Thursday, October 16, 2008

သီတင်းကျွတ်မြင်ကွင်း

အချိန်ကား နေရောင်ပျောက်၍ အမှောင်ထုပင် တစ်စတစ်စ ကြီးစိုးလျှက် ရှိနေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာကား ယမ်းငွေ့များ၊ မီးခိုးလုံးများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။ ထိုစဉ် အသက်အရွယ်အားဖြင့် မကြီးလှသော လူလတ်ပိုင်း လူရွယ်တစ်ဦးသည် လူမမယ်လေးနှစ်ဦး၏ လက်ကိုဆွဲရင်း ပေါက်ကွဲသံများအကြား ဖြတ်သန်းကာ အဝေးတစ်နေရာဆီသို့ ဦးတည်လျှက်ရှိသည်။ လူမမယ်အရွယ်ကလေး၏ မျက်နှာတွင် စိုးရွံ့ကြောက်လန့်ဟန် အတိုင်းသား ပေါ်နေပြီး ဖခင်ဟု ထင်ရသော လူရွယ်၏ လက်ကို တစ်ဖက်တစ်ချက်ဆီမှ တင်းတင်းဆုပ်ကာ လိုက်ပါလာကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်တစ်ချက် ကြားရတိုင်း ဖခင်အနီးသို့ အားကိုးတကြီး တိုးကပ်လာကြသည်။ ယမ်းငွေ့များကြား သတိကြီးစွာထားလျှက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းကာ တရွေ့ရွေ့ ခရီးနှင်လျှက်ရှိသည်။
ဤကား ကလေးနှစ်ယောက် ပူဆာလွန်းသဖြင့် ဖခင်ဖြစ်သူက လိုက်ပို့သော သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းပင်တည်း။

ယခုနှစ် သီတင်းကျွတ်အခါသမယသည် မိုးလေမကင်းလွှတ်ပဲ မိုးတဖွဲဖွဲ ကျပါသည်။ လမ်းမများတွင်ကား မိုးရေတစက်စက်၊ ဗွက်တဗြက်ဗြက် ဖြစ်နေလေသည်။ ယခုနှစ်တွင် မိုးကုတ်သီတင်းကျွတ်သည် သိပ္ပံခေတ်သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်နှင့်အညီ ရှေးကနှင့်မတူပဲ လျှပ်စစ်မီးများဖြင့် ထိန်ညီးအောင် အလှဆင်ကြပါသည်။ သို့သော် လျှပ်စစ်မီးမလာသော ရပ်ကွက်များတွင်ကား မှောင်နှင့်မည်းမည်း အခက်ကြုံရလေသည်။ ဖယောင်းတိုင်ထွန်းရအောင်မူကား ခေတ်ကာလကုန်ဈေးနှုံးအရ မတတ်နိုင်။ မီးစက်ခုတ်ရအောင်မူကား တွက်ခြေမကိုက် ဖြစ်ကြရလေသည်။ အရေးထဲအရာပေါ်ဆိုသလို လေကလည်း တဖြူးဖြူး ဖြစ်နေ၍ အခက်တွေ့ကြရလေသည်။

လူငယ်လူရွယ် မြီးကောင်ပေါက်များမှာကား အ၀တ်အစားအသစ်ဝတ်၍ ဟန်ရေးပြစရာ နေရာကမရှိ။ ချစ်သူရည်းစားရှိသူတို့ အဖို့ကား စတိတ်ရှိုးကြည့်ရန် အကြောင်းပြပြီး အိမ်ကထွက်ရန်ကလည်း ဆင်ခြေမပေးနိုင်၍ ယောင်ချာချာ ဖြစ်ကြရလေသည်။
ကလေးများအဖို့မူကား သွားစရာ လည်စရာ နေရာကမရှိ၊ ကြည့်စရာပွဲကလည်း မရှိ ဖြစ်ရကား အဘိုးအဘွားများကို ကန်တော့၍ ရရှိလာသော မုန့်ဘိုးအကုန်လုံးကို မီးရှူးမီးပန်းများ ၀ယ်၍ အသားကုန် လွှတ်ကြသည်။ ဗြောက်များ လိမ့်ဖောက်ကြသည်။ အသံမြည်လျှင် မျောက်အုပ်အော်သကဲ့သို. ၀ိုင်းအော်ကြသည်။ ဤကား ကလေးငယ်များ၏ ပျော်ရွှင်နည်းတည်း။
သို့သော်ငြားလည်း ကလေးများ၏ အပူဆာခံရသော မိဘများမှာမူကား လက်တွင် ထီးကို ကိုင်ဆွဲလျှက် ကလေးငယ်များကို ကျောပိုးတန်ပိုးပြီးသကာလ ဦးတည်ရာမဲ့ လမ်းသလားလျှက် ရှိနေကြသည်ကိုလည်း အတိုင်းသားမြင်ခဲ့ရသည်။ ယခုနှစ် မိုးကုတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည်ကား သံသယဖြစ်ဖွယ် မလိုအောင် ပျင်းခြောက်ခြောက်ကြီး ဖြစ်လေ၏။
STA

Read More...

Wednesday, October 8, 2008

ရေကြီးပြန်ပြီ

မိုးကုတ်မှာ ရေတွေ ခဏခဏကြီးပြီး လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ နစ်မြှုပ်ကုန်တာ...၊ မြို့လည်ခေါင်က ကတ္တရာလမ်းမတွေပေါ်မှာ ရေတွေ ဒရဟော စီးဆင်းနေတာ… စတဲ့ အကြောင်းတွေကို မိုးကုတ်မီဒီယာက ဓာတ်ပုံတွေနဲ့တကွ မကြာခဏဆိုသလို သတင်းရေးသားနေရတာဟာ ကြာတော့ အားတောင် နာမိပါတယ်။

တကယ်တော့ မိုးကုတ်ဆိုတဲ့မြို့ဟာ မြစ်တွေနဲ့လည်း မနီး၊ မြေပြန့်ဒေသလည်း မဟုတ်ပြန်။ တောင်တန်းပေါ်မှာ ရေတွေ ကြီးနေတာရယ်၊ နောက်ပြီး လူတွေ ဆိုးရွားစွာ ခံနေရတဲ့ ဒုက္ခတွေအပေါ်မှာ ဒါဟာ မကြာခဏဖြစ်တတ်တဲ့ ကိစ္စပါ…၊ ထုံးစံပါပဲ…၊ ၀ဋ်ကြွေးပဲပေါ့… ဆိုပြီး ကျနော်တို့ မီဒီယာအနေနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သိရှိအောင်၊ နိုင်ငံကို အုပ်ချုပ်နေကြတဲ့ လူကြီးလူကောင်းတွေ သိရှိအောင်၊ အဝေးတစ်နေရာကို ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေ သိရှိအောင် မဆောင်ရွက် မတင်ပြပဲ လျစ်လျူရှုခဲ့မယ်ဆိုရင် ရေဘေးဒဏ်ကို အမြဲခံနေရတဲ့ လူတွေရဲ့ ဒုက္ခကို မစာနာရာ ရောက်တယ်လို့ ယူဆမိပါတယ်…။

ဒီတခေါက် ရေကြီးရတာလည်း အရင်အတိုင်းလိုပါပဲ…။
မိုးသည်းထန်စွာရွာတယ်။
ရေနီချောင်းတလျှောက် တာရိုးတွေ မခံနိုင်လို့ ကျိုးတဲ့နေရာ ကျိုးတယ်။
ရေကြီးတယ်။

ဒါပါပဲ…။

မိုးရွာရင် ရေကြီးမှာပေါ့။ မထူးဆန်းပါဘူး။ ဒါပေမယ့် ရေကြီးတိုင်း လူနေရပ်ကွက်တွေ နစ်မြှုပ်ကုန်တာ…၊ ကတ္တရာလမ်းမကြီးတွေ ပျက်စီးကုန်တာ…၊ မြို့ရဲ့ အလှအပတွေကို ထိခိုက်ကုန်တာ…၊ ဒါ့အပြင် လူတွေ ရေထဲမျှောပါပြီး သေဆုံးရတာတွေတောင် ရှိပါတယ်။ ဒီတစ်ခေါက်တော့ လူမသေပါဘူး။ ဒါပေမယ့် ရေတွေ တဟုန်ထိုး ၀င်ဆောင့်လို့ တစ်ထပ်တိုက်တစ်လုံးတော့ လုံးဝ ပျက်စီးသွားတယ်။

မနေ့ညက အိပ်ယာဝင်ခါနီးအချိန်မှာ မိုးတွေ သည်းသည်းမဲမဲကို ရွာလာတယ်။ နာရီကို ကြည့်လိုက်တော့ ဆယ်နာရီဝန်းကျင်။ ဒီလို မိုးသည်းတာ သုံးလေးနာရီ ဆက်သွားပြီဆိုရင် ဗေဒင်မေးစရာတောင် မလိုဘူး။ ဖားအော်သံလည်း နားထောင်စရာ မလိုဘူး။ မနက်ကျရင် ဘယ်နေရာမှာ ရေနစ်တော့မယ်ဆိုတာ မြို့သူမြို့သားတွေက အတပ်သိပြီးသား။ ဒီအတွက်ကြောင့်လည်း ည အိပ်ယာဝင်ရတာ စိတ်တထင့်ထင့်နဲ့ပဲပေါ့။

မြေကြီးလက်ခတ် မလွှဲပါပဲ။ မနက်လင်းတော့ တာရိုးတွေကျိုးပေါက်ပြီး ရေတွေ လျှံထွက်လာလို့ ကတ္တရာလမ်းမကြီးပေါ်ကို ရေနီတွေ အူယားဖားယား ပြေးလွှားနေတာကို မြင်ရတော့တာပါပဲ။

ရေတွေ ပေါက်ထွက်ကုန်ပြီဟေ့ လို့လည်း တစ်ယောက်နဲ့တစ်ယောက် မိုးရွာနေတဲ့ကြားက အသံမြှင့်ပြီး အော်ပြောနေကြတယ်။ သတင်းတွေ လက်ဆင့်ကမ်းနေကြတယ်။ ရေကြီးတဲ့နေရာတွေကို အပြေးအလွှား ရောက်လာကြတယ်။ ခပ်များများက ကြည့်မယ့်သူတွေ၊ စနည်းနာမယ့်သူတွေ။ ရဲလိုလို ကြံ့ဖွံ့လိုလို လူတွေလည်း ပါရဲ့။ သူတို့လက်ထဲမှာ ကိုင်ထားတာက စကားပြောစက် ကိုယ်စီ။ ရဲတွေကလည်း ရထား… ရထား… ရေကြီးနေတယ်… ဒါပဲ…။ ကြံ့ဖွံ့ကလည်း ရေကြီးနေတယ်…၊ ဆက်လုပ်… ဒါပဲ…။ ခါတိုင်း ဆိုင်ကယ်တစ်စီးနဲ့ ပိုက်ဆံလိုက်ကောက်နေကျ စည်ပင်ဆိုတာကြီးလည်း မမြင်။ လူတွေကလည်း ဘယ်ကစပြီး ဘာလုပ်ရမှာလည်း မသိ။ ကျီးကြည့်… ကြောင်ကြည့်…။ သဲတွေကို အိပ်ထဲ စထည့်နေတာက ကြက်ခြေနီ…။ တိုင်တွေကို ငုတ်ရိုက်နေတာက မီးသတ်…။

တကယ်ဆိုရင် ကိုယ်သိနေတာက ကြက်ခြေနီဆိုတာ လူနာကို ပြုစုပေးရမည့်သူ။ ပတ်တီးနဲ့ ဂွမ်းတွေကို အိတ်ထဲ ထည့်ထားပြီး အနာကို အရက်ပျံနဲ့ လောင်းပေးမယ့်သူ။ မီးသတ် ဆိုတာကလည်း မီးလောင်နေရင် ခေါ်စရာမလိုပဲ လာပြီး ငြိမ်းပေးမယ့်သူ။ မီးသတ်ကားကို မောင်းနေတုန်း လူတွေ လန့်ပြီး လမ်းဖယ်အောင် ဥသြဆွဲတဲ့သူ။ ဒီလောက်ပဲ သိသည်။

အခုတော့ ကြံ့ဖွံ့ ဆိုတာလည်း မမြင်မိ။ စွမ်းအားဆိုတဲ့ဟာလည်း ဒီနေရာမှာ လာမစွမ်း။ အမျိုးသမီးရေးရာကတော့ ထားတော့။ ဒါမျိုးက ယောင်္ကျားတွေအလုပ်။ ရဲတွေကလည်း ၀င်မပါ။ စစ်သားလည်း မလာ။ ရဲတွေခမျာတောင် အလုပ်ရှုပ်ဟန်ဆောင်ဖော် ရသေးသည်။ အထက်ကို အချိန်နှင့်တပြေးညီလည်း တင်ပြနေကြသည်။ စကားပြောစက်သံကလည်း တရှီးရှီး တရှဲရှဲ။ ဒီနေရာမှာ ကိုယ်သာ သမ္မတဖြစ်ကြည့်။ သူတို့ကို ဦးဆုံး ရေထဲ ဒိုင်ဗင်ထိုးခိုင်းမည်။ ယောင်ပေပေလုပ်နေတဲ့ သူကို နောက်နား တိတ်တိတ်လေးသွားပြီး ဆောင့်ကန်ကာ လုပ်နေသူကို ကူခိုင်းမည်။

အခုတော့ မြို့လူထုခမျာ ဘာမဆို ကိုယ်ထူကိုယ်ထ၊ ကိုယ်ဖြစ်ကိုယ်ခံ။ ကတ္တရာလမ်းဆိုရင်လည်း ရပ်ကွက်ထဲ ခွဲတမ်းနဲ့ ထည့်ရ။ ဓာတ်တိုင် ဆိုပြန်တော့လည်း ကိုယ့်အိတ်ထဲက စိုက်ရ။ ထရမ်စဖော်မာအိုး ဆိုပြန်တော့လည်း လှည့်အလူခံရသေး။ မီးသတ်ကားဆိုပြန်တော့လည်း စုပြီး စိုက်ဝယ်လိုက်ရ။ ဆေးရုံဆိုတော့လည်း လူထု။ စာသင်ကျောင်း ဆိုလည်း လူထု။ လာပြန်ပြီ မာတီမီဒီယာ၊ ဒါလည်း လူထု။ ၀န်ကြီးလာသွားတုန်း လှူသွားတာက ဂျပ်ဖာပုံး။ ကျောင်းအိမ်သာကအစ၊ ရပ်ကွက်ရုံးအလယ်၊ တယ်လီဖုန်းအဆုံး ဘယ်အရာမဆို မြို့လူထုက ကုန်ကျရ။ ကုန်ကျရ။ ကုန်ကျရ။

ကြာလာတော့ မြို့လူထုက စီးပွားရေးလည်း တဖြည်းဖြည်း ကျပ်တည်းလာ။ လုပ်စား ကိုင်စားရတာကလည်း အဆင်မပြေ။ ရှာစားဖွေစားရတာကလည်း ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ ဆိုတော့ ကိုယ်ထူကိုယ်ထရတာ ပင်ပန်းလာတော့သည်။ မထူချင် မထချင်၊ မထူနိုင် မထနိုင်တော့။

စိုင်းထီးဆိုင်သီချင်းထဲက စာသားတချို့ကိုသာ ပြန်ကြားယောင်လာမိသည်…
ခေါင်မိုးကမလုံတော့ xxx မိုးဒဏ်ကို xxx ခံနေရတာ xx ကိုယ်တစ်ယောက်တည်းကြောင့် မဟုတ်ဘူး xxx

ဒီလိုပါပဲ…
မိုးသည်းလို့ ရေကြီးရတာ ဒီတစ်ချက်တည်းကြောင့် မဟုတ်ဘူး…။

STA


Read More...

Saturday, September 6, 2008

တမ်းတခြင်းရဲ့ ပဲ့တင်သံ

ကျမက မိုးကုတ်က ရှမ်း တိုင်းရင်းသူတစ်ဦးပါ။ ကျမတို့ မိသားစုရဲ့ ခံစားချက်တွေကို ဒီနေရာလေးမှာ ရင်ဖွင့်လိုက်မိပါတယ်။ မျှဝေခံစားနိုင်ကြပါစေ။

ကျမရဲ့ အမျိုးသားဟာ ကိုယ်ကျိုးအတွက် အနစ်နာခံပြီး အများပြည်သူ ကောင်းကျိုးအတွက် အမှန်တရားလမ်းကြောင်းပေါ် လျှောက်နေသူတစ်ဦးပါ။ သူဟာ (၈၈)အရေးအခင်းမှာလည်း ဖမ်းဆီးထောင်ချခံခဲ့ဘူးတယ်။ နောက် ဒီပဲရင်း အရေးအခင်းပြီးတော့လည်း အဖမ်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်းမှာလည်း ထပ်အဖမ်းခံရပြန်တယ်။ အဲဒီနေ့က… ၂၅ စက်တင်ဘာ ၂၀၀၇။ ည (၁၁)နာရီ။ အခုတော့ မန္တလေး အိုးဘိုထောင်အတွင်းမှာ…။

ကျမမှာ သားသမီး (၃)ယောက် ရှိပါတယ်။ သမီးကြီးက ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ သင်တန်းတက်နေရင်း ၂၆ ရက်နေ့ စက်တင်ဘာအရေးအခင်းတုန်းက ရွှေတိဂုံခြေရင်းမှာ ဖမ်းဆီးခံခဲ့ရလို့ အထဲမှာ တစ်ပတ်လောက် နေခဲ့ရပါတယ်။ သမီးလတ်က အလယ်တန်း၊ သားငယ်က မူလတန်းပါ။
၂၅ ဒီဇင်ဘာ ခရစ္စမတ် ညနေချမ်းမှာ ကျမတို့ သားအမိ ထမင်းဝိုင်းလေးအတွင်း သမီးကြီးက အဖေအတွက်၊ အမေအတွက် ဦးချပါတယ်။ အဖေဆိုတဲ့ အသံ ကြားလိုက်တာနဲ့ မွေးကတည်းက အဖေနဲ့ မခွဲပဲ အိပ်ခဲ့ရတဲ့ သမီးငယ်လေးက အမေ… ဒီနေ့ အဖေ့ကို ဖမ်းသွားတာ ၃လပြည့်ပြီ၊ လူချင်းလဲ မတွေ့ရဘူး။ အဖေ ဘယ်လိုခံစားနေရလဲ မသိဘူးနော်… တဲ့။ မထင်မှတ်တဲ့ မေးခွန်းမို့ ကျမ ရင်နင့်သွားခဲ့ရတယ်။ သမီးငယ်ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့လေ။ သမီးတို့ အဖေဟာ ထောင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ ကျမ ဘယ်လိုပြောပြရမှာလဲ။

ဒါနဲ့ ညပိုင်း အိပ်ချိန်ရောက်လာပြန်တယ်။ မိုးကုတ် ဆောင်းကလည်း ရေခဲလောက်အောင် အေးနေတော့ သားအမိလေးယောက်လုံး စောင်အထပ်ထပ်နဲ့ ကွေးနေကြတယ်။ ကလေးတွေ အတွေးကိုယ်စီနဲ့ သူတို့အဖေကို သတိရနေကြတယ်ဆိုတာ ကျမ သိနေခဲ့တယ်လေ။ ထင်တဲ့အတိုင်းပါဘဲ… သားငယ်လေးက ကျမ လည်ပင်းကိုဖက်ပြီး အမေ.. သား ငိုချင်တယ် တဲ့။ ဘာဖြစ်လို့လဲ လို့ မေးလိုက်တော့ သားတို့ အိမ်မှာ စောင်အထပ်ထပ်ခြုံပြီး အိပ်ရတာတောင် ဒီလောက် အေးနေတာ အဖေက ထောင်ထဲမှာ စောင်ပါးလေးတစ်ထည်နဲ့ အိပ်ရတော့ ဘယ်လောက် အေးနေရှာမလဲ တဲ့…။ မအေးပါဘူးသားရယ်… အင်္ကျီတွေ ထပ်ပြီး အိပ်မှာပေါ့ လို့ နှစ်သိမ့်ပေးလိုက်ရတယ်။ ဒါပေမယ့် သားငယ်လေးက အမေရယ်.. အဖေ့ကို ခေါ်သွားတုန်းက ဒီအတိုင်း လိုက်သွားခဲ့လိုက်ရတာ အင်္ကျီအပိုမှ ပါမသွားပဲ ဘာနဲ့ ထပ်ပြီး ၀တ်ရမှာလဲ တဲ့…။ အမေ ထောင်ထဲမှာဆိုရင် ထောင်ကျတဲ့ လူတွေကကော ဘယ်လို အိပ်ရသလဲ တဲ့..။ မေးခွန်းတွေ အထပ်ထပ် မေးနေရင်း အဖေကို သတိရနေရှာတဲ့ သားလေးရဲ့မျက်နှာကို ကြည့်ပြီး ကျမ ဘယ်လို ဖြေပြနိုင်မှာလဲ…။

ဒီလိုနဲ့ ကျမတို့ သားအမိတွေ အိပ်မပျော်ခင်မှာပဲ အိမ်ရှေ့လမ်းမပေါ်က အရက်မူးသမားတစ်ယောက် ဆူပူသောင်းကျန်းနေတဲ့အသံကို ကြားနေရတယ်။ ကျမရဲ့ သားငယ်လေးက အမေ အရက်မူးသမားက ဒီလောက် ဆူပူသောင်းကျန်းနေတာကို ဘာဖြစ်လို့ ရဲတွေ လာမဖမ်းတာလဲ တဲ့…။ သားတို့အဖေကျတော့ ဘာလို့ လာဖမ်းကြတာလဲ တဲ့…။ ဒါနဲ့ ကျမ သမီးကြီးက သူ့မောင်လေးကျေနပ်အောင် ဒီလို ပြောလိုက်တယ်။ ဒို့အဖေက အမှန်တရားနဲ့ အများကောင်းကျိုးအတွက် လုပ်နေလို့ပေါ့ တဲ့…။ သားလေးက ထပ်ပြီးမေးတယ်။ အမေ… ဒါဆိုရင် အရက်မူးသမားဆိုရင် မဖမ်းဘူးလား…။ အမှန်တရားလုပ်ရင် ဖမ်းသလား…။ အများကောင်းကျိုးလုပ်ရင် အဖမ်း ခံရသလား တဲ့…။ ဒီကလေးတွေရဲ့ အနာဂတ်အတွက် သူတို့ သိချင်တဲ့ အဖြေမှန်ကို ကျမ ဘယ်လို ဖြေပြရမှာလဲ…။

ကျမ ဘ၀မှာလည်း မိခင်တစ်ယောက်အနေနဲ့ အမှန်တရားကို ပြောပြနိုင်ဖို့ ဘယ်လောက်ထိဆက်ပြီး ရုန်းကန် ခံစားနေရဦးမယ်ဆိုတာ တွေးမိရင်းနဲ့ပေါ့…။
MN

(၂၀၀၇ စက်တင်ဘာအရေးအခင်းတွင် မတရား ဖမ်းဆီးခံရသော မိုးကုတ်မြို့မှ ထိပ်တန်းနိုင်ငံရေးသမား ကိုမင်းသူ သို့ …)

Read More...

Sunday, August 17, 2008

မိုးကုတ်မြို့တွင် မြေပြို၍ လူသေဆုံးမှုထပ်မံဖြစ်ပွား



မိုးကုတ်မြို့၊ ဘော်ဗဒန်းကျေးရွာ တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပါသည်။ (၁၆.၈.၀၈) နေ့၊ ည (၁၀း၄၅) အချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြေပြိုမှုကြောင့် အိမ်ခြေ (၅)လုံးခန့် ပျက်စီးခဲ့ကာ အပြင်းထန်ဆုံးထိခိုက်ခဲ့သော အိမ်တွင်းရှိ မိသားတစ်စုတစ်ခုလုံး အသက်ဆုံးရှုံးခဲ့ရပါသည်။ အိမ်ရှင် ဇနီးမောင်နှံနှစ်ဦး၊ သမီး၊ သမက်၊ မြေးဖြစ်သူနှင့် ဧည့်သည်တစ်ယောက်အပါအ၀င် စုစုပေါင်း (၆)ယောက် အသက် ဆုံးရှုံးခဲ့သည်။


ဘော်ဗဒန်းကျေးရွာသည်မိုးကုတ်နှင့် လေးမိုင်ခန့်ကွာဝေးပြီး တောင်ပေါ်အမြင့်တွင် တည်ထားသောရွာဖြစ်သည်။ ကျောက်မျက်လုပ်ကွက်အများစု ကြားထဲတွင် တည်ရှိနေသော ရွာတစ်ရွာဖြစ်သည်။ ကျောက်မျက်လုပ်ကွက်များမှာလည်း မြေအောက် ပေထောင်ချီအနက်တွင်ရှိသော ကျောက်တောင်များအတွင်းသို. လှိုဏ်ခေါင်းများတူးကာ လုပ်ကိုင်လျက်ရှိကြသည့် ခဲတွင်း များဖြစ်ကြပြီး မြေအနေအထားအရ အချိန်မရွေး အန္တရာယ်ရှိနိုင်သော နေရာဖြစ်သောကြောင့် ရွာသားများမှာ ထိတ်လန့်လျှက် ရှိနေကြသည်။ ၄င်းနေရာတွင် နာမည်ကျော် ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီကြီးသည်လည်း နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်လျှက် ရှိပါသည်။


TP

Read More...

Friday, August 8, 2008

၈.၈.၈၈ နှင့် ဒီမိုကရေစီ

၈.၈.၈၈ ကို ကျနော် ကြုံခဲ့ရပါသည်။ သို့သော် ဆိုရှယ်လစ်ဆိုတာ ဘာမှန်း ... ၊ ဒီမိုကရေစီ ဆိုတာ ဘာမှန်း... မသိတတ်သေးခင် အရွယ်ကဖြစ်သည်။ ၈.၈.၈၈ ဟု ဆိုလိုက်ရင်ဖြင့် ကျနော့် အာရုံထဲတွင် အနီရောင်များ၊ အဖြူအစိမ်းများ၊ ကြယ်များ စပါးနှံများနှင့် အလံများ၊ ခမောက်များ၊ ဓာတ်ပုံပိုစတာများ အစရှိသဖြင့် တဖျတ်ဖျတ် ပေါ်လာစမြဲပင် ဖြစ်သည်။ လက်ခုပ်သံများ၊ ဒီမိုကရေစီ ... ဒီမိုကရေစီ ဆိုသော အသံများလည်း ကြားလာမိသည်။ ရင်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားမှုများ ဖြစ်ပေါ်မိပါသည်။
ထိုအချိန်မှစ၍ မှတ်မှတ်ထင်ထင် ကြားခဲ့ဖူးရသော ဒီမိုကရေစီ ၏ အနက်အဓိပ္ပါယ်ကိုကား အတိအကျ နားမလည်ခဲ့ပါ။ ယခုလက်ရှိထက် ပိုမိုကောင်းမွန်သော စနစ်တစ်ခု ဖြစ်မည်ဟုသာ ထင်ခဲ့ပါသည်။

ဤသို့ဖြင့်
၈.၈.၈၈ မှစတင် အော်ဟစ်ခဲ့ကြသော ဒီမိုကရေစီ သည် အနှစ်နှစ်ဆယ်ကြာ ယခုအချိန် ရောက်သည်အထိ အော်ဟစ်နေကြဆဲ၊ အော်ဟစ်နေရဆဲ ဖြစ်နေပါသည်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတုန်းက တတပ်တအား ပါဝင်ခဲ့ကြပြီး ယခုချိန်တိုင် တိုင်းပြည်အပေါ် စေတနာကောင်းများ ထားလျှက် ရှိနေကြသည့် အဖိုးအိုကြီးများသည်လည်း ဒီမိုကရေစီ …။


လူငယ်သဘာဝ အင်းလျားကန်နှင့် ကံ့ကော်တောတို့၌ ရင်ခုန်ကြည်နူးဖွယ် အတွေ့အကြုံများကို စွန့်လွတ်ခဲ့ရပြီးအေးစက်မှောင်မိုက်၍ု ထူထဲသော အုတ်နံရံ အခန်းများထဲတွင် ဆယ်စုနှစ်များတိုင်အောင် အချိန် ကုန်လွန်ခဲ့ကြရသော ပုဂ္ဂိုလ်များသည်လည်း ဒီမိုကရေစီ…။


၈.၈.၈၈
ကို မကြုံဖူး၊ မမှီဖူးခဲ့ကြသော်လည်း ယနေ့ လွတ်လပ်ပွင့်လင်းသော သတင်းမီဒီယာခေတ်ကြီးတွင် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့နေကြသော လူငယ်အပေါင်းသည်လည်း ဒီမိုကရေစီ…။

လက်ရှိ နိုင်ငံတော်တာဝန်ကို ယူထားသော ပုဂ္ဂိုလ်များ၊ အတိုက်အခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားများ သည်လည်း ဒီမိုကရေစီ…။


စသဖြင့် အားလုံး အားလုံး ဒီမိုကရေစီ နေကြပါလျှက် ဘာကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် မလျှောက်လှမ်းနိုင်ကြသေးသနည်း။


ကျနော် ဥာဏ်မှီသလောက် စဉ်းစားကြည့်ပါသည်။
၈.၈.၈၈ မှ ယခု ကာလအထိ ကျနော်တို့နှင့် အနီးစပ်ဆုံးဖြစ်သော အာရှမြင်ကွင်းကို လှမ်းမြင်ကြည့်မိသည်။ သဘောထား အတင်းမာဆုံး၊ အနီဆုံးဟု ဆိုကြသော အိမ်နီးချင်းပေါက်ဖော် တရုတ်ကြီးသည်ပင် ချမ်းသာခြင်းသည် ဖောက်ပြန်မှု၊ ရွံ့ရှာဖွယ်ကောင်းမှု ဆိုသည်၏ ပြောင်းပြန်.. ချမ်းသာခြင်းသည် ကောင်းသည်ဟု ဆိုကာ တိုင်းသူ ပြည်သားများအား ကြွယ်ဝချမ်းသာမှု လမ်းကြောင်းပေါ် ရောက်ရှိစေရန် အစွမ်းကုန် ကြိုးစားလျှက် ရှိနေပါသည်။ ဟောင်ကောင်ကျွန်းကိုလည်း တစ်နိုင်ငံ စနစ်နှစ်မျိုးဟု ဆိုကာ ပြန်လည် ရယူပေါင်းစည်းနိုင်ခဲ့ပါသည်။ ထို့နောက် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောတတ်ပြီး အောက်စို့ဆင်းများနှင့် ရှေ့တန်းရောက်လာသော အိန္ဒိယ။ အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး တချိန်က ရန်ဘက်အမေရိကန်နှင့် ရင်းရင်းနှီးနှီးပွေ့ဖက်ကာ စီးပွားရေးကျားတစ်ကောင်အဖြစ် တက်လှမ်းနေသည့် ဗီယက်နမ်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ မောင်းနှင်နေသည်ဆိုသော စင်ကာပူ။ အီလက်ထရောနစ် ပရောဒတ်များနှင့် မလေးရှား။ အချိန်တိုတွင်း ဒီမိုကရေစီနိုင်ခဲ့ကြသော အင်ဒိုနီးရှား၊ နီပေါလ်။ စသည်ဖြင့် မိမိတို့နိုင်ငံ နောက်တန်း မကျရအောင် ဖွံ့ဖြိုးရေးအတွက် အားကျိုးမာန်တက် လျှောက်လှမ်းနေကြသော နိုင်ငံများကို မြင်မိပါသည်။

ကျနော်တို့မှာမူကား.. ယခုချိန်ထိ အော်ဟစ်နေရဆဲ အဆင့်မှ မတက်နိုင်သေး။ မိမိ တစ်ဦးတည်း အဆိုးမြင်နေသလားဟု ထင်ကာ ပတ်ဝန်းကျင် လူပုဂ္ဂိုလ်များ၏ သဘောထားကို တီးခေါက်ကြည့်ပါသည်။ သူတို့၏ အမြင်များ၊ ညွှန်းကိန်းများသည်လည်း အထူးအထွေ ကွဲပြားခြားနားမှု မရှိကြပဲ တူညီနေကြပါသည်။

ထိုကြောင့် ပြဿနာများကို အချို့မှ တိုင်းပြည်နှင့်ဝေးရာ ရေကြည်ရာ မြက်နုရာကို ရှာခြင်းဖြင့် ဖြေရှင်းကြပါသည်။ ကံကိုသာအမိ ကံကိုသာအဖဟု စိတ်ပျက်လက်ပျက်ဖြင့် ဆိုသူများက တစ်မျိုး…၊ ဖြစ်ပျက်သမျှ အားလုံးကို တာဝန်ရှိသူများအား အပစ်ပုံချကာ ဆဲဆိုနေကြသူများက တစ်ဖုံ…၊ ဘယ်လိုဖြစ်ဖြစ် တရားသည် မတရားသည် မစဉ်းစားပဲ လောလောဆယ် ကိုယ်ကျိုးအတွက် အခွင့်အရေးဟူသမျှကို ရနိုင်သလောက် ယူနေကြသူများက တစ်ဘာသာ… စသည်ဖြင့် ကိုယ်သန်ရာ ကိုနားလည်ရာကို ဆုတ်ကိုင်လျှက်သာ ရှိကြသည်။ တတ်ထားသော ပညာများဖြင့် ရနိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်မည် ဆိုသော လေးစားဖွယ် ပုဂ္ဂိုလ် အနည်းအကျဉ်းလည်း ရှိကြပါသည်။

လူငယ်များဘက်တွင်လည်း ကျနော်တို့လူငယ်များသည် နိုင်ငံတကာမှ လူငယ်များနည်းတူ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ ဖွံ့ဖြိုးမှု အသီးအပွင့်များကို ခံစားလိုကြပါသည်။ စမတ်ကျကျ၊ အဆင့်အတန်းရှိရှိ ပညာသင်ကြားပြီး နေထိုင် လုပ်ကိုင် စားသောက် လိုကြပါသည်။ နေရာတကာ အရေးမပါသော အခက်အခဲများကို ဖြေရှင်းနေရခြင်းကြောင့် အချိန်ကုန် လူပန်း ဖြစ်နေရသော ဘ၀များမှ လွတ်ကင်းလိုကြပါသည်။ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး ဘ၀ခရီးလမ်းကို တက်တက်ကြွကြွဖြင့် လျှောက်လှမ်းလိုကြပါသည်။

သို့သော် အနာဂတ်လမ်းကြောင်းကို ကြည့်လိုက်ရင်ဖြင့် ထင်ထင်ရှားရှား မမြင်တွေ့ရသေး။ အလင်းရောင်ရေးရေးလေး ပေါ်လာလိုက်၊ ရုတ်ချည်း မှောင်မိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေဆဲပင်။

၈.၈.၈၈
မှ ပေါက်ဖွားလာသော ဒီမိုကရေစီ ခရီးမှာကား အနှစ်နှစ်ဆယ် တိုင်ခဲ့လေပြီ။ အိမ်နီးချင်း တိုင်းပြည်တွေက ကျနော်တို့ကို ကျော်ဖြတ်ကုန်ကြပြီ။ ကျနော်တို့တိုင်းပြည်ကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှ မလွတ်မြောက်နိုင်သေး။ နိုင်ငံတကာအဆင့်မီ ပညာရေး ရရှိရေးမှသည် သယံဇာတ မကုန်ခမ်းရေး၊ စားဝတ်နေမှု ပြေလည်စေရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူ ဆက်ဆံနိုင်ရေး၊ ကမ္ဘာ့အလည် ဂုဏ်သိက္ခာဝင့်ထည်စွာ ရပ်တည်နိုင်သည့် အစိုးရ ပေါ်ပေါက်ရေး အဆုံး စစ်မှန်သော ဒီမိုကရေစီ ကသာလျှင် ဆောင်ကြဉ်းပေးနိုင်ပေလိမ့်မည်။

ထို့ကြောင့် နိုင်ငံသူနိုင်ငံသားအားလုံး မျှော်လင့်တောင့်တလျှက်ရှိသော၊ မရပ်မနား တစိုက်မတ်မတ် တောင်းဆိုနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေး သည် ယနေ့ခေတ်လူငယ်များ အပေါ်တွင်သာမကပဲ လူတန်းစားအလွှာအသီးသီးမှလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့မည်ဆိုလျှင် ပန်းတိုင်သို့ မလွဲမသွေ ရောက်ရှိမည်ဖြစ်ကြောင်း အလေးအနက် ယုံကြည်မိပါသည်။

TP

(၈.၈.၈၈ မှသည် ယနေ့အချိန်ထိ စွန့်လွတ်အနစ်နာခံ၍ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသော အကိုကြီး အမကြီးများသို့ …)

Read More...

Friday, July 18, 2008

၁၉ ဇူလိုင် မမေ့နိုင်


၁၉.၇.၂၀၀၈ နေ့တွင် ကျရောက်သော (၆၁)နှစ်မြောက် အာဇာနည်နေ့တွင်
တိုင်းပြည်အတွက် ကျဆုံးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား နှမြောတသစွာဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်..။

Read More...

Thursday, June 12, 2008

ပထမအကြိမ် ရေလွှမ်းမိုးခြင်း (၂၀၀၈-ခုနှစ်)

လွန်ခဲ့သောနှစ်များနည်းတူ ယခုနှစ်တွင်လည်း ရေနီမြောင်းရေလျှံမှုကြောင့် လူနေရပ်ကွက်များအတွင်း ရေလွှမ်းမိုးမှုများ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ပါသည်။

ယနေ့နံနက် (၁)နာရီခန့်အချိန်မှစပြီး မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် နံနက် (၅)နာရီလောက်တွင် ရေနီချောင်းတစ်လျှောက်ရှိ တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းမကြီးများပေါ်သို. ရေနီများအရှိန်အဟုန်နှင့် ၀င်ရောက်ခဲ့ပါသည်။ ရေနီချောင်းတစ်လျှောက်ရှိ နေအိမ်များမှာ ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာခံကြရပြီး တောင်ကမ်းပါးယံ အနီးဝန်းကျင်ရှိ နေအိမ်များမှာလည်း မိုးသည်းထန်မှုကြောင့် ကမ်းပါးများပြိုကျကာ နေရာများစွာတွင် အတော်အတန် ထိခိုက်ပျက်စီးခဲ့ရသည်။ ထိခိုက်ပျက်စီးမှု အများဆုံး နေရာများမှာ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲဝန်းကျင်နှင့် မိုးကုတ်မိုတယ် နေရာများ ဖြစ်ကြပြီး စုစုပေါင်း လူ(၁၁)ဦး အသေအပျောက်ရှိခဲ့ပါသည်။ တောင်ပြို၍ု နေအိမ်များပျက်စီးခြင်းကြောင့် အုန်းကိုင်းရွာသစ်တွင် အမျိုးသမီး (၁)ဦး၊ ပိတ်စွယ်ရပ်ကွက်အတွင်းတွင် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး၊ ကလေး (၃)ဦးတို.မြေပိသေဆုံးခဲ့ရပြီး ပန်းခြံထာပွဲတွင် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး တို. ရေနစ်သေဆုံးခဲ့ပါသည်။

မိုးကုတ်မြို.တွင် ကျောက်မျက်အရောင်းအ၀ယ်လုပ်ငန်းများကို အဓိက လုပ်ကိုင်သည့်နေရာ တစ်ခုဖြစ်သော ပန်းခြံထာပွဲမှာလည်း ရွှံ.နွှံများ၊ ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာပြည့်လျှံပိတ်ဆို့လျက်ရှိရာ ကျောက်ကုန်သည်များအဖို. လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။

TP

Read More...