ဆောင်းဦးသက်သေ၊ အလွမ်းနေကြာရိုင်း၊ ပတ္တမြားတိုင်းပြည်
(၁)
ဒီအက်ဆေးလေးကိုရေးဖို့ စပြီး စိတ်ကူးနေတုန်း အတွေးထဲကို ပထမဆုံး ၀င်လာတာက ဟိုး … လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်၊ ကျနော်တို့ ကလေးဘ၀တုန်းက ပျော်စရာလေးတွေ၊ ရင်ခုန်စရာတွေနဲ့ အမှတ်ရစရာ အတွေ့အကြုံလေးတွေပဲပေါ့…။
အဲသည်တုန်းက ဒီလို ချမ်းအေးတဲ့ ဆောင်းရာသီကို ရောက်ခဲ့ပြီဆိုရင် အစ်ကိုကြီးတွေ၊ အစ်မကြီးတွေ ကဖြစ်ဖြစ်၊ ဦးဦးတွေ ဒေါ်ဒေါ်တွေက ဖြစ်ဖြစ် ကျနော်တို့ကို ရေခဲချောင်းတွေ လုပ်ကျွေးတတ်ကြတယ်။ အဲသည်တုန်းက ကျနော်တို့က လေးငါးနှစ်သာသာ ကလေးအရွယ်တွေပေါ့။ ရေခဲချောင်းဆိုတာကြီးကို ဘယ် ကြားဖူး၊ မြင်ဖူးပါ့မလဲ..။ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေက ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေကို ရောက်ဖူးကြတော့ ရေခဲချောင်းဆိုတာကြီးကို စားဖူးကြတယ်လေ။
ရေခဲချောင်းလုပ်ရတာက သိပ်မခက်လှပါဘူး။ အိမ်အပြင်ဘက်မှာ နှင်းတွေအရမ်းကျပြီး၊ တအားချမ်းတဲ့ ညတွေမှာ ကျနော်တို့က မီးဖိုနံဘေးမှာ ၀ိုင်းပြီး မီးလှုံနေတုန်း၊ သူတို့က သူတို့လိုချင်တဲ့ လေးထောင့်ခွက်ထဲကို နို့ဆီဖြစ်ဖြစ်၊ သကြားဖြစ်ဖြစ် ရေနွေးနဲ့ဖျော်ပြီး လောင်းထည့်လိုက်ကြတယ်။ ပြီးတော့ အိမ်အပြင်ဘက်ကို ပြေးထွက်သွားပြီး အိမ်ရှေ့က ခေါင်မိုးပေါ်မှာ ခုံနဲ့တက်ပြီးတော့ အဲဒါတွေကို တင်ထားလိုက်ကြတယ်။ ပြီးမှ အိမ်ထဲကို ပါးစပ်ကလည်း တဟီးဟီး တရှူးရှူးနဲ့ ၀င်လာပြီး မီးဖိုဘေးမှာ ၀င်မီးလှုံရင်း ကျနော်တို့ကို ရေခဲချောင်းစားချင်တဲ့သူတွေ မနက်စောစောထကြနော် လို့ မှာလိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ကတော့ သူတို့ကို အထင်ကြီးတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်လို့၊ တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်မှုတွေ ကူးစက်လို့ပေါ့…။
အဲဒီညက ကျနော်တို့တွေ အိပ်ယာဝင်ကြတော့ အတွေးထဲမှာ ရေခဲချောင်းကြီးပါ ခေါ်ရင်း အတူအိပ်ခဲ့ကြတယ်လေ။ နောက်တနေ့မနက်မှာတော့ ကျနော်တို့တတွေ ရင်ခုန်စွာနဲ့ အစောကြီး နိုးနေခဲ့ကြတယ်။ မနက် နေထွက်ချိန်လည်း ရောက်လာရော ကျနော်တို့ကို ခေါ်ပြီး မနေ့ညကတင်ထားတဲ့ ခွက်တွေထဲက အေးခဲနေတဲ့ ရေခဲချောင်းကြီးကို ဇွန်းနဲ့ခွာပြီး ပန်းကန်ထဲကို ထည့်ပေးပါတယ်။ ကျနော်တို့က အံ့သြတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း အဲဒီ ရေခဲချောင်းကြီးကို ၀မ်းသာအားရ ပါးစပ်ထဲမှာ တကျွတ်ကျွတ်မည်အောင် ၀ါးစားပစ်လိုက်တာဟာ တကယ့်ကို ပျော်စရာကြီးပဲလေ။
ကျနော်တို့ ကြီးလာတဲ့အခါကျတော့ (မကြီးတကြီးအချိန်ထိ) ကျနော်တို့အောက်က ညီငယ် ညီမငယ်လေးတွေကို ကိုယ်က ဦးဆောင်ပြီး ရေခဲချောင်းလုပ်နည်း သင်ပေးခဲ့ဖူးတယ်။ ဒီလိုနဲ့ အဲသည်တုန်းက ပတ္တမြားတိုင်းပြည် မှာ ရေခဲချောင်းယဉ်ကျေးမှုဟာ ညီအစ်ကို မောင်နှစ်မတွေရဲ့ ကြားထဲမှာ တကယ် ရှိခဲ့ဖူးတယ်။
ဒီလို ဆောင်းရာသီအချိန်တွေဆိုရင် ကျနော်တို့ ကလေးတွေရဲ့ ဖြူဖွေးနေတဲ့ ပါးပြင်မို့မို့ဖောင်းဖောင်းလေးတွေဟာ နီရဲနေပြီး ပတ်ကြားလေးတွေ အက်နေတတ်တယ်။ ဒီလိုအချိန်မျိုးတွေမှာ အိမ်ကို ဧည့်သည်တွေ လာလို့ရှိရင် ကျနော်တို့တွေက မိဘတွေရဲ့ နောက်မှာ ကွယ်ပြီး ပုန်းပုန်းနေတတ်ကြတယ်။ သူတို့တွေက ချစ်စနိုးနဲ့ ပါးကို ဆိတ်ဆွဲသွားကြမယ်ဆိုတာ ကျနော်တို့က သိနေခဲ့တယ်လေ။ ဒီလို ဆိတ်ဆွဲခံရရင် နာမယ်ဆိုတာကို စိုးရိမ်လို့လည်း ပါတာပေါ့…။
နောက်ထပ် အမှတ်ရစရာတစ်ခုက… မူလတန်းအရွယ် ကျောင်းတက်ရတဲ့ အချိန်တုန်းကပေါ့။ ဒီလို ချမ်းချမ်းစီးစီး ဆောင်းရာသီမှာ ကျနော်တို့တတွေဟာ မနက် နေမထွက်မှီအချိန်ကရင်း ကျောင်းကို စောစော သွားကြရတယ်။ အဲဒီလို ကျောင်းတက်ဖို့ သွားကြပြီဆိုရင် နို့ဆီခွက်ကို သံနဲ့ အပေါက်ဖောက်ပြီး မီးသွေးရဲရဲလေးတွေ ထည့်ထားတဲ့ မီးပုံးကလေးတွေကို လက်ကဆွဲရင်း၊ ဒါမှမဟုတ် လမ်းတစ်လျှောက်မှာ မီးမငြိမ်းသွားအောင် လက်ကယမ်းရင်းနဲ့ ကျောင်းကို ယူသွားကြတယ်။ ကျောင်းကိုရောက်တော့ ဆရာမက စာရေးခိုင်းတဲ့အခါ လက်ကို မီးပုံးလေးမှာ ကင်ရင်း စာတွေ ရေးကြရတယ်လေ။ မီးပုံးမပါတဲ့ သူငယ်ချင်းတွေ ရှိရင်လည်း ပေါင်းပြီး တလှည့်စီ မီးကင်ရင်း စာတွေကို ကူးကြရတာပေါ့။ ဒီလိုနဲ့ ... ကျနော်တို့ရဲ့ လက်သေးသေးလေးတွေကို မီးကင်ရင်း စာလုံးဝိုင်းဝိုင်းလေးတွေကို ကျနော်တို့က ရေးနိုင်ခဲ့ကြတယ်လေ။
(၂)
အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကုန်ဆုံးရင်း၊ ဆောင်းပေါင်းများစွာကို ကျနော်တို့တွေ ဖြတ်သန်းရင်းနဲ့ ကျနော်တို့ဟာ လူကြီးတွေ ဖြစ်လာကြတယ်။ ပညာတတ်ကြီးတွေ ဖြစ်လာရတယ်။ အိမ်ထောင်ရက်သားတွေ ကျကုန်ကြတယ်။ စည်းကမ်းရှိတဲ့ မိခင်ကောင်းတွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုပါပဲ… ကျနော်တို့ ငယ်စဉ် ကလေးဘ၀တုန်းက တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ကလေးဆုပ်ရင်း၊ သွက်သွက်လေးလျှောက်ခဲ့ကြရတဲ့ တောအုပ်ကလေးတွေ နေရာမှာလည်း မြို့ပြအဆောက်အအုံတွေ ရောက်ရှိလို့ လာခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့တတွေ ရောင်စုံပန်းပွင့်တွေကြားမှာ ပျော်ရွှင်မြူးတူးစွာ ပြေးလွှားဆော့ကစားခဲ့ကြတဲ့ မြက်ခင်းပြင်တွေ နေရာဟာလည်း လူတွေစွန့်ပစ်သွားခဲ့တဲ့ ရေအိုင်ငယ်တွေအဖြစ် ပြောင်းလဲကုန်ပါတော့တယ်။ ငှက်ကလေးတွေရဲ့ တေးဆိုတဲ့အသံကြားလို့ ကျနော်တို့တတွေ မော့ကြည့်ခဲ့တဲ့ သစ်ပင်ကြီးတွေဟာလည်း ကျနော်တို့ရဲ့ မြင်ကွင်းတွေရှေ့မှာ ပျောက်ကွယ်သွားခဲ့ကြပြီပေါ့။ စိမ်းလန်းတဲ့ တောင်တန်းတွေခမျာလည်း မွဲခြောက်ပြီး ဖြူဖတ်ဖြူလျော်ဖြစ်လို့…။
ခုတော့ ကျနော်တို့ရဲ့ ရင်သွေးလေးတွေဟာ ကျနော်တို့ ကလေးဘ၀တုန်းကလို ရေခဲချောင်းတွေ မလုပ်စားတတ်ကြတော့ဘူး။ ပြီးတော့ သူတို့ရဲ့ ပါးပြင်တွေဟာ နီရဲမနေကြတော့ဘူး။ ပြီးတော့ နို့ဆီခွက်အဟောင်းတွေကို ရှာပြီး သံနဲ့ အပေါက်ဖောက်နေစရာ မလိုတော့ဘူးလေ…။ ကျနော်တို့တွေချစ်တဲ့၊ အခုထက်ထိ အမှတ်ရနေသေးတဲ့၊ ကျနော်တို့ကို ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့ ဒီလို ချမ်းအေးတဲ့ ဆောင်းရာသီကလေးကို ကျနော်တို့ ရင်ထဲမှာ ဘယ်တော့မှ မေ့လို့ရဦးမှာ မဟုတ်ဘူးလေ။ ပတ္တမြားတိုင်းပြည်ကနေ တိတ်တဆိတ် ပျောက်ကွယ်သွားတဲ့ ဆောင်းပေါင်းများစွာကို ကျနော်တို့တတွေရဲ့ မြေးမြစ်လက်ထက်ကျရင်ကော ပြန်များ ရနိုင်ဦးမှာလား…။
(၃)
ဆောင်းကိုရောက်ပြီဆိုတာနဲ့ အရင်ဆုံး စတွေ့ရတာက နေကြာရိုင်းပင်တွေလေ။ ဆောင်းရဲ့ သင်္ကေတတွေပေါ့။ သူ့ရဲ့ အပွင့်တွေက ၀ါဝါထိန်ထိန်။ ပွင့်လိုက်ရင်လည်း အဖော်နဲ့ အပေါင်းနဲ့၊ အုပ်နဲ့ သင်းနဲ့၊ တစ်တောလုံး တစ်တောင်လုံး ပန်းပွင့်ဝါတွေနဲ့ ဖုံးချပစ်လိုက်တာ တကယ့်ကို အားရစရာ၊ ပျော်စရာကြီး။ လီဆူ သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ မြေးတွေကို ပြောကြတယ်။ နေကြာရိုင်းတွေ များများပွင့်လေ၊ ဆောင်းက ပိုအေးလေ တဲ့။ ဆောင်းက တစ်နှစ်ထက်တစ်နှစ် အအေးတွေ လျော့လျော့လာတော့ နေကြာရိုင်းတွေ များများပွင့်ခွင့်မရခဲ့တာ ၀မ်းနည်းမိလိုက်တာ…။
နေကြာရိုင်းတွေ တစ်ပင်နဲ့တစ်ပင် အားကျမခံ အပြိုင်အဆိုင် ပွင့်ကြပြီဆိုရင်ဖြင့် တစ်တောင်လုံးကို ၀င်းလို့ ၀ါလို့နဲ့ တမျှော်တခေါ်ကြီးလေ။ ဒီလိုအချိန်ကို ရောက်ပြီဆိုရင် လူတွေ အဖက်လုပ်မခံရတော့တဲ့ တောင်ကတုံးတွေ၊ တောင်ကိုယ်လုံးတီးတွေဟာ နေကြာရိုင်းပွင့်တွေကြောင့် လူရာဝင်လို့ပေါ့…။ ဒီအတွက် သူတို့တွေခမျာ နေကြာရိုင်းပင်လေးတွေကို ကျေးဇူးတင်နေကြမှာပါ။ ဆောင်းကို မျှော်ကြတဲ့အထဲမှာ သူတို့တွေလည်း ပါကြမှာပါ။ တကယ်တော့ ဒီ တောင်တန်းအိုကြီးတွေရဲ့ ကိုယ်ပေါ်မှာ သစ်ပင်ပျိုတွေနဲ့ စိမ်းလန်းနေရမှာ ဖြစ်ပေမယ့်… အခုတော့ နေကြာရိုင်းပင်လေးတွေက တောင်တန်းအိုရဲ့ အလှကို ရှိတဲ့ အားနဲ့မာန်လေးနဲ့ တဒင်္ဂ အလှဆင်ပေးကြတာဟာ တကယ့်ကို အားနာစရာ ကောင်းလိုက်တာ…။
(၄)
နေကြာရိုင်းလေးရေ… တကယ်လို့သာ ဒီပတ္တမြား တိုင်းပြည်ကို ဗင်းဆင့်ဗန်ဂိုး ဆိုတဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီးသာ ရောက်ခဲ့မယ်ဆိုရင် ဒီလို အ၀ါရောင်ပန်းပွင့်တွေနဲ့ လွှမ်းခြုံနေတဲ့ တောင်တန်းတွေကို မြင်လိုက်ရတဲ့အခါ ပန်းချီမဆွဲပဲ နေနိုင်ရှာမယ် မထင်ဘူး။ ဗင်ဂိုးရဲ့ အကြိုက်ဆုံးအရောင်က အ၀ါရောင်တဲ့…။ တကယ်လို့သာ သူ့ရဲ့ ကင်းဗတ်ပေါ်မှာ ဒီပတ္တမြားတိုင်းပြည်မှာ ပွင့်နေတဲ့ နေကြာရိုင်းပန်းတွေကို စုတ်တံနဲ့ ရေးဆွဲခွင့်ရခဲ့မယ်ဆိုရင် သူ့ရဲ့ ကမ္ဘာကျော် ပန်းချီကားတစ်ချပ် ဖြစ်တဲ့ နေကြာပန်း (The Sunflower) ကို ကြိုးစားရေးဆွဲခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲပေါ့။
ဒီလို ၀င်းဝါနေတဲ့ နေကြာရိုင်းလေးတွေကို ကြည့်ရင်း အတွေးထဲမှာ စိတ်ကူးနေတုန်း လီဆူဓမ္မတေးရေးဆရာ လတ်ယေရှဲ ရဲ့ တေးသွားတစ်ပိုဒ်က လေအဝှေ့မှာ ပျံ့လွှင့်လို့ လာပါတော့တယ်…။
x x လန်းလန်းဆန်းဆန်းဖူးပွင့် x x ချယ်ရီပန်းတွေ
ဝင်းဝင်းဝါ x x နေကြာရိုင်းပန်းတွေ
လောကကို x x ပန်းချီဆရာ ခြယ်မှုန်းထား x x
x x သိပ်ကို လှပလို့နေ x x ကျေးဇူးတော် ချီးမွှမ်းမဆုံးနိုင်ပေ… x x
S.T.A