Thursday, March 13, 2008

စိမ်းလဲ့ကန်သာလမ်း လူသတ်မှု မိုးကုတ်လူထု အထူးစိတ်ဝင်စား

၂၀၀၈-ခု မတ်လ (၃)ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် (၉)ရပ်ကွက်ရှိ စိမ်းလဲ့ကန်သာလမ်း၊ ခြံအမှတ် (၁၂၆)တွင် ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှု မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိရှိဖော်ထုတ်နိုင်ဖို့အတွက် မိုးကုတ်သူ မိုးကုတ်သားတွေက အထူးပဲ စိတ်ဝင်စားနေကြပါတယ်။

အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ကြတဲ့ သူတွေဟာ မိုးကုတ်အဆက်အနွယ်တွေ ဖြစ်ကြပြီး မိုးကုတ်ကျောက်တွင်းလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ကျိကျိတက် ကြွယ်ဝချမ်းသာကြတဲ့ ရှေးသူဌေးကြီးတွေ ဖြစ်ကြပါတယ်။ သေဆုံးကြတဲ့သူတွေကတော့ ဦးချာလီ (ခေါ်) စ၀်ကြည်ဖ (၆၀-နှစ်)၊ ၄င်းရဲ့ဇနီး ဒေါ်စန်းစန်းမြ (၅၈)နှစ်၊ ၄င်းတို့ရဲ့ မွေးစားသမီးတွေ ဖြစ်ကြတဲ့ မမြစန္ဒာ (၃၆)နှစ်၊ မနှင်းပွင့်အေး (၂၇)နှစ် နဲ့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ မအယ်ဖော (၁၅)နှစ် တို့ ဖြစ်ကြပါတယ်။

ဦးစ၀်ကြည်ဖဟာ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန် ရဲ့သားဖြစ်ပြီး ဇနီးသည် ဒေါ်စန်းစန်းမြကတော့ မိုးကုတ်သူဌေးကြီး ဦးမြမောင် ရဲ့သမီးဖြစ်ပါတယ်။ ၄င်းတို့ဇနီးမောင်နှံဟာ သားသမီး မထွန်းကားတဲ့အတွက်ကြောင့် ခင်ပွန်းဘက်က အမျိုးတော်စပ်တဲ့ မမြစန္ဒာနဲ့ မနှင်းပွင့်အေးတို့ကို ခေါ်ယူမွေးစားခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူ ဒေါ်စန်းစန်းမြရဲ့ အဖွားဟာ တစ်ချိန်က မိုးကုတ်မြို့နယ် ကိုးလံရွာ အနီးမှာရှိတဲ့ လူးတွင်းကနေ ကျောက်တွေ အမြောက်အမြားရရှိပြီး အကြီးအကျယ် ကြွယ်ဝချမ်းသာလာခဲ့သူ ဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်သန်း ဟာ မိုးကုတ်မှာ ကျောက်တွင်းတွေ အမြောက်အမြား ပိုင်ဆိုင်ခဲ့ပါတယ်။ ယခု ရွှေဘုံသာအင်းနေရာဟာ အစိုးရကျောက်မျက်ကော်ပိုရေးရှင်းအဖြစ် ပြည်သူပိုင်မသိမ်းခင်က ဒေါ်သန်းပိုင်တဲ့ တွင်းနေရာဖြစ်ပါတယ်။ ဒါတင်မကပဲ တခြားမြို့တွေမှာပါ စီးပွားရေးလုပ်ငန်းကြီးတွေလည်း ရှိခဲ့ပါတယ်။ အခု မန္တလေးမြို့ရဲ့ ၂၂x၂၃ လမ်း၊ ၈၄ လမ်းမှာရှိတဲ့ ဒါးတန်း ဘိလပ်ရည် အချိုရည် စက်ရုံကြီးဟာလည်း ပြည်သူပိုင် မသိမ်းခင်က ဒေါ်သန်း ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်သန်းရဲ့ သားဖြစ်သူ ဦးမြမောင်ဟာ တချိန်က အသုံးအဖြုန်း ပက်စက်တဲ့နေရာမှာ အလွန်မှ နာမည်ကြီးသူ ဖြစ်ပါတယ်။ ဒါကို အမေဖြစ်သူ ဒေါ်သန်းက အလွန်မှ ကျေနပ်နေပါသတဲ့။ ဘာလို့လည်းဆိုတော့ သူ့သား ဦးမြမောင်က စိတ်ရှိလက်ရှိ ပိုက်ဆံဖြုန်းပေးတဲ့ နေ့ဆိုရင် သူတို့ပိုင်တဲ့ ကျောက်တွင်းတွေဟာ ကျောက်တွေ အများကြီး ကျလေ့ရှိသတဲ့။ သူ့သား ပိုက်ဆံမသုံးတဲ့ နေ့တွေ၊ စိတ်မပျော်တဲ့ နေ့တွေဆိုရင်တော့ တွင်းက ကျောက်နည်းနည်းလေးတောင် မထွက်ဖူးတဲ့။ ဒါကြောင့် သူ့သားကို ပိုက်ဆံ စိတ်ရှိလက်ရှိ သုံးဖို့ အမြဲ တိုက်တွန်းနေသတဲ့။
ပြီးတော့ ဦးမြမောင်ကို ... ငါ့သား… အမေတို့ စည်းစိမ်တွေကို ကြိုက်သလောက်သာသုံး။ ဒီတိုင်းပြည်မှာ အမေ မနိုင်တာဆိုလို့ သေမင်းနဲ့ နေ၀င်း နှစ်ခုပဲ ရှိတယ်.. လို့ ပြောရှာသတဲ့။

သူဌေးကြီး ဦးမြမောင်ဟာ စာရေးဆရာကြီး သော်တာဆွေ နဲ့လည်း အင်မတန်မှ ရင်းနှီးပါသတဲ့။ သူနဲ့ပတ်သက်ပြီး စာရေးဆရာကြီး သော်တာဆွေ က ငွေကို လေလိုသုံးတဲ့သူ ဆိုပြီးတော့တောင် သူ့ရဲ့ စာအုပ်ထဲမှာ ရေးဖွဲ့မှတ်တမ်းတင်ခဲ့ပါသေးတယ်။ သူများတွေလို ငွေကို ရေလိုသုံးရင် ခွက်နဲ့ ခပ်နေရလို့ လက်ညောင်းနေဦးမယ်။ ဒီ ဦးမြမောင်ကတော့ ခွက်နဲ့ခပ်နေစရာ မလိုပဲ လေလို သုံးစွဲပစ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာတာကို ဆိုလိုတာ ဖြစ်ပါတယ်။

အခင်းဖြစ်ရပ်မှာ သေဆုံးခဲ့ကြသူ အားလုံးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာကိုယ်စီ ရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ ကြေးစားလူသတ်သမားတွေကို ငှားရမ်းအသုံးပြုပြီး လုပ်ကြံတာ ဖြစ်နိုင်ဖွယ်ရှိပြီး၊ ဒါမှမဟုတ် ယခင်က လုပ်ငန်းအတွေ့အကြုံ ရှိခဲ့ဖူးသူတွေ ပါဝင်ဖွယ်ရှိတယ်လို့လည်း မိုးကုတ်ကလူတွေက ထင်ကြေးပေးနေကြပါတယ်။ နေအိမ်အတွင်းမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ ၉မမ ကျည်ခွံ ၇ခုနဲ့ ကျည်အကောင်း တစ်ခုတို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူ မိသားစုဝင်ထဲမှာ ကျန်ရစ်သူ ဦးသုဇော် (၂၇)နှစ်ဟာ ၄င်းတို့ မိသားစုပိုင် စားသောက်ဆိုင်မှ ည(၇)နာရီအချိန်၊ အိမ်သို့ ပြန်ရောက်လာတဲ့အခါ နေအိမ် အိပ်ခန်းထဲမှာ သွေးအိုင်အတွင်း မိသားစုဝင် ငါးဦးစလုံး သေဆုံးနေတာကို တွေ့ရတဲ့အတွက် ရဲစခန်းသို့ အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဦးသုဇော်ဟာ မမြစန္ဒာရဲ့ ခင်ပွန်းဖြစ်ပြီး လွန်ခဲ့သောနှစ်အတွင်းကမှ လက်ထပ်ထားသူ ဖြစ်ပါတယ်။

ယခု အခင်းမဖြစ်ပွားမှီ လွန်ခဲ့သော ဖေဖော်ဝါရီလကလည်း ၄င်းတို့မိသားစုပိုင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက် ဗောဓိရိပ်သာလမ်းရှိ အမှတ် (၁၅/၁၇) ခြံဝင်းကို ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ဖြင့် ရောင်းချထားခဲ့ကြောင်းလည်း သိရပါတယ်။
S.T.A

2 comments:

Khin said...

ဂျပန်ဆိုင်ရောက်ဖူးတယ်

စကော်ပီယံ ဂိုဏ်းကလူငယ်တွေလဲ ကျက်စားတတ်တယ်

ပိုင်ရှင်က ဂျပန်ပြန်လို့ ကြားတာဘဲ

သားမက်ကိုလဲမသင်္ကာမှုနဲ့ ဖမ်းထာတယ် လို့ ဘလောက်တခုမှာ ဖတ်ရတယ်

သတ်တဲ့လူလဲဖမ်းမိတယ် ပြောတယ်

အတွင်းသိဘဲလုပ်ကြံတာဖြစ်နိုင်တယ်

အိမ်ထဲဝင်လို့ ရတာကိုး

အိမ်ရောင်းတော့ အမွေကိစ္စ ငွေကိစ္စဘဲနေမှာပေါ့

Khin said...

ဓါတ်ပုံတွေ တွေ့ ရတာစိတ်မကောင်းလိုက်တာ

တို့ လည်းအဝေးကနေစုံထောက်လုပ်နေတယ်။

သူတို့ အိမ်က အပျိုတွေ ရဲ့ရည်းစားတွေများကြံတာလားလို့ ထင်ရတယ်။

ထင်တာတွေပြောတာနော် ဘာမှမသိဘူး

မြန်မြန်မိပါစေ ဆုတောင်းနေတယ်။