျှက် ရှိပါသည်။
STA
ဂျူး Profile မှ အချက်အလက်များကို စံပယ်ဖြူမဂ္ဂဇင်း (အမှတ်၆ ၊ ၂၀၀၈ နိုဝင်ဘာ) တွင်ပါရှိသော လေးကိုတင်၏ ဧရာဝတီရုပ်ပုံလွှာမှ ကူးယူဖော်ပြထားကြောင်း ၀န်ခံပါသည်။

No comments:
Post a Comment