Monday, April 7, 2008

သတင်းစာဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်

ဝါရင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာ သည် ယနေ့ မနက် (၈)နာရီ (၃၇)မိနစ်အချိန်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရပါသည်။

ဆရာမကြီးလူထုဒေါ်အမာသည် ကိုလိုနီခေတ်မှ ယနေ့ခေတ်တိုင် လူထုအပေါ် စာပေဖြင့် အကျိုးပြုခဲ့သော၊ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သော၊ သမိုင်းလှစွာဖြင့် ဇာတ်သိမ်းသွားခဲ့သောသူ ဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်ရှိပြီဖြစ်သည်။

ဆရာမကြီး လူထုဒေါ်အမာ ယခုလို ဆုံးရှုံးသွားရခြင်းအတွက် မိုးကုတ်မီဒီယာ အနေဖြင့်လည်း မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း ...။
TP

Read More...

Thursday, March 13, 2008

စိမ်းလဲ့ကန်သာလမ်း လူသတ်မှု မိုးကုတ်လူထု အထူးစိတ်ဝင်စား

၂၀၀၈-ခု မတ်လ (၃)ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် (၉)ရပ်ကွက်ရှိ စိမ်းလဲ့ကန်သာလမ်း၊ ခြံအမှတ် (၁၂၆)တွင် ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှု မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိရှိဖော်ထုတ်နိုင်ဖို့အတွက် မိုးကုတ်သူ မိုးကုတ်သားတွေက အထူးပဲ စိတ်ဝင်စားနေကြပါတယ်။

အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ကြတဲ့ သူတွေဟာ မိုးကုတ်အဆက်အနွယ်တွေ ဖြစ်ကြပြီး မိုးကုတ်ကျောက်တွင်းလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ကျိကျိတက် ကြွယ်ဝချမ်းသာကြတဲ့ ရှေးသူဌေးကြီးတွေ ဖြစ်ကြပါတယ်။ သေဆုံးကြတဲ့သူတွေကတော့ ဦးချာလီ (ခေါ်) စ၀်ကြည်ဖ (၆၀-နှစ်)၊ ၄င်းရဲ့ဇနီး ဒေါ်စန်းစန်းမြ (၅၈)နှစ်၊ ၄င်းတို့ရဲ့ မွေးစားသမီးတွေ ဖြစ်ကြတဲ့ မမြစန္ဒာ (၃၆)နှစ်၊ မနှင်းပွင့်အေး (၂၇)နှစ် နဲ့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ မအယ်ဖော (၁၅)နှစ် တို့ ဖြစ်ကြပါတယ်။

ဦးစ၀်ကြည်ဖဟာ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန် ရဲ့သားဖြစ်ပြီး ဇနီးသည် ဒေါ်စန်းစန်းမြကတော့ မိုးကုတ်သူဌေးကြီး ဦးမြမောင် ရဲ့သမီးဖြစ်ပါတယ်။ ၄င်းတို့ဇနီးမောင်နှံဟာ သားသမီး မထွန်းကားတဲ့အတွက်ကြောင့် ခင်ပွန်းဘက်က အမျိုးတော်စပ်တဲ့ မမြစန္ဒာနဲ့ မနှင်းပွင့်အေးတို့ကို ခေါ်ယူမွေးစားခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူ ဒေါ်စန်းစန်းမြရဲ့ အဖွားဟာ တစ်ချိန်က မိုးကုတ်မြို့နယ် ကိုးလံရွာ အနီးမှာရှိတဲ့ လူးတွင်းကနေ ကျောက်တွေ အမြောက်အမြားရရှိပြီး အကြီးအကျယ် ကြွယ်ဝချမ်းသာလာခဲ့သူ ဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်သန်း ဟာ မိုးကုတ်မှာ ကျောက်တွင်းတွေ အမြောက်အမြား ပိုင်ဆိုင်ခဲ့ပါတယ်။ ယခု ရွှေဘုံသာအင်းနေရာဟာ အစိုးရကျောက်မျက်ကော်ပိုရေးရှင်းအဖြစ် ပြည်သူပိုင်မသိမ်းခင်က ဒေါ်သန်းပိုင်တဲ့ တွင်းနေရာဖြစ်ပါတယ်။ ဒါတင်မကပဲ တခြားမြို့တွေမှာပါ စီးပွားရေးလုပ်ငန်းကြီးတွေလည်း ရှိခဲ့ပါတယ်။ အခု မန္တလေးမြို့ရဲ့ ၂၂x၂၃ လမ်း၊ ၈၄ လမ်းမှာရှိတဲ့ ဒါးတန်း ဘိလပ်ရည် အချိုရည် စက်ရုံကြီးဟာလည်း ပြည်သူပိုင် မသိမ်းခင်က ဒေါ်သန်း ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်သန်းရဲ့ သားဖြစ်သူ ဦးမြမောင်ဟာ တချိန်က အသုံးအဖြုန်း ပက်စက်တဲ့နေရာမှာ အလွန်မှ နာမည်ကြီးသူ ဖြစ်ပါတယ်။ ဒါကို အမေဖြစ်သူ ဒေါ်သန်းက အလွန်မှ ကျေနပ်နေပါသတဲ့။ ဘာလို့လည်းဆိုတော့ သူ့သား ဦးမြမောင်က စိတ်ရှိလက်ရှိ ပိုက်ဆံဖြုန်းပေးတဲ့ နေ့ဆိုရင် သူတို့ပိုင်တဲ့ ကျောက်တွင်းတွေဟာ ကျောက်တွေ အများကြီး ကျလေ့ရှိသတဲ့။ သူ့သား ပိုက်ဆံမသုံးတဲ့ နေ့တွေ၊ စိတ်မပျော်တဲ့ နေ့တွေဆိုရင်တော့ တွင်းက ကျောက်နည်းနည်းလေးတောင် မထွက်ဖူးတဲ့။ ဒါကြောင့် သူ့သားကို ပိုက်ဆံ စိတ်ရှိလက်ရှိ သုံးဖို့ အမြဲ တိုက်တွန်းနေသတဲ့။
ပြီးတော့ ဦးမြမောင်ကို ... ငါ့သား… အမေတို့ စည်းစိမ်တွေကို ကြိုက်သလောက်သာသုံး။ ဒီတိုင်းပြည်မှာ အမေ မနိုင်တာဆိုလို့ သေမင်းနဲ့ နေ၀င်း နှစ်ခုပဲ ရှိတယ်.. လို့ ပြောရှာသတဲ့။

သူဌေးကြီး ဦးမြမောင်ဟာ စာရေးဆရာကြီး သော်တာဆွေ နဲ့လည်း အင်မတန်မှ ရင်းနှီးပါသတဲ့။ သူနဲ့ပတ်သက်ပြီး စာရေးဆရာကြီး သော်တာဆွေ က ငွေကို လေလိုသုံးတဲ့သူ ဆိုပြီးတော့တောင် သူ့ရဲ့ စာအုပ်ထဲမှာ ရေးဖွဲ့မှတ်တမ်းတင်ခဲ့ပါသေးတယ်။ သူများတွေလို ငွေကို ရေလိုသုံးရင် ခွက်နဲ့ ခပ်နေရလို့ လက်ညောင်းနေဦးမယ်။ ဒီ ဦးမြမောင်ကတော့ ခွက်နဲ့ခပ်နေစရာ မလိုပဲ လေလို သုံးစွဲပစ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာတာကို ဆိုလိုတာ ဖြစ်ပါတယ်။

အခင်းဖြစ်ရပ်မှာ သေဆုံးခဲ့ကြသူ အားလုံးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာကိုယ်စီ ရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ ကြေးစားလူသတ်သမားတွေကို ငှားရမ်းအသုံးပြုပြီး လုပ်ကြံတာ ဖြစ်နိုင်ဖွယ်ရှိပြီး၊ ဒါမှမဟုတ် ယခင်က လုပ်ငန်းအတွေ့အကြုံ ရှိခဲ့ဖူးသူတွေ ပါဝင်ဖွယ်ရှိတယ်လို့လည်း မိုးကုတ်ကလူတွေက ထင်ကြေးပေးနေကြပါတယ်။ နေအိမ်အတွင်းမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ ၉မမ ကျည်ခွံ ၇ခုနဲ့ ကျည်အကောင်း တစ်ခုတို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူ မိသားစုဝင်ထဲမှာ ကျန်ရစ်သူ ဦးသုဇော် (၂၇)နှစ်ဟာ ၄င်းတို့ မိသားစုပိုင် စားသောက်ဆိုင်မှ ည(၇)နာရီအချိန်၊ အိမ်သို့ ပြန်ရောက်လာတဲ့အခါ နေအိမ် အိပ်ခန်းထဲမှာ သွေးအိုင်အတွင်း မိသားစုဝင် ငါးဦးစလုံး သေဆုံးနေတာကို တွေ့ရတဲ့အတွက် ရဲစခန်းသို့ အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဦးသုဇော်ဟာ မမြစန္ဒာရဲ့ ခင်ပွန်းဖြစ်ပြီး လွန်ခဲ့သောနှစ်အတွင်းကမှ လက်ထပ်ထားသူ ဖြစ်ပါတယ်။

ယခု အခင်းမဖြစ်ပွားမှီ လွန်ခဲ့သော ဖေဖော်ဝါရီလကလည်း ၄င်းတို့မိသားစုပိုင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက် ဗောဓိရိပ်သာလမ်းရှိ အမှတ် (၁၅/၁၇) ခြံဝင်းကို ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ဖြင့် ရောင်းချထားခဲ့ကြောင်းလည်း သိရပါတယ်။
S.T.A

Read More...

Friday, February 22, 2008

ရင်ခုန်သံအတုအယောင် (သို့) အခိုးခံရတဲ့ ပို့စ်ကလေး

ကိုယ့်ရဲ့ ရင်ထဲမှာ မွန်းကျပ်နေတာတွေ၊ အစိုင်အခဲ ဖြစ်နေတာတွေကို ရင်ထဲမှာ မဆန့်တော့လို့ ကိုယ့်နှလုံးသားထဲက ပွင့်အံပြီး ထွက်လာခဲ့ရတဲ့ ခံစားချက်တွေကို ဆောင်းဦးသက်သေ၊ အလွမ်းနေကြာရိုင်း၊ ပတ္တမြားတိုင်းပြည် လို့ ခေါင်းစဉ်တပ်ပြီး အက်ဆေးလေးတစ်ပုဒ် ရေးခဲ့မိပါတယ်။

အဲဒီ အက်ဆေးလေးကိုပဲ ဂျာနယ်တစ်စောင်မှာ တိတ်တခိုးလေး ကူးယူဖော်ပြထားတာကို ဖတ်လိုက်ရတယ် ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က ကျနော့်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော် အရမ်းကို ပျော်သွားမိပါတယ်။ အခုလို အသိအမှတ် ပြုခံရတဲ့အတွက် စိတ်ထဲမှာ အရမ်းကို အားတက်သွားမိတာပေါ့။ ပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ ဘယ်ဂျာနယ်များ ဖြစ်လိမ့်မလဲ ဆိုတာကိုပါ သိချင်စိတ်စောနေမိတယ်လေ…။

အခုခေတ် လူတွေ အများဆုံး ဖတ်နေကြတဲ့ ဆေးရောင်စိုစို၊ ဒီဇိုင်းလှလှ၊ စာရွက်ချောချော၊ အရွယ်ခန့်ခန့် Weekly Eleven တို့လို့ The Myanmar Times တို့လို ဂျာနယ်တွေထဲဖြစ်ရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲ မဆီမဆိုင် ဆုတောင်းနေမိသေးတယ်။ ဒါပေမယ့် ကျနော်ထင်သလို မဖြစ်ခဲ့ပါဘူး။ ကျနော့်အက်ဆေးလေးကို မန္တလေးအခြေစိုက် ထုတ်ဝေနေတဲ့ နန်းမြင့် ဆိုတဲ့ ဂျာနယ်ထဲမှာ နန်းဆန်ဆန်၊ မန်းဆန်ဆန် အိနြေ္ဒကြီးတစ်ခွဲသားနဲ့ တွေ့လိုက်ရတယ်လေ။

ဒီ စပါယ်ရှယ်နန်းမြင့် ဆိုတဲ့ ဂျာနယ်ကြီးကို လိုက်ရှာဝယ်ရတာကလည်း အမောသား…။ ပထမဆုံးဝင်ပြီး မေးမိတဲ့ဆိုင်က နန်းမြင့်ဂျာနယ် မတင်ဘူး လို့ မဆိုင်းမတွ ဖြေပါတယ်။ စိတ်ထဲမှာ ဒီ နန်းမြင့်ဂျာနယ်ကြီးကို ဆိုင်တိုင်း မတင်ရကောင်းလား ဆိုပြီးတော့တောင် ဒေါသထွက်နေမိလိုက်သေးတယ်။ နောက်တစ်ဆိုင် မေးပြန်တဲ့အခါမှာလည်း ဆိုင်ရှင်က ကျနော့်ကို အသက်မပြည့်သေးပဲနဲ့ ညစ်ညမ်းစာပေတွေဖတ်တဲ့ ကောင်ကလေးများလား ဆိုပြီး စူးစမ်းတဲ့အကြည့်နဲ့ မျက်မှောင်ကုပ်ကာ ကြည့်ရင်း ကုန်ပြီ လို့ ၀တ်ကျေတန်းကျေ ပြောပါတယ်။ ပထမဆိုင်ထက်စာရင်တော့ ဒီဆိုင်ကလူ ဖြေတာကို ပိုကျေနပ်မိပါတယ်။ တစ်ဆက်တည်း အရင်ဆိုင်ထက်စာရင် ဒီဆိုင်တော့ ပိုပြီး အဆင့်ရှိလိမ့်မယ် လို့လည်း ခံစားလိုက်ရတယ်။
နောက်ထပ်တစ်ဆိုင် ရောက်တော့မှပဲ နန်းမြင့်ဆိုတဲ့ ဂျာနယ်ကြီးကို ပက်ပင်း သွားတွေ့ပါတော့တယ်။ တစ်ဆိုင်တည်းသော ဆိုင်မှာ တစ်စောင်တည်းသာ တင်ထားတဲ့ ဂျာနယ်တော်ကြီးပါတကား…။ ကျနော်လည်း ဘာမှ တွေဝေမနေတော့ပဲ တခြားသူတွေ ၀ယ်သွားမှာကို စိုးရိမ်တဲ့ စိတ်ကြောင့်ရော၊ နောက်ထပ် နန်းမြင့်ဂျာနယ် တင်တဲ့ ဆိုင်ကို ထပ်ရှာဖို့ ခြေကုန်လက်ပမ်း ကျနေပြီ ဖြစ်တဲ့အတွက်ကြောင့်ရော ကမန်းကတမ်း ၀ယ်ချပစ်လိုက်ပါတော့တယ်။ တန်ဖိုးက လေးရာကျပ် ပါ…။

နောက်တော့ ဒီ စပါယ်ရှယ် နန်းမြင့်ဂျာနယ်ကြီးကို ကြံ့ဖွံ့အသင်းကြီးက ဦးစီးထုတ်ဝေတာလို့ သိရပါတယ်။ ကြံ့ဖွံ့ရဲ့ မွန်မြတ်လှတဲ့ စေတနာတွေကို အများပြည်သူတွေ သိရှိနိုင်ဖို့ ရည်ရွယ်ထုတ်ဝေတာ ဖြစ်မယ်။ ဂျာနယ်အရောင်က မွဲခြောက်ခြောက်ကြီးပေမယ့် အတွင်းက စာလုံးပေါင်းတွေက တော်တော်များများ မှန်တာ တွေ့ရတယ်။ ဂျာနယ်မျက်နှာဖုံးမှာတော့ အင်ဂျင်အဟောင်းတွေကို ရေဆေးသန့်စင်ပြီး တပ်ဆင်ထားတဲ့ ပေပါပြားဘော်ဒီနဲ့ စက်မှုဇုံထုတ် ဂျစ်ကားတစ်စင်းကိုပဲ တွေ့ရတယ်။ မင်းသမီးပုံ လှလှလေးများ ပါလေမလားလို့ ရှာကြည့်တော့လည်း မတွေ့မိပြန်ဘူး။ မိန်းမကို စိတ်နာနေကြတဲ့ သူတွေများ စုပြီး စီစဉ်နေကြသလား ဆိုတာ စိတ်ထဲ သံသယ၀င်မိသေးတယ်။ ပြီးတော့ တောင်ရေး မြောက်ရေး ရေးထားတာဆိုတော့ အပတ်စဉ် ပုံမှန်လေးထွက်ဖို့ အပန်းကြီးလှမယ့်ပုံ မပေါ်ဘူး။

ကျနော်တို့ပို့စ်ကို ကော်ပီလုပ်ပြီး ဖော်ပြထားတဲ့ ကလောင်ရှင်နာမည်က သာကီနွယ် တဲ့။ လူကြီးလူကောင်း ဖြစ်ပုံရပါတယ်။ သာကီနွယ် ဆိုတာ မြင့်မြတ်တဲ့ အမျိုးအနွယ် လို့ အဓိပ္ပါယ်ရတယ် မဟုတ်လား။ သူ ဒီလို ကော်ပီ လုပ်ထားတာကိုလည်း လိပ်ပြာသန့်ပုံ ရပါတယ်။ ဘယ်ကနေ ဘယ်လိုယူပြီး ဘယ်သို့ ကိုးကားတယ်ဆိုတာလေးတောင် ထည့်မထားပုံထောက်ရင် ကျနော်တို့တွေ စေတနာ ရက်ရက်ရောရော ရှိလိမ့်မယ်ဆိုတာကို ကြိုသိပုံရပါတယ်။ ဒါကြောင့် ဒီ ပို့စ်ကလေးကို ကလောင်နာမည် ပြောင်းလိုက်တာကလွှဲပြီး ဘာမှ ပြုပြင်မနေတော့ပဲ ၏၊ သည် ... မရွေး ဖော်ပြထားတာပေါ့။ ဒီအတွက် ကျနော်တို့က စိတ်မဆိုးတဲ့အပြင် ၀မ်းတောင် သာသေးတယ်။
ဟုတ်တယ်လေ…။ တကယ်ဆိုရင် ကော်ပီလုပ်တယ်ဆိုတာ မူရင်းအဓိပ္ပါယ်နဲ့ မူရင်းအရသာ မပျက်စေဖို့ အဓိက အကျဆုံးပဲ မဟုတ်လား။ မူရင်း အင်္ဂလိပ်သီချင်းမှာ နားထောင်တဲ့သူကို လွမ်းဆွေးနေစေပြီး၊ ဗမာလို ပြန်ဆိုတဲ့ အခါကျတော့ နားထောင်ရတာ ပျော်စရာ ကောင်းနေတယ်ဆိုရင် သိပ်မနိပ်ပေဘူးပေါ့။ ဒီနေရာမှာတော့ သာကီနွယ် ကိုချီးကျူးရမှာပါ။ မူရင်း အရသာမပျက်စေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ခက်တာက မူရင်း ဗမာလိုရေးထားတာကို ဗမာလို ပြန်ဖော်ပြထားတာလေး တစ်ခုပဲ ပြောစရာ ရှိတာပါ။

ဘာပဲဖြစ်ဖြစ်လေ…။ ကျနော်တို့ကတော့ နန်းမြင့် ဂျာနယ်ကိုရော၊ သာကီနွယ် ကိုပါ ကျေးဇူးတင်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ရဲ့ ပေါ်လစီကိုက ကျနော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျတွေကို လူတွေသိလေ ပိုကောင်းလေ လို့ ကျနော်တို့က ခံယူထားတဲ့ အတွက်ကြောင့်ပါပဲ။ ဒီအတွက် ကျနော်တို့ရဲ့ ဘလော့မှာ အမှတ်တရအဖြစ် မှတ်တမ်းတင် ဖော်ပြလိုက်ရတာဖြစ်ပါတယ်…။

S.T.A

Read More...

Wednesday, January 23, 2008

Essay

ဆောင်းဦးသက်သေ၊ အလွမ်းနေကြာရိုင်း၊ ပတ္တမြားတိုင်းပြည်



(၁)
ဒီအက်ဆေးလေးကိုရေးဖို့ စပြီး စိတ်ကူးနေတုန်း အတွေးထဲကို ပထမဆုံး ၀င်လာတာက ဟိုး … လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်၊ ကျနော်တို့ ကလေးဘ၀တုန်းက ပျော်စရာလေးတွေ၊ ရင်ခုန်စရာတွေနဲ့ အမှတ်ရစရာ အတွေ့အကြုံလေးတွေပဲပေါ့…။
အဲသည်တုန်းက ဒီလို ချမ်းအေးတဲ့ ဆောင်းရာသီကို ရောက်ခဲ့ပြီဆိုရင် အစ်ကိုကြီးတွေ၊ အစ်မကြီးတွေ ကဖြစ်ဖြစ်၊ ဦးဦးတွေ ဒေါ်ဒေါ်တွေက ဖြစ်ဖြစ် ကျနော်တို့ကို ရေခဲချောင်းတွေ လုပ်ကျွေးတတ်ကြတယ်။ အဲသည်တုန်းက ကျနော်တို့က လေးငါးနှစ်သာသာ ကလေးအရွယ်တွေပေါ့။ ရေခဲချောင်းဆိုတာကြီးကို ဘယ် ကြားဖူး၊ မြင်ဖူးပါ့မလဲ..။ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေက ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေကို ရောက်ဖူးကြတော့ ရေခဲချောင်းဆိုတာကြီးကို စားဖူးကြတယ်လေ။
ရေခဲချောင်းလုပ်ရတာက သိပ်မခက်လှပါဘူး။ အိမ်အပြင်ဘက်မှာ နှင်းတွေအရမ်းကျပြီး၊ တအားချမ်းတဲ့ ညတွေမှာ ကျနော်တို့က မီးဖိုနံဘေးမှာ ၀ိုင်းပြီး မီးလှုံနေတုန်း၊ သူတို့က သူတို့လိုချင်တဲ့ လေးထောင့်ခွက်ထဲကို နို့ဆီဖြစ်ဖြစ်၊ သကြားဖြစ်ဖြစ် ရေနွေးနဲ့ဖျော်ပြီး လောင်းထည့်လိုက်ကြတယ်။ ပြီးတော့ အိမ်အပြင်ဘက်ကို ပြေးထွက်သွားပြီး အိမ်ရှေ့က ခေါင်မိုးပေါ်မှာ ခုံနဲ့တက်ပြီးတော့ အဲဒါတွေကို တင်ထားလိုက်ကြတယ်။ ပြီးမှ အိမ်ထဲကို ပါးစပ်ကလည်း တဟီးဟီး တရှူးရှူးနဲ့ ၀င်လာပြီး မီးဖိုဘေးမှာ ၀င်မီးလှုံရင်း ကျနော်တို့ကို ရေခဲချောင်းစားချင်တဲ့သူတွေ မနက်စောစောထကြနော် လို့ မှာလိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ကတော့ သူတို့ကို အထင်ကြီးတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်လို့၊ တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်မှုတွေ ကူးစက်လို့ပေါ့…။
အဲဒီညက ကျနော်တို့တွေ အိပ်ယာဝင်ကြတော့ အတွေးထဲမှာ ရေခဲချောင်းကြီးပါ ခေါ်ရင်း အတူအိပ်ခဲ့ကြတယ်လေ။ နောက်တနေ့မနက်မှာတော့ ကျနော်တို့တတွေ ရင်ခုန်စွာနဲ့ အစောကြီး နိုးနေခဲ့ကြတယ်။ မနက် နေထွက်ချိန်လည်း ရောက်လာရော ကျနော်တို့ကို ခေါ်ပြီး မနေ့ညကတင်ထားတဲ့ ခွက်တွေထဲက အေးခဲနေတဲ့ ရေခဲချောင်းကြီးကို ဇွန်းနဲ့ခွာပြီး ပန်းကန်ထဲကို ထည့်ပေးပါတယ်။ ကျနော်တို့က အံ့သြတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း အဲဒီ ရေခဲချောင်းကြီးကို ၀မ်းသာအားရ ပါးစပ်ထဲမှာ တကျွတ်ကျွတ်မည်အောင် ၀ါးစားပစ်လိုက်တာဟာ တကယ့်ကို ပျော်စရာကြီးပဲလေ။
ကျနော်တို့ ကြီးလာတဲ့အခါကျတော့ (မကြီးတကြီးအချိန်ထိ) ကျနော်တို့အောက်က ညီငယ် ညီမငယ်လေးတွေကို ကိုယ်က ဦးဆောင်ပြီး ရေခဲချောင်းလုပ်နည်း သင်ပေးခဲ့ဖူးတယ်။ ဒီလိုနဲ့ အဲသည်တုန်းက ပတ္တမြားတိုင်းပြည် မှာ ရေခဲချောင်းယဉ်ကျေးမှုဟာ ညီအစ်ကို မောင်နှစ်မတွေရဲ့ ကြားထဲမှာ တကယ် ရှိခဲ့ဖူးတယ်။
ဒီလို ဆောင်းရာသီအချိန်တွေဆိုရင် ကျနော်တို့ ကလေးတွေရဲ့ ဖြူဖွေးနေတဲ့ ပါးပြင်မို့မို့ဖောင်းဖောင်းလေးတွေဟာ နီရဲနေပြီး ပတ်ကြားလေးတွေ အက်နေတတ်တယ်။ ဒီလိုအချိန်မျိုးတွေမှာ အိမ်ကို ဧည့်သည်တွေ လာလို့ရှိရင် ကျနော်တို့တွေက မိဘတွေရဲ့ နောက်မှာ ကွယ်ပြီး ပုန်းပုန်းနေတတ်ကြတယ်။ သူတို့တွေက ချစ်စနိုးနဲ့ ပါးကို ဆိတ်ဆွဲသွားကြမယ်ဆိုတာ ကျနော်တို့က သိနေခဲ့တယ်လေ။ ဒီလို ဆိတ်ဆွဲခံရရင် နာမယ်ဆိုတာကို စိုးရိမ်လို့လည်း ပါတာပေါ့…။
နောက်ထပ် အမှတ်ရစရာတစ်ခုက… မူလတန်းအရွယ် ကျောင်းတက်ရတဲ့ အချိန်တုန်းကပေါ့။ ဒီလို ချမ်းချမ်းစီးစီး ဆောင်းရာသီမှာ ကျနော်တို့တတွေဟာ မနက် နေမထွက်မှီအချိန်ကရင်း ကျောင်းကို စောစော သွားကြရတယ်။ အဲဒီလို ကျောင်းတက်ဖို့ သွားကြပြီဆိုရင် နို့ဆီခွက်ကို သံနဲ့ အပေါက်ဖောက်ပြီး မီးသွေးရဲရဲလေးတွေ ထည့်ထားတဲ့ မီးပုံးကလေးတွေကို လက်ကဆွဲရင်း၊ ဒါမှမဟုတ် လမ်းတစ်လျှောက်မှာ မီးမငြိမ်းသွားအောင် လက်ကယမ်းရင်းနဲ့ ကျောင်းကို ယူသွားကြတယ်။ ကျောင်းကိုရောက်တော့ ဆရာမက စာရေးခိုင်းတဲ့အခါ လက်ကို မီးပုံးလေးမှာ ကင်ရင်း စာတွေ ရေးကြရတယ်လေ။ မီးပုံးမပါတဲ့ သူငယ်ချင်းတွေ ရှိရင်လည်း ပေါင်းပြီး တလှည့်စီ မီးကင်ရင်း စာတွေကို ကူးကြရတာပေါ့။ ဒီလိုနဲ့ ... ကျနော်တို့ရဲ့ လက်သေးသေးလေးတွေကို မီးကင်ရင်း စာလုံးဝိုင်းဝိုင်းလေးတွေကို ကျနော်တို့က ရေးနိုင်ခဲ့ကြတယ်လေ။

(၂)
အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကုန်ဆုံးရင်း၊ ဆောင်းပေါင်းများစွာကို ကျနော်တို့တွေ ဖြတ်သန်းရင်းနဲ့ ကျနော်တို့ဟာ လူကြီးတွေ ဖြစ်လာကြတယ်။ ပညာတတ်ကြီးတွေ ဖြစ်လာရတယ်။ အိမ်ထောင်ရက်သားတွေ ကျကုန်ကြတယ်။ စည်းကမ်းရှိတဲ့ မိခင်ကောင်းတွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုပါပဲ… ကျနော်တို့ ငယ်စဉ် ကလေးဘ၀တုန်းက တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ကလေးဆုပ်ရင်း၊ သွက်သွက်လေးလျှောက်ခဲ့ကြရတဲ့ တောအုပ်ကလေးတွေ နေရာမှာလည်း မြို့ပြအဆောက်အအုံတွေ ရောက်ရှိလို့ လာခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့တတွေ ရောင်စုံပန်းပွင့်တွေကြားမှာ ပျော်ရွှင်မြူးတူးစွာ ပြေးလွှားဆော့ကစားခဲ့ကြတဲ့ မြက်ခင်းပြင်တွေ နေရာဟာလည်း လူတွေစွန့်ပစ်သွားခဲ့တဲ့ ရေအိုင်ငယ်တွေအဖြစ် ပြောင်းလဲကုန်ပါတော့တယ်။ ငှက်ကလေးတွေရဲ့ တေးဆိုတဲ့အသံကြားလို့ ကျနော်တို့တတွေ မော့ကြည့်ခဲ့တဲ့ သစ်ပင်ကြီးတွေဟာလည်း ကျနော်တို့ရဲ့ မြင်ကွင်းတွေရှေ့မှာ ပျောက်ကွယ်သွားခဲ့ကြပြီပေါ့။ စိမ်းလန်းတဲ့ တောင်တန်းတွေခမျာလည်း မွဲခြောက်ပြီး ဖြူဖတ်ဖြူလျော်ဖြစ်လို့…။
ခုတော့ ကျနော်တို့ရဲ့ ရင်သွေးလေးတွေဟာ ကျနော်တို့ ကလေးဘ၀တုန်းကလို ရေခဲချောင်းတွေ မလုပ်စားတတ်ကြတော့ဘူး။ ပြီးတော့ သူတို့ရဲ့ ပါးပြင်တွေဟာ နီရဲမနေကြတော့ဘူး။ ပြီးတော့ နို့ဆီခွက်အဟောင်းတွေကို ရှာပြီး သံနဲ့ အပေါက်ဖောက်နေစရာ မလိုတော့ဘူးလေ…။ ကျနော်တို့တွေချစ်တဲ့၊ အခုထက်ထိ အမှတ်ရနေသေးတဲ့၊ ကျနော်တို့ကို ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့ ဒီလို ချမ်းအေးတဲ့ ဆောင်းရာသီကလေးကို ကျနော်တို့ ရင်ထဲမှာ ဘယ်တော့မှ မေ့လို့ရဦးမှာ မဟုတ်ဘူးလေ။ ပတ္တမြားတိုင်းပြည်ကနေ တိတ်တဆိတ် ပျောက်ကွယ်သွားတဲ့ ဆောင်းပေါင်းများစွာကို ကျနော်တို့တတွေရဲ့ မြေးမြစ်လက်ထက်ကျရင်ကော ပြန်များ ရနိုင်ဦးမှာလား…။

(၃)


ဆောင်းကိုရောက်ပြီဆိုတာနဲ့ အရင်ဆုံး စတွေ့ရတာက နေကြာရိုင်းပင်တွေလေ။ ဆောင်းရဲ့ သင်္ကေတတွေပေါ့။ သူ့ရဲ့ အပွင့်တွေက ၀ါဝါထိန်ထိန်။ ပွင့်လိုက်ရင်လည်း အဖော်နဲ့ အပေါင်းနဲ့၊ အုပ်နဲ့ သင်းနဲ့၊ တစ်တောလုံး တစ်တောင်လုံး ပန်းပွင့်ဝါတွေနဲ့ ဖုံးချပစ်လိုက်တာ တကယ့်ကို အားရစရာ၊ ပျော်စရာကြီး။ လီဆူ သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ မြေးတွေကို ပြောကြတယ်။ နေကြာရိုင်းတွေ များများပွင့်လေ၊ ဆောင်းက ပိုအေးလေ တဲ့။ ဆောင်းက တစ်နှစ်ထက်တစ်နှစ် အအေးတွေ လျော့လျော့လာတော့ နေကြာရိုင်းတွေ များများပွင့်ခွင့်မရခဲ့တာ ၀မ်းနည်းမိလိုက်တာ…။




နေကြာရိုင်းတွေ တစ်ပင်နဲ့တစ်ပင် အားကျမခံ အပြိုင်အဆိုင် ပွင့်ကြပြီဆိုရင်ဖြင့် တစ်တောင်လုံးကို ၀င်းလို့ ၀ါလို့နဲ့ တမျှော်တခေါ်ကြီးလေ။ ဒီလိုအချိန်ကို ရောက်ပြီဆိုရင် လူတွေ အဖက်လုပ်မခံရတော့တဲ့ တောင်ကတုံးတွေ၊ တောင်ကိုယ်လုံးတီးတွေဟာ နေကြာရိုင်းပွင့်တွေကြောင့် လူရာဝင်လို့ပေါ့…။ ဒီအတွက် သူတို့တွေခမျာ နေကြာရိုင်းပင်လေးတွေကို ကျေးဇူးတင်နေကြမှာပါ။ ဆောင်းကို မျှော်ကြတဲ့အထဲမှာ သူတို့တွေလည်း ပါကြမှာပါ။ တကယ်တော့ ဒီ တောင်တန်းအိုကြီးတွေရဲ့ ကိုယ်ပေါ်မှာ သစ်ပင်ပျိုတွေနဲ့ စိမ်းလန်းနေရမှာ ဖြစ်ပေမယ့်… အခုတော့ နေကြာရိုင်းပင်လေးတွေက တောင်တန်းအိုရဲ့ အလှကို ရှိတဲ့ အားနဲ့မာန်လေးနဲ့ တဒင်္ဂ အလှဆင်ပေးကြတာဟာ တကယ့်ကို အားနာစရာ ကောင်းလိုက်တာ…။


(၄)
နေကြာရိုင်းလေးရေ… တကယ်လို့သာ ဒီပတ္တမြား တိုင်းပြည်ကို ဗင်းဆင့်ဗန်ဂိုး ဆိုတဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီးသာ ရောက်ခဲ့မယ်ဆိုရင် ဒီလို အ၀ါရောင်ပန်းပွင့်တွေနဲ့ လွှမ်းခြုံနေတဲ့ တောင်တန်းတွေကို မြင်လိုက်ရတဲ့အခါ ပန်းချီမဆွဲပဲ နေနိုင်ရှာမယ် မထင်ဘူး။ ဗင်ဂိုးရဲ့ အကြိုက်ဆုံးအရောင်က အ၀ါရောင်တဲ့…။ တကယ်လို့သာ သူ့ရဲ့ ကင်းဗတ်ပေါ်မှာ ဒီပတ္တမြားတိုင်းပြည်မှာ ပွင့်နေတဲ့ နေကြာရိုင်းပန်းတွေကို စုတ်တံနဲ့ ရေးဆွဲခွင့်ရခဲ့မယ်ဆိုရင် သူ့ရဲ့ ကမ္ဘာကျော် ပန်းချီကားတစ်ချပ် ဖြစ်တဲ့ နေကြာပန်း (The Sunflower) ကို ကြိုးစားရေးဆွဲခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲပေါ့။


ဒီလို ၀င်းဝါနေတဲ့ နေကြာရိုင်းလေးတွေကို ကြည့်ရင်း အတွေးထဲမှာ စိတ်ကူးနေတုန်း လီဆူဓမ္မတေးရေးဆရာ လတ်ယေရှဲ ရဲ့ တေးသွားတစ်ပိုဒ်က လေအဝှေ့မှာ ပျံ့လွှင့်လို့ လာပါတော့တယ်…။

x x လန်းလန်းဆန်းဆန်းဖူးပွင့် x x ချယ်ရီပန်းတွေ
ဝင်းဝင်းဝါ x x နေကြာရိုင်းပန်းတွေ
လောကကို x x ပန်းချီဆရာ ခြယ်မှုန်းထား x x
x x သိပ်ကို လှပလို့နေ x x ကျေးဇူးတော် ချီးမွှမ်းမဆုံးနိုင်ပေ… x x

S.T.A

Read More...

Tuesday, January 15, 2008

Literary Award

ဒုတိယအကြိမ်မြောက် သဟာယစာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မ ရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် ဒုတိယအကြိမ်မြောက် သဟာယစာပေဆု ကို THE WAVES မဂ္ဂဇင်းအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယခင်က… စာပေဆုများ ပေးအပ်ချီးမြှင့်ကြရာတွင် စာရေးဆရာ လူပုဂ္ဂိုလ် ကိုသော်လည်းကောင်း၊ ၄င်း၏ လက်ရာမြောက် စာအုပ်ကိုသော်လည်းကောင်း ရွေးချယ်ချီးမြှင့်ခဲ့ကြသည့် အစဉ်အလာ ရှိခဲ့သော်ငြားလည်း ယခုလို မဂ္ဂဇင်းတစ်ခုအား ရွေးချယ်ပေးအပ် ချီးမြှင့်ခြင်းမှာ မြန်မာစာပေလောကသမိုင်းတွင် ထူးခြားသော မှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။

ယနေ့အချိန်တွင် မဂ္ဂဇင်းများ ဂျာနယ်များ အုံနှင့်ကျင်းနှင့်၊ ထုနှင့်ထည်နှင့် ဗွက်ပေါက်မတတ်၊ ပလူပျံအောင် ထွက်ရှိနေသော်လည်း ယနေ့ခေတ်လူငယ်များအား နောက်ကျကျန်ရစ်မနေရလေအောင်၊ အတွေးသစ်၊ အမြင်သစ်များနှင့် ပြောင်းလဲနေသော ကမ္ဘာ့ရေစီးကြောင်းကို မိတ်ဆက်ပေးနေသည့် စာစောင်များမှာ အနည်းငယ်သာ ရှိပါသည်။ ထိုအထဲတွင် THE WAVES မဂ္ဂဇင်းမှာ အထင်ကရ ပါဝင်လျှက်ရှိသည်။

THE WAVES မဂ္ဂဇင်း အမှတ်(၁)ကို ၂၀၀၆-ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေခဲ့ပါသည်။ ဆရာကျော်ဝင်းသည် THE WAVES မဂ္ဂဇင်း မတိုင်မှီ မိုးဂျာနယ် ကိုလည်း ထုတ်ဝေခဲ့ရာ မိုးဂျာနယ် အမှတ်(၁၀)အား အောက်တိုဘာ ၂၀၀၅တွင် နောက်ဆုံးထုတ်အနေဖြင့် ထုတ်ဝေခဲ့ပြီး နှုတ်ဆက်ရပ်နားခဲ့ရပါသည်။ ယခု ဆုချီးမြှင့်ခံရသော လှိုင်းများ ဟု အဓိပ္ပါယ်ရသည့် THE WAVES မဂ္ဂဇင်းမှာ မိုးဂျာနယ်၏ အဆက်ပင် ဖြစ်ပါသည်။

THE WAVES မဂ္ဂဇင်းသည် ယနေ့ လူငယ်ထုများကြားတွင် သီးသန့်ပရိသတ် အခိုင်အမာရရှိထားသော မဂ္ဂဇင်း ဖြစ်ပါသည်။ THE WAVES မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင်များမှာ ကျော်ဝင်း၊ ရွှေကျော် နှင့် နေမျိုးသူရ တို့ဖြစ်ကြပြီး မဂ္ဂဇင်းတိုက်ကို အမှတ်(၂၁၇) ပထမထပ် (၀ဲ)၊ ဆိပ်ကမ်းသာလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။

စင်စစ် ကျနော်တို့တတွေမှာ လှိုင်းများကို ဖြတ်သန်းနေကြရသူများ ဖြစ်မည်ထင်ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ကျနော်တို့တတွေမှာ လှိုင်းများကို ဖြတ်သန်းနေကြရသည် ဖြစ်ရာ၊ လှိုင်းတွေနှင့် ရှောင်လွှဲ မရတော့ပါ။ လှိုင်းထန်လေထန်ခရီးတွင် နစ်မသွားစေပဲ ကျကျနန လှိုင်းစီးနိုင်ဖို့ဆိုလျှင် လှိုင်းတို့၏ သဘာဝကို သိထားဖို့ လိုမည် ထင်ပါသည်။

THE WAVES ၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးချီ လှိုင်းလုံးကြီးများ၏ ခြေရာကို မြန်မာစာပေ စာမျက်နှာများထက်သို့ တတ်စွမ်းသမျှ တင်ပြပေးဖို့ ဖြစ်ပါကြောင်း...၊ မဂ္ဂဇင်းအဖွင့်တွင် ဖော်ပြပါရှိပါသည်။

S.T.A

Read More...

Monday, December 31, 2007

Hoping to New Year 2008

၂၀၀၇-ခုနှစ်အတွင်း အခြေအနေအရပ်ရပ်တို့သည် အားလုံးသိကြသည့်အတိုင်း အပြောင်းအလဲ၊ အလှုပ်အယမ်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ကျနော်တို့ မြန်မာဘလော့ဂါ လောကတွင်လည်း …

- အမ်ဘီအက်စ် ..။
- ဘလော့များတွင် မြန်မာစာလုံးကို အဆင်ပြေလှပစွာ အသုံးပြုနိုင်ရန်အတွက် အခမဲ့သုံးစွဲခွင့်ပြုပေးခဲ့သော အယ်လ်ဖာမှ ဇော်ဂျီ ..
- လေ့လာအသုံးချလိုသူများအတွက် သတင်းအချက်အလက်များ၊ ဘာသာစကားများ၊ ဘလော့နည်းပညာများနှင့် အခြား ဗဟုသုတများကို တကူးတက စေတနာထားကာ ပို့စ်တင်ပေးကြသော ဘလော့များ ..။ ဘလော်ဂါများ ..။
- လူငယ်များဦးစီးကာ စည်းစည်းလုံးလုံးဖြင့် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ကြသော ဘလော့ဆမီနာများ ..။
အစရှိသဖြင့် အဆင့်အတန်းရှိသော လုပ်ရပ်များ လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်များ ဖြစ်ခဲ့ကြသည်။
အယူအဆမတူညီကြသော်လည်း အောင်မြင်စွာတွဲဖက် အလုပ်လုပ်ကိုင်နိုင်သည့် အတွေ့အကြုံများ ရရှိခဲ့ကြသည်။

ယခုလာမည့် ၂၀၀၈-ခုနှစ်တွင်လည်း ထိုထက်ပို၍ ကောင်းမွန်သော၊ များပြားသော မှတ်တိုင်များကို စိုက်ထူနိုင်မည်ဟု မျှော်လင့်မိပါသည်။

မိတ်ဆွေများအား နှစ်ကူးလက်ဆောင်အနေဖြင့်...
၂၀၀၇-ခုနှစ် အမျိုးသားစာပေဆုရ (ဘာသာပြန်-သုတ) စာအုပ်တစ်အုပ်ဖြစ်သော
ဆရာကျော်ဝင်း၏ ကမ္ဘာပြားပြီ စာအုပ်အဖုံးမှ စာသားများအား
ဂရုပြု ဆင်ခြင်နိုင်မိရန် တင်ပေးလိုက်ပါသည်။

ဂူးဂဲလ်ကဲ့သို့သော ရှာစက်များက ကမ္ဘာကြီးကို အပြားခတ်လိုက်သည်ဆိုသည်မှာ …
ချိုင့်ဝှမ်းများ၊ တောင်ကုန်းများကို ဆွဲညှိလိုက်ခြင်း ဖြစ်သည်။
ဤတွင် ချိုင့်ဝှမ်းများ၊ တောင်ကုန်း၊ တံတိုင်းနှင့် ကျောက်ဆောင်များတွင် ပုန်းအောင်းနေသူများအတွက်
ပုန်းခိုစရာနေရာမရှိ ဖြစ်လာရတော့သည်။
သို့အတွက် ...
ဘ၀တွင် ရိုးသားစွာအသက်ရှင်နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဟု ဆိုရတော့မည် ဖြစ်ပါသည်။
အကြောင်းမူ သင်ပြုသမျှ အပြုအမူတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ အသေအချာ ဖော်ထုတ်ခံရနိုင်သောကြောင့် ဖြစ်သည်။
ကမ္ဘာကြီး ပိုပြားလာသည့်နှင့်အမျှ သာမန်လူများကို အရာရာ ထိုးဖောက်မြင်နိုင်စွမ်းသော နတ်မျက်စိ တပ်ပေးလိုက်သလိုရှိလာသည်။

အရပ်ရပ် အခြေအနေအောက်တွင်..၊
အပြောင်းအလဲ လှိုင်းလုံးကြီးများကြားတွင်..၊
နှစ်မြုပ်မကျန်ရစ်ဘဲ..၊
လှိုင်းထန်လှေဆန်ခရီးကို အောင်မြင်စွာ ဆန်တက်နိုင်ရေးမှာ
ကျနော်တို့ခေတ်၏ အကြီးဆုံးစိန်ခေါ်မှုဟု
ဆိုနိုင်လိမ့်မည် ဖြစ်ပါသည်။
ဤစိန်ခေါ်မှုကြီးကို တုံ့ပြန်ရင်ဆိုင်နိုင်ရေးမှာ
လွယ်လိမ့်မည်မဟုတ်သလို
ရှောင်တိမ်း၍ ရနိုင်ဖွယ်ရာလည်း မမြင်ပါ။
မလွဲမရှောင်သာ ဖောက်ထွက်ရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။
T.P

Read More...

Saturday, December 29, 2007

Gems from Mogok

Name of Gems Obtained at Mogok Stone Tract

STA

Read More...