Saturday, October 25, 2008

နိုင်ငံရေး လူတိုင်းနှင့်ဆိုင်သည်

၂၀၀၈-ခုနှစ် အောက်တိုဘာလ (၂၄)ရက် သောကြာနေ့တွင် မိုးကုတ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသူ အား စစ်အစိုးရက ထောင်ဒဏ်(၁၃)နှစ် ချမှတ်လိုက်ပြီဖြစ်သည်။ ၄င်းအား ပုဒ်မ(၅)ခုဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်ရာ စွဲဆိုခံရသည့် ပုဒ်မများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပုဒ်မ ၅၀၅(ခ) - အစိုးရကို အကြည်ညိုပျက်စေမှု

ပုဒ်မ ၂၉၇(က) - သာသနာကို ညှိုးနွမ်းစေမှု
ပုဒ်မ ၁၄၅ - ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု
ပုဒ်မ ၁၄၇ - ရုံးရင်းဆန်ခတ်မှုတွင် ပါဝင်ကျူးလွန်မှု
ပုဒ်မ ၁၅၂ - တာဝန်ဝတ္တရား နှောင့်ယှက်မှု တို့ ဖြစ်ကြသည်။

၎င်း၏အမှုကို မန္တလေး အိုးဘို ထောင်တွင်းတရားရုံးက စစ်ဆေးခဲ့ပြီး တရားခွင်တွင် မိသားစုဝင်များ လာရောက်ကြားနာခွင့် မရရှိပဲ စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကိုမင်းသူအား ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက ၂၀၀၇-စက်တင်ဘာလ (၂၅)ရက်နေ့ ည(၁၁)နာရီအချိန်တွင် ၄င်း၏နေအိမ်၌ အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။


ယခုလို ကိုမင်းသူအား ဖမ်းဆီးထောင်ချလိုက်ခြင်းသည် ယခင်က ဖဆပလ ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်သာခင် အား ဖမ်းဆီးထောင်ချပြီးသည့်နောက်ပိုင်း နိုင်ငံရေးလုပ်ဆောင်မှုဖြင့် ထောင်ကျသည့် မိုးကုတ်မြို့၏ ထင်ရှားသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ သခင်သာခင်သည် ဖဆပလ အဖွဲ့ချုပ်တွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် နိုင်ငံရေးအမြင်တွင်လည်း ထိုခေတ်အခါက ရှေ့တန်းရောက်ခဲ့သူတစ်ဦးဖြစ်သည်။ သခင်သာခင်ကို မိုးကုတ်မြို့နယ် ကင်းရွာတွင် မွေးဖွားခဲ့သည်။

ကိုမင်းသူ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
ကိုမင်းသူအား မိုးကုတ်မြို့နယ် ရေပူကျေးရွာတွင် ရှမ်းတိုင်းရင်းသားများဖြစ်ကြသော အဖ ဦးလှအောင်နှင့် အမိ ဒေါ်ခင်ကြည် တို့မှ ၁၉၆၁-ခုနှစ် သြဂတ်လ (၁၀)ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၇၇-ခုနှစ်တွင် မိုးကုတ် အထက(၁)မှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ၁၉၈၁-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ နိုင်ငံရေးလှုပ်ရှားမှုတွင် မိုးကုတ်မြို့၌ ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၈၈-ခု နိုဝင်ဘာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သို့ဝင်ရောက်ခဲ့ပါသည်။

၁၉၈၉-ခု ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့မှုကြောင့် မန္တလေးထောင်၌ (၂)နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။ ၂၀၀၂-ခုနှစ်တွင် NLD မြို့နယ်စည်းရုံးရေးကော်မတီ၏ တာဝန်ပေးချက်အရ မြို့နယ်စည်းရုံးရေးကော်မတီဝင်နှင့် လူငယ်ရေးရာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၃-ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်ခရီးစဉ်အပြီးတွင် ခြောက်လနီးပါးခန့် ထိန်းသိမ်းခံခဲ့ရပါသည်။ လက်ရှိတွင် မိုးကုတ်မြို့နယ် NLD စည်းရုံးရေးကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ထပ်မံ ဖမ်းဆီးခံခဲ့ရပါသည်။ ယခု အကျဉ်းကျခံနေရချိန်တွင် အသက် (၄၇)နှစ်ရှိပြီဖြစ်သည်။ ဇနီးဖြစ်သူမှာ မနန်း(ခေါ်)မခင်ကြည်ဝင်း ဖြစ်ပြီး သမီး(၂)ယောက်၊ သား(၁)ယောက် ရှိပါသည်။
KT

Read More...

Thursday, October 16, 2008

သီတင်းကျွတ်မြင်ကွင်း

အချိန်ကား နေရောင်ပျောက်၍ အမှောင်ထုပင် တစ်စတစ်စ ကြီးစိုးလျှက် ရှိနေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာကား ယမ်းငွေ့များ၊ မီးခိုးလုံးများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။ ထိုစဉ် အသက်အရွယ်အားဖြင့် မကြီးလှသော လူလတ်ပိုင်း လူရွယ်တစ်ဦးသည် လူမမယ်လေးနှစ်ဦး၏ လက်ကိုဆွဲရင်း ပေါက်ကွဲသံများအကြား ဖြတ်သန်းကာ အဝေးတစ်နေရာဆီသို့ ဦးတည်လျှက်ရှိသည်။ လူမမယ်အရွယ်ကလေး၏ မျက်နှာတွင် စိုးရွံ့ကြောက်လန့်ဟန် အတိုင်းသား ပေါ်နေပြီး ဖခင်ဟု ထင်ရသော လူရွယ်၏ လက်ကို တစ်ဖက်တစ်ချက်ဆီမှ တင်းတင်းဆုပ်ကာ လိုက်ပါလာကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်တစ်ချက် ကြားရတိုင်း ဖခင်အနီးသို့ အားကိုးတကြီး တိုးကပ်လာကြသည်။ ယမ်းငွေ့များကြား သတိကြီးစွာထားလျှက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းကာ တရွေ့ရွေ့ ခရီးနှင်လျှက်ရှိသည်။
ဤကား ကလေးနှစ်ယောက် ပူဆာလွန်းသဖြင့် ဖခင်ဖြစ်သူက လိုက်ပို့သော သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းပင်တည်း။

ယခုနှစ် သီတင်းကျွတ်အခါသမယသည် မိုးလေမကင်းလွှတ်ပဲ မိုးတဖွဲဖွဲ ကျပါသည်။ လမ်းမများတွင်ကား မိုးရေတစက်စက်၊ ဗွက်တဗြက်ဗြက် ဖြစ်နေလေသည်။ ယခုနှစ်တွင် မိုးကုတ်သီတင်းကျွတ်သည် သိပ္ပံခေတ်သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်နှင့်အညီ ရှေးကနှင့်မတူပဲ လျှပ်စစ်မီးများဖြင့် ထိန်ညီးအောင် အလှဆင်ကြပါသည်။ သို့သော် လျှပ်စစ်မီးမလာသော ရပ်ကွက်များတွင်ကား မှောင်နှင့်မည်းမည်း အခက်ကြုံရလေသည်။ ဖယောင်းတိုင်ထွန်းရအောင်မူကား ခေတ်ကာလကုန်ဈေးနှုံးအရ မတတ်နိုင်။ မီးစက်ခုတ်ရအောင်မူကား တွက်ခြေမကိုက် ဖြစ်ကြရလေသည်။ အရေးထဲအရာပေါ်ဆိုသလို လေကလည်း တဖြူးဖြူး ဖြစ်နေ၍ အခက်တွေ့ကြရလေသည်။

လူငယ်လူရွယ် မြီးကောင်ပေါက်များမှာကား အ၀တ်အစားအသစ်ဝတ်၍ ဟန်ရေးပြစရာ နေရာကမရှိ။ ချစ်သူရည်းစားရှိသူတို့ အဖို့ကား စတိတ်ရှိုးကြည့်ရန် အကြောင်းပြပြီး အိမ်ကထွက်ရန်ကလည်း ဆင်ခြေမပေးနိုင်၍ ယောင်ချာချာ ဖြစ်ကြရလေသည်။
ကလေးများအဖို့မူကား သွားစရာ လည်စရာ နေရာကမရှိ၊ ကြည့်စရာပွဲကလည်း မရှိ ဖြစ်ရကား အဘိုးအဘွားများကို ကန်တော့၍ ရရှိလာသော မုန့်ဘိုးအကုန်လုံးကို မီးရှူးမီးပန်းများ ၀ယ်၍ အသားကုန် လွှတ်ကြသည်။ ဗြောက်များ လိမ့်ဖောက်ကြသည်။ အသံမြည်လျှင် မျောက်အုပ်အော်သကဲ့သို. ၀ိုင်းအော်ကြသည်။ ဤကား ကလေးငယ်များ၏ ပျော်ရွှင်နည်းတည်း။
သို့သော်ငြားလည်း ကလေးများ၏ အပူဆာခံရသော မိဘများမှာမူကား လက်တွင် ထီးကို ကိုင်ဆွဲလျှက် ကလေးငယ်များကို ကျောပိုးတန်ပိုးပြီးသကာလ ဦးတည်ရာမဲ့ လမ်းသလားလျှက် ရှိနေကြသည်ကိုလည်း အတိုင်းသားမြင်ခဲ့ရသည်။ ယခုနှစ် မိုးကုတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည်ကား သံသယဖြစ်ဖွယ် မလိုအောင် ပျင်းခြောက်ခြောက်ကြီး ဖြစ်လေ၏။
STA

Read More...

Wednesday, October 8, 2008

ရေကြီးပြန်ပြီ

မိုးကုတ်မှာ ရေတွေ ခဏခဏကြီးပြီး လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ နစ်မြှုပ်ကုန်တာ...၊ မြို့လည်ခေါင်က ကတ္တရာလမ်းမတွေပေါ်မှာ ရေတွေ ဒရဟော စီးဆင်းနေတာ… စတဲ့ အကြောင်းတွေကို မိုးကုတ်မီဒီယာက ဓာတ်ပုံတွေနဲ့တကွ မကြာခဏဆိုသလို သတင်းရေးသားနေရတာဟာ ကြာတော့ အားတောင် နာမိပါတယ်။

တကယ်တော့ မိုးကုတ်ဆိုတဲ့မြို့ဟာ မြစ်တွေနဲ့လည်း မနီး၊ မြေပြန့်ဒေသလည်း မဟုတ်ပြန်။ တောင်တန်းပေါ်မှာ ရေတွေ ကြီးနေတာရယ်၊ နောက်ပြီး လူတွေ ဆိုးရွားစွာ ခံနေရတဲ့ ဒုက္ခတွေအပေါ်မှာ ဒါဟာ မကြာခဏဖြစ်တတ်တဲ့ ကိစ္စပါ…၊ ထုံးစံပါပဲ…၊ ၀ဋ်ကြွေးပဲပေါ့… ဆိုပြီး ကျနော်တို့ မီဒီယာအနေနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သိရှိအောင်၊ နိုင်ငံကို အုပ်ချုပ်နေကြတဲ့ လူကြီးလူကောင်းတွေ သိရှိအောင်၊ အဝေးတစ်နေရာကို ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေ သိရှိအောင် မဆောင်ရွက် မတင်ပြပဲ လျစ်လျူရှုခဲ့မယ်ဆိုရင် ရေဘေးဒဏ်ကို အမြဲခံနေရတဲ့ လူတွေရဲ့ ဒုက္ခကို မစာနာရာ ရောက်တယ်လို့ ယူဆမိပါတယ်…။

ဒီတခေါက် ရေကြီးရတာလည်း အရင်အတိုင်းလိုပါပဲ…။
မိုးသည်းထန်စွာရွာတယ်။
ရေနီချောင်းတလျှောက် တာရိုးတွေ မခံနိုင်လို့ ကျိုးတဲ့နေရာ ကျိုးတယ်။
ရေကြီးတယ်။

ဒါပါပဲ…။

မိုးရွာရင် ရေကြီးမှာပေါ့။ မထူးဆန်းပါဘူး။ ဒါပေမယ့် ရေကြီးတိုင်း လူနေရပ်ကွက်တွေ နစ်မြှုပ်ကုန်တာ…၊ ကတ္တရာလမ်းမကြီးတွေ ပျက်စီးကုန်တာ…၊ မြို့ရဲ့ အလှအပတွေကို ထိခိုက်ကုန်တာ…၊ ဒါ့အပြင် လူတွေ ရေထဲမျှောပါပြီး သေဆုံးရတာတွေတောင် ရှိပါတယ်။ ဒီတစ်ခေါက်တော့ လူမသေပါဘူး။ ဒါပေမယ့် ရေတွေ တဟုန်ထိုး ၀င်ဆောင့်လို့ တစ်ထပ်တိုက်တစ်လုံးတော့ လုံးဝ ပျက်စီးသွားတယ်။

မနေ့ညက အိပ်ယာဝင်ခါနီးအချိန်မှာ မိုးတွေ သည်းသည်းမဲမဲကို ရွာလာတယ်။ နာရီကို ကြည့်လိုက်တော့ ဆယ်နာရီဝန်းကျင်။ ဒီလို မိုးသည်းတာ သုံးလေးနာရီ ဆက်သွားပြီဆိုရင် ဗေဒင်မေးစရာတောင် မလိုဘူး။ ဖားအော်သံလည်း နားထောင်စရာ မလိုဘူး။ မနက်ကျရင် ဘယ်နေရာမှာ ရေနစ်တော့မယ်ဆိုတာ မြို့သူမြို့သားတွေက အတပ်သိပြီးသား။ ဒီအတွက်ကြောင့်လည်း ည အိပ်ယာဝင်ရတာ စိတ်တထင့်ထင့်နဲ့ပဲပေါ့။

မြေကြီးလက်ခတ် မလွှဲပါပဲ။ မနက်လင်းတော့ တာရိုးတွေကျိုးပေါက်ပြီး ရေတွေ လျှံထွက်လာလို့ ကတ္တရာလမ်းမကြီးပေါ်ကို ရေနီတွေ အူယားဖားယား ပြေးလွှားနေတာကို မြင်ရတော့တာပါပဲ။

ရေတွေ ပေါက်ထွက်ကုန်ပြီဟေ့ လို့လည်း တစ်ယောက်နဲ့တစ်ယောက် မိုးရွာနေတဲ့ကြားက အသံမြှင့်ပြီး အော်ပြောနေကြတယ်။ သတင်းတွေ လက်ဆင့်ကမ်းနေကြတယ်။ ရေကြီးတဲ့နေရာတွေကို အပြေးအလွှား ရောက်လာကြတယ်။ ခပ်များများက ကြည့်မယ့်သူတွေ၊ စနည်းနာမယ့်သူတွေ။ ရဲလိုလို ကြံ့ဖွံ့လိုလို လူတွေလည်း ပါရဲ့။ သူတို့လက်ထဲမှာ ကိုင်ထားတာက စကားပြောစက် ကိုယ်စီ။ ရဲတွေကလည်း ရထား… ရထား… ရေကြီးနေတယ်… ဒါပဲ…။ ကြံ့ဖွံ့ကလည်း ရေကြီးနေတယ်…၊ ဆက်လုပ်… ဒါပဲ…။ ခါတိုင်း ဆိုင်ကယ်တစ်စီးနဲ့ ပိုက်ဆံလိုက်ကောက်နေကျ စည်ပင်ဆိုတာကြီးလည်း မမြင်။ လူတွေကလည်း ဘယ်ကစပြီး ဘာလုပ်ရမှာလည်း မသိ။ ကျီးကြည့်… ကြောင်ကြည့်…။ သဲတွေကို အိပ်ထဲ စထည့်နေတာက ကြက်ခြေနီ…။ တိုင်တွေကို ငုတ်ရိုက်နေတာက မီးသတ်…။

တကယ်ဆိုရင် ကိုယ်သိနေတာက ကြက်ခြေနီဆိုတာ လူနာကို ပြုစုပေးရမည့်သူ။ ပတ်တီးနဲ့ ဂွမ်းတွေကို အိတ်ထဲ ထည့်ထားပြီး အနာကို အရက်ပျံနဲ့ လောင်းပေးမယ့်သူ။ မီးသတ် ဆိုတာကလည်း မီးလောင်နေရင် ခေါ်စရာမလိုပဲ လာပြီး ငြိမ်းပေးမယ့်သူ။ မီးသတ်ကားကို မောင်းနေတုန်း လူတွေ လန့်ပြီး လမ်းဖယ်အောင် ဥသြဆွဲတဲ့သူ။ ဒီလောက်ပဲ သိသည်။

အခုတော့ ကြံ့ဖွံ့ ဆိုတာလည်း မမြင်မိ။ စွမ်းအားဆိုတဲ့ဟာလည်း ဒီနေရာမှာ လာမစွမ်း။ အမျိုးသမီးရေးရာကတော့ ထားတော့။ ဒါမျိုးက ယောင်္ကျားတွေအလုပ်။ ရဲတွေကလည်း ၀င်မပါ။ စစ်သားလည်း မလာ။ ရဲတွေခမျာတောင် အလုပ်ရှုပ်ဟန်ဆောင်ဖော် ရသေးသည်။ အထက်ကို အချိန်နှင့်တပြေးညီလည်း တင်ပြနေကြသည်။ စကားပြောစက်သံကလည်း တရှီးရှီး တရှဲရှဲ။ ဒီနေရာမှာ ကိုယ်သာ သမ္မတဖြစ်ကြည့်။ သူတို့ကို ဦးဆုံး ရေထဲ ဒိုင်ဗင်ထိုးခိုင်းမည်။ ယောင်ပေပေလုပ်နေတဲ့ သူကို နောက်နား တိတ်တိတ်လေးသွားပြီး ဆောင့်ကန်ကာ လုပ်နေသူကို ကူခိုင်းမည်။

အခုတော့ မြို့လူထုခမျာ ဘာမဆို ကိုယ်ထူကိုယ်ထ၊ ကိုယ်ဖြစ်ကိုယ်ခံ။ ကတ္တရာလမ်းဆိုရင်လည်း ရပ်ကွက်ထဲ ခွဲတမ်းနဲ့ ထည့်ရ။ ဓာတ်တိုင် ဆိုပြန်တော့လည်း ကိုယ့်အိတ်ထဲက စိုက်ရ။ ထရမ်စဖော်မာအိုး ဆိုပြန်တော့လည်း လှည့်အလူခံရသေး။ မီးသတ်ကားဆိုပြန်တော့လည်း စုပြီး စိုက်ဝယ်လိုက်ရ။ ဆေးရုံဆိုတော့လည်း လူထု။ စာသင်ကျောင်း ဆိုလည်း လူထု။ လာပြန်ပြီ မာတီမီဒီယာ၊ ဒါလည်း လူထု။ ၀န်ကြီးလာသွားတုန်း လှူသွားတာက ဂျပ်ဖာပုံး။ ကျောင်းအိမ်သာကအစ၊ ရပ်ကွက်ရုံးအလယ်၊ တယ်လီဖုန်းအဆုံး ဘယ်အရာမဆို မြို့လူထုက ကုန်ကျရ။ ကုန်ကျရ။ ကုန်ကျရ။

ကြာလာတော့ မြို့လူထုက စီးပွားရေးလည်း တဖြည်းဖြည်း ကျပ်တည်းလာ။ လုပ်စား ကိုင်စားရတာကလည်း အဆင်မပြေ။ ရှာစားဖွေစားရတာကလည်း ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ ဆိုတော့ ကိုယ်ထူကိုယ်ထရတာ ပင်ပန်းလာတော့သည်။ မထူချင် မထချင်၊ မထူနိုင် မထနိုင်တော့။

စိုင်းထီးဆိုင်သီချင်းထဲက စာသားတချို့ကိုသာ ပြန်ကြားယောင်လာမိသည်…
ခေါင်မိုးကမလုံတော့ xxx မိုးဒဏ်ကို xxx ခံနေရတာ xx ကိုယ်တစ်ယောက်တည်းကြောင့် မဟုတ်ဘူး xxx

ဒီလိုပါပဲ…
မိုးသည်းလို့ ရေကြီးရတာ ဒီတစ်ချက်တည်းကြောင့် မဟုတ်ဘူး…။

STA


Read More...