ဤကား ကလေးနှစ်ယောက် ပူဆာလွန်းသဖြင့် ဖခင်ဖြစ်သူက လိုက်ပို့သော သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းပင်တည်း။
ယခုနှစ် သီတင်းကျွတ်အခါသမယသည် မိုးလေမကင်းလွှတ်ပဲ မိုးတဖွဲဖွဲ ကျပါသည်။ လမ်းမများတွင်ကား မိုးရေတစက်စက်၊ ဗွက်တဗြက်ဗြက် ဖြစ်နေလေသည်။ ယခုနှစ်တွင် မိုးကုတ်သီတင်းကျွတ်သည် သိပ္ပံခေတ်သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်နှင့်အညီ ရှေးကနှင့်မတူပဲ လျှပ်စစ်မီးများဖြင့် ထိန်ညီးအောင် အလှဆင်ကြပါသည်။ သို့သော် လျှပ်စစ်မီးမလာသော ရပ်ကွက်များတွင်ကား မှောင်နှင့်မည်းမည်း အခက်ကြုံရလေသည်။ ဖယောင်းတိုင်ထွန်းရအောင်မူကား ခေတ်ကာလကုန်ဈေးနှုံးအရ မတတ်နိုင်။ မီးစက်ခုတ်ရအောင်မူကား တွက်ခြေမကိုက် ဖြစ်ကြရလေသည်။ အရေးထဲအရာပေါ်ဆိုသလို လေကလည်း တဖြူးဖြူး ဖြစ်နေ၍ အခက်တွေ့ကြရလေသည်။
လူငယ်လူရွယ် မြီးကောင်ပေါက်များမှာကား အ၀တ်အစားအသစ်ဝတ်၍ ဟန်ရေးပြစရာ နေရာကမရှိ။ ချစ်သူရည်းစားရှိသူတို့ အဖို့ကား စတိတ်ရှိုးကြည့်ရန် အကြောင်းပြပြီး အိမ်ကထွက်ရန်ကလည်း ဆင်ခြေမပေးနိုင်၍ ယောင်ချာချာ ဖြစ်ကြရလေသည်။
ကလေးများအဖို့မူကား သွားစရာ လည်စရာ နေရာကမရှိ၊ ကြည့်စရာပွဲကလည်း မရှိ ဖြစ်ရကား အဘိုးအဘွားများကို ကန်တော့၍ ရရှိလာသော မုန့်ဘိုးအကုန်လုံးကို မီးရှူးမီးပန်းများ ၀ယ်၍ အသားကုန် လွှတ်ကြသည်။ ဗြောက်များ လိမ့်ဖောက်ကြသည်။ အသံမြည်လျှင် မျောက်အုပ်အော်သကဲ့သို. ၀ိုင်းအော်ကြသည်။ ဤကား ကလေးငယ်များ၏ ပျော်ရွှင်နည်းတည်း။
သို့သော်ငြားလည်း ကလေးများ၏ အပူဆာခံရသော မိဘများမှာမူကား လက်တွင် ထီးကို ကိုင်ဆွဲလျှက် ကလေးငယ်များကို ကျောပိုးတန်ပိုးပြီးသကာလ ဦးတည်ရာမဲ့ လမ်းသလားလျှက် ရှိနေကြသည်ကိုလည်း အတိုင်းသားမြင်ခဲ့ရသည်။ ယခုနှစ် မိုးကုတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည်ကား သံသယဖြစ်ဖွယ် မလိုအောင် ပျင်းခြောက်ခြောက်ကြီး ဖြစ်လေ၏။
STA
No comments:
Post a Comment